သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဝင်းနိမ္မိတာရုံဆရာတော်ကြီးရဲ့ တပည့်သံဃာဟောင်းတွေ သဘောထားထုတ်ပြန်


ပဲခူးမြို့၊ ကျောင်းတိုက်ဆီ ပင့်ဆောင်လာသည့် ဝင်းနိမ္မိတာရုံကျောင်းတိုက် နာယကဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသရဲ့ ရုပ်ကလာပ် (ဇွန် ၂၀၊ ၂၀၂၄)
ပဲခူးမြို့၊ ကျောင်းတိုက်ဆီ ပင့်ဆောင်လာသည့် ဝင်းနိမ္မိတာရုံကျောင်းတိုက် နာယကဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသရဲ့ ရုပ်ကလာပ် (ဇွန် ၂၀၊ ၂၀၂၄)

ဝင်းနိမ္မိတာရုံကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသ စစ်တပ်ပစ်ခတ်လို့ သေဆုံးခဲ့ပြီးနောက် စစ်တပ်ရဲ့ လက်လွတ်စပယ် သတ်ဖြတ်မှုတွေရပ်အောင် ကံဆောင်ချိန်ရောက်ပြီလို့ ဆရာတော်ကြီးရဲ့ တပည့်သံဃာဟောင်းတွေက မိန့်ကြားလိုက်ပါတယ်။ ဆရာတော် ပစ်ခတ်သတ်ဖြတ်ခံရခြင်းနည်းတူ၊ တနိုင်ငံလုံး ပြည်သူတွေကို စစ်တပ်က အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်၊ မီးရှို့၊ လုယက်နေတဲ့အခြေအနေတွေ ပိုပြီးဆိုးရွာလာနေတယ်လို့ ဝင်းနိမ္မိတာရုံကျောင်းတိုက် စာသင်သားဟောင်း တပည့်သံဃာတွေက ကြေညာချက်ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ ရန်ကုန်ကပေးပို့တဲ့သတင်းကို တင်ပြထားပါတယ်။

ဒီကနေ့ ဇွန်လ (၂၁)ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်တဲ့ ဘဒ္ဒန္တမုနိန္ဒာဘိဝံသ ဆရာတော်ဘုရားကြီးရဲ့ တပည့်သံဃာတော်များရဲ့ သဘောထားကြေညာချက်မှာ- ဆရာတော် ပစ်ခတ်ခံခဲ့ရတဲ့ ဖြစ်စဥ်ကို အသေးစိတ်ဖေါ်ပြထားပြီး ပရိယတ္တိစာပေ ပြန့်ပွားရေး အပတ်တကုတ်ကြိုးပမ်းအားထုတ်နေတဲ့ ဆရာတော်တပါးအနေနဲ့ အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်ခံလိုက်ရတဲ့ ဖြစ်ရပ်ဟာ ဗုဒ္ဓသာသနာတော်အတွက် ကြီးမားတဲ့ ဆုံးရှုံးမှုကြီးအဖြစ်လည်း ဖေါ်ပြထားပါတယ်။

ဆရာတော်ဘုရားကြီးကို စစ်တပ်က လက်လွတ်စပယ် ပစ်ခတ်သတ်ဖြတ်ခံရတဲ့ဖြစ်ရပ်ကိုကြည့်ရင် စစ်အာဏာရှင်တွေရဲ့ အကြမ်းဖက်သတ်ဖြတ်မှုတွေဟာ ရဟန်းရှင်လူ၊ပြည်သူမရွေး၊ဘာသာမရွေး၊ လူမျိုးမရွေး၊အဆင့်အတန်းမရွေး အချိန်မရွေး ကျရောက်လာနေပြီဆိုတာကို ပြသနေတာဖြစ်တယ်လို့လည်း အဲဒီထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။ ဒါကြောင့် ဗုဒ္ဓဘာသာ ရဟန်းတော်တွေအနေနဲ့ စစ်အာဏာရှင်တွေကြောင့် ပြည်သူတွေ ဒုက္ခမျိုးစုံ ကြုံတွေ့နေရတဲ့ အခြေအနေတွေနဲ့ သာသနာတော် ယုတ်လျော့ကျဆင်းလာနေတာကို ကာကွယ်ရေး ပရိကံဆောင်ခြင်း အမျိုးမျိုးကို ဝိနည်းတော်နဲ့အညီ ဆောင်ရွက်ကြဖို့ အချိန်ရောက်ပြီလို့ ထုတ်ပြန်ချက်မှာ တိုက်တွန်းထားပါတယ်။

ဇွန် ၁၉ ရက်နေ့က မန္တလေးကို လေကြောင်းနဲ့ကြွချီလာတဲ့ ဝင်းနိမ္မိတာရုံကျောင်းတိုက် ဆရာတော်ကြီး ဟာ တံတားဦး လေဆိပ်ကနေ ငါန်းဇွန်မြို့နယ် ပန်းချီကမ္မရွာကို သွားရောက်ခဲ့ပြီး အဲဒီကနေအပြန် မြို့သာနဲ့ ပန်းချီကမ္မရွာကြားမှာ ကားကိုသေနတ်နဲ့ ပစ်ခတ်ခံရတာကြောင့် နေရာမှာတင် ပျံလွန်တော်မူခဲ့တာပါ။ ကနဦးမှာတော့ စစ်ကောင်စီဘက်က ပြည်သူ့ကာကွယ်ရေးတပ် (PDF) တွေက မိုင်းဆွဲတိုက်ခိုက် ခဲ့လို့ အခုလိုဖြစ်တာလို့ထုတ်ပြန်ခဲ့တာပါ။ ဒါပေမယ့် ပစ်ခတ်ခံရတဲ့ နေရာမှာရှိနေခဲ့တဲ့ ကန်သုံးဆင့်ကျောင်း ဆရာ‌တော် ဘဒ္ဒန္တဂုဏိကာဘိဝံသက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လုပ်ခဲ့တာလို့ထုတ်ဖော်မိန့်ကြားခဲ့ပါတယ်။

အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအဖွဲ့ (မဘသ-ဗဟို) အဖွဲ့ဝင်တဦး ဖြစ်တဲ့ ဦးပါမောက္ခ ကတော့ တန်ဖိုးရှိတဲ့ အထင်ကရ ဆရာတော် တပါးကြွေလွင့်ခဲ့ရတာဟာ နှမြောစရာကောင်းသလို ဒီဖြစ်ရပ်ဖန်တီးခဲ့သူဘယ်သူ့ကိုမဆို ရှုံချတယ်လို့ မိန့်ပါတယ်။

"ဘုန်းကြီးကတော့ ဒီလိုဖြစ်သွားတဲ့အပေါ်စိတ်မကောင်းဘူးပေါ့ ဘယ်ဘက်ကဘဲလုပ်လုပ် လုပ်တဲ့သူရဲ့ သိလို့လုပ်တာလား မသိလို့လုပ်တာလား ဒီလိုမျိုးသုံးသပ်ချင်ရင်လဲသုံးသပ်ချင်စရာပေါ့။ အဲအပေါ်မှာတော့ဘုန်းကြီးတို့က လုပ်တဲ့အဖွဲ့အစည်းအားလုံး သူ့ဒဏ်သူခံပါစေပေါ့ ဘုန်းကြီး တို့ကတော့အဲလောက်ဘဲပေါ့။ လုပ်တဲ့အဖွဲ့အစည်းကိုလည်း ရှုံချတယ် ကန့်ကွက်တယ်။"

နော်ဝေးမှာ သီတင်းသုံးနေတဲ့ အရှင်ထာ၀ရ ကလည်း ဆရာတော်ကြီး ပျံလွန်တော်မူခဲ့တဲ့ဖြစ်စဥ်မှာ စစ်ကောင်စီမှာသာ၀န်ရှိနေကြောင်း အခုလို မိန့်ကြားပါတယ်။

"ဘယ်သူ့မှာတာဝန်ရှိလဲဆိုတော့ အတင်းအဓမ္မအာဏာကိုလုယူထားတဲ့သူတွေမှာတာဝန်ရှိတယ်။ ဘာလို့လဲဆို ဒီလိုအာဏာသာမလုယူခဲ့ရင် ဒီလိုသာသနာအတွက် ဆုံးရှုံးမှုမျိုးကြုံတွေ့မှာမဟုတ်ဘူး။ ဒီလိုဆရာတော်တွေလည်းဝမ်းနည်းစရာအဖြစ်ဆိုးကြုံတွေ့ရမှာမဟုတ်ဘူး ဘုန်းဘုန်းတို့လည်းဝမ်းနည်းရမှာမဟုတ်ဘူး။ ဂိုဏ်းဂဏတခုဆိုတာထက် ဘုန်းဘုန်းတို့က သာသနာတော်မှာအင်မတန်ကျေးဇူးများတဲ့ပုဂ္ဂိုလ် တပါး ကိုဆုံးရှုံးရတာပါ။ ဒီနေ့ဒီချိန်မှာ ပီဒီအက်ဘဲဖြစ်ဖြစ် စစ်အုပ်စုဘဲဖြစ်ဖြစ် လုပ်တဲ့အပေါ်မှာတင် တန်ပြန်သက်ရောက်မှုရှိတာပါ။ စစ်အုပ်စုရဲ့မဆင်မခြင်လုပ်ရပ်ကြောင့် ဒီနေ့ သာသနာတော်အတွက်ကြီးမားတဲ့ဆုံးရှုံးမှုတခုဖြစ်သလို အာဏာမတရားလုယူတဲ့သူတွေရဲ့ဆုံးဖြတ်ချက် အမှားလို့ဘဲမှတ်ယူပါတယ်။"

စစ်တပ်ရဲ့ရမ်းသမ်းပစ်ခတ်မှုဖြစ်စဥ်တွေဟာ နေရာအနှံဖြစ်နေပြီး အခုလို အထင်ကရဆရာတော်တပါးပျံလွန်တော်မူတဲ့အထိ ဖြစ်ခဲ့အခြေအနေကြောင့်သာ လူတွေ သိရှိခဲ့တာဖြစ်ပြီး စစ်ကောင်စီလက်အောက်မှာ လူမသိသူမသိ သေဆုံးခဲ့ရတဲ့ သံဃာတော် အများအပြားရှိနေတယ်လို့ သီတဂူဗုဒ္ဓတက္ကသိုလ်ရဲ့ ဒေါက်တာဘွဲ့ရ ဆရာတော်တပါးကလည်း အခုလိုမိန့်ကြားပါတယ်။

"စိတ်မကောင်းဖြစ်တာပေါ့ ဆရာတော်ကြီးအဲလိုဖြစ်တာ နောက်တခုကတော့ အခုပစ်တဲ့သူတွေက ဘာလို့အဲလိုအရမ်းကြီးပစ်လဲမသိဘူး။ လူတွေကိုတန်ဖိုးထားရမှာ တန်ဖိုးမထားဘူးလို့ခံစားရတယ်၊ ဆရာတော်ကြီးလိုနာမည်ကြီးတဲ့ဆရာတော်ကြီးတွေမို့ အခုလိုလူသိထင်ရှားဖြစ်တာ။ အဲလိုအဖြစ်အပျက်တွေ ဖြစ်တာတွေအများကြီးရှိပါတယ်။ အဲဒါတွေကျတော့အတင်းကို လိမ်ပစ်တာပေါ့ အင်အားမရှိတော့ ဘာမှမပြောနိုင်၊ လိမ်တဲ့အတိုင်း ဒီတိုင်းငုံခံနေရတဲ့ ကေ့စ်တွေ အများကြီးရှိပါတယ်။ စိတ်မကောင်းဖြစ်တယ် နေရထိုင်ရတာမလုံခြုံဘူးပေါ့။"

ဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသနဲ့အတူ ရန်ကုန် ကန်သုံးဆင့်ကျောင်း ဆရာ‌တော်ဘဒ္ဒန္တဂုဏိကာဘိဝံသ တို့ နှစ်ပါးဟာ မန္တလေးမြို့မှာရှိတဲ့ ရွှေကျင်ဂိုဏ်းချုပ်ရှိတဲ့ မဟာဝိသုဒ္ဓါရုံတိုက်သစ် (ရွှေကျင်နိကာယဗဟိုဌာန) မှာ ဇွန်လ ၂၀ ရက် မှာ ပြုလုပ်မယ့်အစည်းအဝေးကိုတက်ရောက်ဖို့ ကြွလာကြတာဖြစ်ပါတယ်။

ဆရာတော်ကြီး ၂ ပါးလုံးဟာ ရွှေကျင်နိကာယဂိုဏ်းလုံးဝန်ဆောင်ဆရာတော်တွေဖြစ်ကြသလို ရွှေကျင်ဂိုဏ်းကြီးရဲ့ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တွေလည်းဖြစ်ပါတယ်။

ပျံလွန်တော်မူသွားတဲ့ ဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသ ဟာ စစ်ကောင်စီအာဏာသိမ်းခဲ့တာကို လက်မခံခဲ့တဲ့ ဆရာတော်တပါးဖြစ်ပါ တယ်။ ၂၀၂၁ခုနှစ် ဖေဖေါ်ဝါရီလမှာ စစ်တပ်ကအာဏာသိမ်းချိန် အစောပိုင်းကာလမှာ စစ်အာဏာသိမ်းမှုနဲ့ပတ်သက်ပြီးရှုတ်ချကြောင်းနဲ့ ဆန္ဒပြလူထုကိုအထိခိုက် နည်းတဲ့နည်းလမ်းနဲ့ဖြေရှင်းဖို့ဆိုပြီး မေတ္တာရပ်ခံခဲ့သူဖြစ်ပါတယ်။

ဆရာတော်ဟာ ပျံလွန်တော်မူချိန်မှာ သက်တော် ၇၈ နှစ်နဲ့ ရဟန်းသိက္ခာတော် ၅၇ ဝါရှိကာ နိုင်ငံတော်အစိုးရ ပထမကျော်၊ ဝိနယာဓိက ပရိယတ္တိ ပထမကျော်အစရှိတဲ့ ဘွဲ့တံဆိပ်များစွာ ရရှိထားတဲ့ နိုင်ငံတော် သံဃာ့မဟာနာယက ဆရာတော် တပါးလည်း ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG