သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုင်းနဲ့ပြည်နယ် ဝန်ကြီးချုပ်နေရာ NLD ကိုယ်စားလှယ်တွေပဲ လျာထား


အနိုင်ရပါတီအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌနဲ့ လွှတ်တော် ကိုယ်စားလှယ်များ။
အနိုင်ရပါတီအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌနဲ့ လွှတ်တော် ကိုယ်စားလှယ်များ။

NLD အစိုးရသစ် လက်ထက် တိုင်းနဲ့ပြည်နယ်အစိုးရတွေ ဖွဲ့စည်းတဲ့အခါမှာ တိုင်းနဲ့ပြည်နယ် ဝန်ကြီးချုပ်အားလုံးကို NLD ပါတီရဲ့ လွှတ်တော် ကိုယ်စားလှယ်တွေကိုပဲ ခန့်အပ်သွားမှာဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် က ပြောလိုက်ပါတယ်။ ပြည်နယ်လွှတ်တော်တွေမှာ အတော့်အသင့် အနိုင်ရခဲ့တဲ့ ဒေသခံအခြေခံ တိုင်းရင်းသားပါတီတွေကတော့ ဒီလိုရွေးချယ်မှုမျိုးကို မလိုလားကြပါဘူး။ တိုင်းရင်းသားပါတီတွေဟာ ပြည်ထောင်စုအဆင့်ကို ရည်မှန်းတာ မဟုတ်ပဲ ပြည်နယ်အဆင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဖို့လိုလားတယ်ဆိုတဲ့အချက်ကို ထည့်သွင်း စဉ်းစားဖို့လိုတယ် လို့ ပြောနေကြပါတယ်။ စုံစမ်းမေးမြန်းထားတဲ့ ဗွီအိုအေ သတင်းထောက် ကိုထက်အောင် သတင်းပေးပို့ထားပါတယ်။

လာမယ့် ဧပြီလဆန်းမှာ စတင်ဖွဲ့စည်းမယ့် အစိုးရသစ် လက်ထက်မှာ ရွေးကောက်ပွဲ အနိုင်ရ NLD ပါတီအနေနဲ့ ပြည်နယ် တိုင်း ဝန်ကြီးချုပ်နေရာတွေကို သူတို့ ပါတီရဲ့ အရွေးကောက်ခံ ကိုယ်စားလှယ် တွေကို ခန့်အပ်သွားမယ်လို့ NLD ပါတီ ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဦးဝင်းထိန်က ပြောပါတယ်။ ဒါပေမဲ့လို့ တိုင်းရင်းသားရေးရာ ဝန်ကြီး နေရာတွေ နဲ့ တခြား အုပ်ချုပ်ရေး နေရာတွေအတွက် သက်ဆိုင်ရာ တိုင်းရင်းသားပါတီတွေနဲ့ အတူလက်တွဲ လုပ်ဆောင်သွားမယ်လို့ ဦးဝင်းထိန်က ပြောပါတယ်။

" အန်ကယ်လ်တို့ ဝန်ကြီးချုပ်တွေ ခေါင်းဆောင်ပြီးတော့ အစိုးရအဖွဲ့ ဖွဲ့တဲ့အခါမှာ သူတို့အထဲကလည်း အရည်အချင်းရှိတဲ့သူတွေကို တာဝန်ပေးမှာပေါ့။ ရာ ထားတာတော့ ရာ ထားပြီးပြီ ဒါပေမဲ့ ခင်ဗျားတို့ကို မပြောသေးဘူး။ ရေးရာ ဝန်ကြီးတွေ ကတော့ သူ့ပါတီကလည်း ဖြစ်မယ်၊ ကိုယ့်ပါတီကလည်း ဖြစ်မယ်၊ တိုင်းရင်းသားတွေလည်း ဖြစ်မယ်။ အဲ့တာတော့ စုပေါင်းစပ်ပေါင်းကတော့ ပါမှာပဲ။"

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီအနေနဲ့ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ ရှမ်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်ကလွဲလို့ ကျန်တိုင်းနဲ့ ပြည်နယ် ၁၂ ခုမှာ အများစု အနိုင်ရ ရှိထားတာပါ။ ဒါကြောင့်လည်း ရှမ်းပြည်နယ်မှာ အများစု အနိုင်ရရှိထားတဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်(SNLD ) နဲ့ ရခိုင်ပြည်နယ်မှာ အနိုင်ရတဲ့ ရခိုင်အမျိုးသား ပါတီ (ANP) ပါတီထဲက ကိုယ်စားလှယ်တွေကို ပြည်နယ် ဝန်ကြီးချုပ်တွေ အဖြစ် နေရာပေးမလားဆိုပြီး အစောပိုင်းက သတင်းအမျိုးမျိုး ထွက်ပေါ်ခဲ့ပါတယ်။ ဒါပေမဲ့လည်း NLD ပါတီက အခုလို ပြောဆိုလိုက်မှုအပေါ်မှာ ရခိုင်အမျိုးသားပါတီက ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်က အခုလို ပြောပါတယ်။

"၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို မကြိုက်တဲ့ ပုဂ္ဂိုလ်ချင်းအတူတူ ဒီ ၂၀၀၈ ဖွဲ့စည်းပုံမှာ ပေးထားတဲ့ တိုင်းရင်းသားရင်ကြားစေ့ရေးအတွက် အနှောင့်အယှက်ဖြစ်တဲ့ ပုဒ်မ ၂၆၁ဖြစ်တဲ့ သမ္မတရဲ့ လုပ်ပိုင်ခွင့်၊ တိုင်းရင်းသားပါတီများဟာ ဘယ်တော့မှ ပြည်ထောင်စု တခုလုံးကို နိုင်တဲ့ ပါတီ နောင်လည်း မဖြစ်ဘူး။ အခုလည်း မဖြစ်ဘူး။ အဲ့တာကြောင့်မို့ ပြည်ထောင်စုရဲ့ သမ္မတ မည်သူ့အခါမှ မဖြစ်တဲ့ တိုင်းရင်းသားပါတီများရဲ့ ရည်မှန်းချက်သည် ကိုယ့်အမျိုးသား ပြည်နယ်လေးတွေမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ဆိုတဲ့ ဦးတည်ချက်နဲ့ သွားပါတယ်။ အဲ့ဒီ့ကဏ္ဍလေး သေးသေးလေးကိုတောင်မှ ဒီဖွဲ့စည်းပုံကို ပြင်ဖို့ ရည်မှန်းချက် တူတဲ့ ပါတီအချင်းချင်း ဒီရခိုင်ပြည်နယ်အစိုးရ ဖွဲ့စည်းရေး အင်မတန်အရေးကြီးတဲ့ဟာကို ဘယ်လိုဖြေရှင်းမလဲဆိုတဲ့ ချဉ်းကပ်မှုဟာ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးအတွက် ကျနော်တို့ အင်မတန်အရေးကြီးတဲ့ အချက်တခု ဟုတ်မဟုတ် ပြည်ထောင်စု တည်ငြိမ်အေးချမ်းရေးနဲ့ သက်ဆိုင်ရာ အမျိုးသား ပြည်နယ်တခုရဲ့ တည်ငြိမ်အေးချမ်းမှုအပေါ် အထောက်အကူပေးနိုင်ခြင်း ဆိုတဲ့ ရည်မှန်းချက်အကောင်အထည်ဖော်နိုင်မှု အဖြေပဲ ဖြစ်ရပါမယ်။"

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်ကတော့ နောက် လာမယ့် အစိုးရသစ် လက်ထက်ကျရင် တစ်နိုင်ငံလုံး စစ်မှန်တဲ့ ငြိမ်းချမ်းရေး ရဖို့နဲ့ တိုင်းရင်းသားများ အားလုံးပါဝင်တဲ့ ဖယ်ဒရယ် ပြည်ထောင်စု တည်ထောင်ဖို့ အရေးတွေကို ဆောင်ရွက်သွားမယ်လို့ ပြီးခဲ့တဲ့ တနင်္လာနေ့က တိုင်းရင်းသား လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံတဲ့အခါမှာ ပြောဆိုထားပါတယ်။

ထို့အတူ ရခိုင်အမျိုးသားပါတီဘက်ကလည်း ရခိုင်ဝန်ကြီးချုပ်နေရာအတွက် NLD ပါတီနဲ့ တွေ့ဆုံဖို့ ကမ်းလှမ်းထားပြီး ပြည်နယ်အစိုးရကို ဦးဆောင်ဖွဲ့စည်းခွင့် မရပါက အတိုက်အခံပါတီအဖြစ် ရပ်တည်သွားမယ်လို့ ပြောဆိုထားပါတယ်။

" ကျနော်တို့ကြေညာချက်ထဲမှာ အချက်သုံးချက်ပါပါတယ်။ အချက် နံပတ်တစ်က တွေ့ဆုံဆွေးနွေးပြီးမှ မြန်မာ့နိုင်ငံရေးအခင်းအကျင်းကို ဖြေရှင်းလိုပါတယ်ဆိုတာ ပါပါတယ်။ ဒုတိယအချက်မှသာလျှင် လက်ရှိအခင်းအကျင်းအရ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ကို ရခိုင်အမျိုးသားပါတီဘက်က ဝန်ကြီးချုပ်အဖြစ် တာဝန်ရသင့်တယ်ဆိုတာ ကျနော်တို့က ဖော်ပြပါတယ်။ တတိယ အချက်က တွေ့ဆုံဆွေးနွေးမှု နဲ့ ရခိုင်အမျိုးသားပါတီက ရခိုင်ပြည်နယ် ဝန်ကြီးချုပ် တာဝန်ကို ရယူလိုမှု ဆိုတဲ့ ကျနော်တို့ပါတီရဲ့သဘောထားကို တွေ့ဆုံဆွေးနွေးလို့ မရခဲ့ဘူးဆိုမှသာလျှင် အတိုက်အခံ နိုင်ငံရေးပါတီတခုအဖြစ် မည်သည့်ရာထူးကိုမှ မယူပဲ ရပ်တည်သွားမယ်ဆိုတဲ့ သဘောထားဖြစ်ပါတယ်။"

ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင် ပြောဆိုသွားခဲ့တာပါ။

တိုင်းနဲ့ ပြည်နယ် ဝန်ကြီးချုပ်တို့ကို ခန့်အပ်မယ့်နေရာမှာ နိုင်ငံတော် သမ္မတက သက်ဆိုင်ရာ တိုင်းဒေသကြီး ဒါမှမဟုတ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်တွေထဲက သတ်မှတ်ထားတဲ့ အရည်အချင်းနဲ့ ပြည့်စုံတဲ့ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးကို ရွေးချယ်ပြီး သက်ဆိုင်ရာ လွှတ်တော်သို့ ပေးပို့ပြီး အတည်ပြုချက်ယူကာ ခန့်အပ်ရမှာဖြစ်ပါတယ်။

သက်ဆိုင်ရာဝန်ကြီးချုပ်နေရာတွေအတွက် သတ်မှတ်ထားတဲ့ အရည်အချင်းနဲ့ မပြည့်စုံကြောင်း အထင်အရှား မပြနိုင်ဘူးဆိုရင် တိုင်းဒေသကြီး ဒါမှမဟုတ် ပြည်နယ်လွှတ်တော်ဟာ သမ္မတက အမည်စာရင်း တင်သွင်းတဲ့ လွှတ်တော် ကိုယ်စားလှယ်အား ဝန်ကြီးချုပ်အဖြစ် ခန့်အပ်တာဝန်ပေးဖို့ ငြင်းပယ်ခွင့် မရှိစေရလို့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၂၆၁ မှာ ပြဌာန်းထားပါတယ်။ ဒါကြောင့်လည်း လွတ်တော် ၃ ရပ်မှာ အစိုးရဖွဲ့နိုင်တဲ့အထိ အနိုင်ရထားတဲ့ NLD ပါတီအနေနဲ့ ဒုသမ္မတ ၂ ဦးကို တင်မြှောက်ခွင့်ရှိပြီး ဝန်ကြီးချုပ် နေရာတွေ အတွက်လည်း တာဝန်ပေးပိုင်ခွင့် ရှိနေပါတယ်။

XS
SM
MD
LG