သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၀န်ထမ်းတွေကို သင်တန်းပေးဖို့ Starbucks ဆိုင်ခွဲများ တရက်ပိတ်ခဲ့


အမေရိကန် Starbucks ကုမ္ပဏီဟာ နိုင်ငံတဝှမ်းမှာရှိတဲ့ သူ့ရဲ့ဆိုင်ခွဲပေါင်း ၈၀၀၀ ကို အင်္ဂါနေ့က တရက်တာ ပိတ်ပစ်ခဲ့ပြီး Starbucks ကော်ဖီဆိုင်တွေမှာ ခွဲခြားဆက်ဆံမှုတွေ မရှိစေဖို့အတွက် ဝန်ထမ်းပေါင်း တသိန်းခုနှစ်သောင်းငါးထောင်ကို လေးနာရီကြာ သင်တန်း ပေးခဲ့ပါတယ်။

ပြီးခဲ့တဲ့လတုန်းက ဖီလာဒဲဖီးယားမြို့က Starbucks ကော်ဖီဆိုင်တခုမှာ လူမဲအမျိုးသားနှစ်ဦး ဖမ်းဆီးခံခဲ့ရတဲ့ ဖြစ်ရပ်ကြောင့်လည်း အခုလို Starbucks ဆိုင်တွေပိတ်ပြီး ဝန်ထမ်းတွေကို ဆက်ဆံရေးသင်တန်းပေးတာတွေ ဖြစ်လာခဲ့တာပါ။

ကော်ဖီဆိုင်ထဲမှာ ဘာမှဝယ်မစားဘဲ သူငယ်ချင်းကို ထိုင်စောင့်နေကြတာလို့ ဆိုတဲ့ လူမည်းအမျိုးသားနှစ်ဦးကို Starbucks ဝန်ထမ်းတဦးက ရဲခေါ်ပြီး ဖမ်းဆီးခိုင်းခဲ့တာနဲ့ပတ်သက်လို့ ဒါဟာ လူမျိုးရေးခွဲခြားတဲ့လုပ်ရပ်ဆိုပြီး Starbucks အပေါ် ဝေဖန် ကန့်ကွက်မှုတွေ ပြင်းပြင်းထန်ထန် ဖြစ်ခဲ့တာပါ။

ဒီဖြစ်ရပ်နောက်ပိုင်း အခုလို သင်တန်းတွေ ပို့ချရတဲ့ အဓိကအချက်ကတော့ လူမျိုးရေးကွဲပြားမှုတွေ မရှိသယောင် လုပ်ပြီး ဆက်ဆံတာမျိုးထက် ကွဲပြားမှုကို လက်ခံပြီး ခွဲခြားဆက်ဆံတာမျိုး မလုပ်ဖို့ဖြစ်တယ်လို့ Starbucks ကုမ္ပဏီ အကြီးအကဲ စီအီးအို Kevin Johnson က ပြောပါတယ်။ ဖမ်းဆီးခံခဲ့ရတဲ့ Nelson and Robinson တို့နှစ်ဦးကိုတော့ ဘယ်လောက်ဆိုတာ အတိအကျမသိရတဲ့ ငွေကြေးပမာနတခုနဲ့ အမှုကို ကြေအေးစေခဲ့ပြီး သူတို့နှစ်ဦးရဲ့ ပညာရေးစရိတ်တွေကိုလည်း Starbucks က ကျခံပေးမယ့်အကြောင်း ကမ်းလှမ်းခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG