သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်နယ်နှင့် တိုင်း ဝန်ကြီးချုပ်များ ခန့်အပ်


ရန်ကုန်တိုင်း လွှတ်တော်
ရန်ကုန်တိုင်း လွှတ်တော်

တိုင်းနဲ့ ပြည်နယ် ၁၄ နေရာအတွက် ဝန်ကြီးချုပ်တွေကို ဒီကနေ့ သက်ဆိုင်ရာ ပြည်နယ်အသီးသီးမှာ ခန့်အပ်ဖို့ ရွေးကောက်ခံ သမ္မတ ဦးထင်ကျော်က အဆိုပြုလိုက်ပါပြီ။ ပြည်နယ်နဲ့ တိုင်းအားလုံးမှာ ဝန်ကြီးချုပ်တွေအဖြစ် အမျိုူသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီကိုယ်စားလှယ်တွေကို အဆိုတင်သွင်းလိုက်တာကြောင့် တိုင်းရင်းသားပါတီတစ်ချို့မှာ သဘောထားကွဲလွဲမှုတွေရှိနေပေမယ့်လို့ ဝန်ကြီးချုပ်အဖြစ် လျာထားခြင်း ခံရသူအများစု ကတော့ အစိုးရသစ်လက်ထက်မှာ ဦးစားပေးလုပ်ဆောင်သွားမယ့် အကြောင်းအရာတွေနဲ့ ပတ်သတ်ပြီး ဗွီအိုအေကို အတည်ပြု ပြောကြားထားပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် မေခက ပြောပြပေးမှာပါ။

ရန်ကုန်တိုင်း၊ ရှမ်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်အပါအဝင် ပြည်နယ်နဲ့ တိုင်း ဒေသကြီး ၁၄ နေရာအတွက် ဝန်ကြီးချုပ်အဖြစ် ခန့်အပ်သွားမယ့် သူ ၁၄ ဦးကို ရွေးကောက်ခံ သမ္မတ ဦးထင်ကျော်က သက်ဆိုင်ရာ လွှတ်တော်အသီးသီးကို အဆိုပြုလိုက်ပါတယ်။ ကချင်ပြည်နယ်အတွက် ဒေါက်တာခက်အောင်၊ ကယားပြည်နယ်အတွက် ဦးအယ်ဖောင်းရှီု၊ ကရင်ပြည်နယ် အတွက် ဒေါ်နန်းခင်ထွေးမြင့်၊ ချင်းပြည်နယ် ဝန်ကြီးချုပ်အဖြစ် ဦးဆလိုင်းလျန်လွယ်၊ မွန်ပြည်နယ်အတွက် ဦးမင်းမင်းဦး၊ ရခိုင်ပြည်နယ်အတွက် ဦးညီပု၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်အဖြစ် ဒေါက်တာလင်းထွဋ် ၊ရန်ကုန်တိုင်း ဝန်ကြီးချုပ်အတွက် ဦးဖြိုးမင်းသိန်း စစ်ကိုင်းတိုင်းဒေသကြီးအတွက် ဒေါက်တာမြင့်နိုင်၊ တနင်္လာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်အဖြစ် ဒေါက်တာ လဲ့လဲ့မော်၊ ပဲခူးတိုင်း ဒေသကြီး ဝန်ကြီးချုပ်အဖြစ် ဦးဝင်းသိန်း၊ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်အဖြစ် ဒေါက်တာ အောင်မိုးညို၊ မန္တလေးတိုင်းဒေသကြီးအတွက် ဒေါက်တာ ဇော်မြင့်မောင် ၊ ဧရာဝတီတိုင်း ဝန်ကြီးချုပ်အဖြစ် ဦးမန်းဂျော်နီတို့ကို ခန့်အပ်ဖို့ ရွေးချယ်ခံ သမ္မတ ဦးထင်ကျော်က အဆိုပြုခဲ့တာပါ။

ရန်ကုန်တိုင်း ဝန်ကြီးချုပ်အဖြစ် အဆိုပြုခြင်းခံရသူ ဦးဖြိုးမင်းသိန်းကို လွတ်တော်တိုင်း ကန့်ကွက်သူမရှိပဲနဲ့ ဝန်ကြီးချုပ်အဖြစ်ဒီကနေ့မှာပဲအတည်ပြုလိုက်ပါပြီ။ ရန်ကုန်တိုင်းဒေသကြီး အတွင်းမှာ ရှိတဲ့ အလုပ်လက်မဲ့ များပြားနေတဲ့ ပြသနာတွေ၊ အမှိုက်သရိုက်များပြားတဲ့ အခြေအနေအပါအဝင် ကဏ္ဍပေါင်းစုံအတွက် အကျိုးရှိအောင် ကြိုးစားသွားမယ်လို့ ဦးဖြိုးမင်းသိန်းက ဒီကနေ့ လွှတ်တော်အပြီးမှာ ပြောဆိုလိုက်ပါတယ်။

“ကျနော်တို့ရန်ကုန်တိုင်းဟာ အခက်အခဲတွေ စိန်ခေါ်မှုတွေ အများကြီးရှိတဲ့ နေရာဒေသတခုဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ စီးပွားရေးမြို့တော်ကြီးလည်းဖြစ်တယ်။ ဒီရန်ကုန်တိုင်းအတွင်းမှာ ကားကြပ်တဲ့ပြဿနာတွေ ၊ အခု မိုးရာသီမှာ ရေကြီးရေလျှံဖြစ်နေတဲ့ပြဿနာတွေ ၊ မြို့ထဲမှာ အမှိုက်တွေ စုပုံနေတဲ့ အခြေအနေတွေ ၊ နောက်ပြီးတော့ အလုပ်လက်မဲ့ပြဿနာတွေ ကျနော်တို့တိုင်းပြည်က နိုင်ငံခြားရင်းနှီးမြှပ်နှံမှုတွေ လာတဲ့နေရာမှာ ကြုံတွေ့နေရတဲ့ အခြားခြားသော အခက်အခဲတွေ ကျနော်တို့မြို့မှာ ကျနော်တို့ ရန်ကုန်တိုင်း အတွင်းမှာ အများကြီးရှိပါတယ်။ ဒီအခြေအနေတွေအားလုံးကို ကျနော်တို့ တတ်စွမ်းသရွေ့အစွမ်းကုန် ဖြေရှင်းနိုင်အောင် ကျနော်တို့ ကြိုးပမ်းပါမယ်။

ဒေါက်တာလဲ့လဲမော်ဟာ တနင်္လာရီတိုင်းဒေသကြီးအတွက် ဝန်ကြီးချုပ်အဖြစ် သမ္မတက အဆိုပြုထားတဲ့ အမျိုးသမီး ၂ ဦးထဲကတစ်ဦးဖြစ်ပါတယ်။ အစိုးရသစ် လက်ထက် ကျရင် ဒေသဖွံဖြိုးတိုးတက်ဖို့အတွက် ကြိုးစားလုပ်ကိုင်သွားမယ်လို့ သူက ပြောပါတယ်။

“ ဖွံဖြိုးတိုးတက်ရေးဆိုတာ အမတို့ဒေသကလေ လယ်ယာစိုက်ပျိုးရေးဖြစ်ထွန်းတဲ့ ဒေသကို၊ အထက် ဗမာပြည်လိုပါပဲ လယ်ယာစိုက်ပျိုးရေးရှိတယ်။ နောက်ပြီးတော့ သားငါးနဲ့ ရေလုပ်ငန်းပေါ့နော် အဲဒါလေးနည်းနည်းပိုတာပါပဲ။ အမတော့ စိုက်ပျိုးရေးလုပ်ငန်းကိုပဲ ဖွံ့ဖြိုးတိုးတက်အောင် လုပ်ချင်ပါတယ်။ လက်မှုလယ်ယာကနေ၊ စက်မှုလယ်ယာကို ပြောင်းပြီးတော့မှ အမတို့က အဲဒီလိုမျိုး လယ်ယာကဏ္ဍ ကိုပဲ တိုးတက်ဖြစ်ထွန်းအောင်လုပ်ချင်ပါတယ်။”

ရွေးကောက်ခံ သမ္မတဦးထင်ကျော်ဟာ တိုင်းနဲ့ ပြည်နယ် ဝန်ကြီးချုပ် ၁၄ နေရာလုံးအတွက် ဝန်ကြီးချုပ်တွေကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင် လွှတ်တော် ကိုယ်စားလှယ်တွေကိုပဲ အဆိုပြုခဲ့တဲ့အတွက် တစ်ချို့ တိုင်းရင်းသားပါတီကြားမှာလည်း သဘောထားကွဲလွဲမှုတွေ ထွက်ပေါ်ခဲ့ပါတယ်။ အထူးသဖြင့်တော့ ရခိုင်ပြည်နယ်မှာ အများစု အနိုင်ရထားတဲ့ ရခိုင်အမျိုးသားပါတီက ဝန်ကြီးချုပ်နေရာမရရှိတဲ့အပေါ်မှာ သဘောထား တင်းမာမှုတွေရှိနေပြီး ရှမ်းပြည်နယ်မှာလည်း ရှမ်းတိုင်းရင်းသား မဟုတ်တဲ့ ဒေါက်တာ လင်းထွဋ်ကို ဝန်ကြီးချုပ်အဖြစ် အဆိုပြုခဲ့တဲ့အတွက် တိုင်းရင်းသားတွေအရေး အလေးထား လုပ်ကိုင်နိုင်ပါ့မလားဆိုပြီး စိုးရိမ်မှုတွေလည်း ရှိနေပါတယ်။

ရှမ်းပြည်နယ် ဝန်ကြီးချုပ်အဖြစ် ဒီကနေ့ လွှတ်တော်မှာ အတည်ပြုလိုက်တဲ့ ဒေါက်တာလင်းထွဋ်ကတော့ အဲဒီ့ ဝေဖန်မှုတွေ စိုးရိမ်မှုတွေကို ချုပ်ငြိမ်းအောင် လုပ်ကိုင်သွားမယ် လို့ ကတိပေးပြောဆိုခဲ့ပါတယ်။

“ကျနော်ပြောရမယ် ဆိုရင်တော့ ရှမ်းပြည်နယ်မှာ ဖြေရှင်းသွားရမယ့် ပြဿနာတွေတော့ အများကြီးဖြစ်ပါတယ်ခင်ဗျာ။ အရင်ဆုံးဖြေရှင်းရမှာကတော့ ပြည်နယ်အတွင်းမှာ တိုင်းရင်းသား လူမျိုးအချင်းအချင်းရင်ကြားစေ့နိုင်ရေးနဲ့ လက်နက်ကိုင် တိုက်ခိုက်မှုများ လျှော့ချနိုင်ရေးပေါ့နော် အဲဒါကို အရင်ဆုံးလုပ်ရပါမယ်။ အဲဒါပြီးတော့မှ ငြိမ်းချမ်းရေးကို ဆက်သွားရပါမယ်။ ကျနော်က ဒေသခံ မဟုတ်ပေမယ့်လည်း ရှမ်းပြည်နယ်မှာ အနှစ် ၃၀ နေလာခဲ့ဖူးတဲ့ ၊ နေလာခဲ့ပြီးတဲ့ ပုဂ္ဂိုလ်တယောက်ဖြစ်ပါတယ်။ ပြီးတော့ ကျနော့်အမျိုးသမီးကလည်း ရှမ်းတိုင်းရင်းသူတယောက်ဖြစ်ပါတယ်။ အဲတော့ ဘယ်လိုပဲဖြစ်ပါစေပေါ့နော် အဓိကတော့ လူမျိုးထက် ဘယ်သူရွေ့အောင်ရွှေ့ပေးမှာလည်း ဒီဒိန်ခဲကို ဘယ်သူ ရွှေ့မှာလည်း ဆိုတဲ့အချက်က ပိုပြီးတော့ အဓိကကျတယ်လို့ထင်ပါတယ်။။ အဲဒီဒိန်ခဲ ကို ကျနော်ရွေ့ပေးမယ် ကျနော် ရွှေ့ဖို့ကြိုးစားပါမယ်။”

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်အဖြစ် အဆိုပြုထားတဲ့ ဒေါက်တာမြင့်နိုင်ကတော့ အစိုးရသစ်လက်ထက်မှာ သူလုပ်ဆောင်မယ့် အကြောင်းအရာတွေနဲ့ ပတ်သတ်လို့ အခုလို ပြောပါတယ်။

“အခုဟာက ၅ နှစ်တာလုံး ထိန်းသိမ်းရမှာက အဂတိတရား လေးပါးရှင်းတဲ့ သန့်ရှင်းတဲ့အစိုးရတရပ်ဖြစ်လာအောင် အဲဒါတော့ စောင့်ထိန်းရမှာပေါ့။”

ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၂၆၁ ခ အရ နိုင်ငံတော် သမ္မတက တိုင်းဒေသကြီး ဒါမှမဟုတ် ပြည်နယ်လွှတ်တော်အတွက် သတ်မှတ်ထားတဲ့ အရည်အချင်းနဲ့ ပြည့်မှီပြီး သင့်လျော်တဲ့ လွှတ်တော်ကိုယ်စားလှယ်တစ်ဥိးအား ရွေးချယ်ကာ သက်ဆိုင်ရာ လွှတ်တော်ကို ပေးပို့ပြီး သဘောတူညီချက် ရယူရမှာ ဖြစ်ပါတယ်။ ဝန်ကြီးချုပ်အဖြစ် တာဝန်ပေးအပ်ခြင်းခံရတဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်တွေဟာ ဧပြီလ ၁ ရက်နေ့မှာ စတင် တာဝန်ထမ်းဆောင်ရမှာဖြစ်ပါတယ်။

XS
SM
MD
LG