သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဝင်းနိမ္မိတာရုံကျောင်းတိုက်ဆရာတော် ပစ်ခတ်ခံရမှု စစ်ကောင်စီ ပြန်လည်စုံစမ်း


ပဲခူးမြို့၊ ဝင်းနိမ္မိတာရုံကျောင်းတိုက်အတွင်း အပူဇော်ခံထားရှိသည့် နာယကဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသရဲ့ ရုပ်ကလာပ် (ဇွန် ၂၁၊ ၂၀၂၄)
ပဲခူးမြို့၊ ဝင်းနိမ္မိတာရုံကျောင်းတိုက်အတွင်း အပူဇော်ခံထားရှိသည့် နာယကဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသရဲ့ ရုပ်ကလာပ် (ဇွန် ၂၁၊ ၂၀၂၄)

ပဲခူးမြို့ ဝင်းနိမ္မိတာရုံ ကျောင်းတိုက်ဆရာတော် ပစ်ခတ်ခံရပြီး ပျံလွန်တော်မူတဲ့ ဖြစ်စဉ်အမှန်ကို စိစစ်ဖော်ထုတ်နေတယ်လို့ စစ်ကောင်စီက ပြောပါတယ်။ တိုက်ခိုက်မှုကို ကိုယ်တိုင်ကြုံခဲ့တဲ့ ဆရာတော်တပါးက မိန့်ကြားခဲ့ပြီးနောက်၊ ဆရာတော်ရဲ့ မိန့်ကြားမှုဟာ အစောပိုင်းသတင်းထုတ်ပြန်ချက်တွေနဲ့ ကွဲလွဲနေတာကြောင့် အဖြစ်မှန်ပို စိစစ်ဖော်ထုတ်နေတယ်လို့ ဒီနေ့ ဇွန်လ ၂၁ ရက်မှာ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။ ရန်ကုန်ကပေးပို့တဲ့သတင်းကို တင်ပြထားပါတယ်။

ဇွန်လ ၁၉ ရက်က မန္တလေးတိုင်း ငါန်းဇွန်မြို့နယ် ပန်းချီကမ္မလမ်းမှာ ပဲခူးမြို့ဝင်းနိမ္မိတာရုံ ကျောင်းတိုက် ဆရာတော်ကြီး ပျံလွန်တော်မူခဲ့တဲ့ ပစ်ခတ်ခံရမှု အဖြစ်မှန်ကို စိစစ်ဖော်ထုတ်နေတယ်လို့ စစ်ကောင်စီက ဒီနေ့ ဇွန်လ ၂၁ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။ ပစ်ခတ်မှုဖြစ်ခဲ့တဲ့ ဇွန်လ ၁၉ ရက်နေ့တုန်းက PDF အကြမ်းဖက်သမားတွေ ပစ်ခတ်ခဲ့တာကြောင် ဆရာတော်ကြီး ပျံလွန်တော်မူသွားတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ခဲ့တာပါ။

ဒါပေမဲ့ ပျံလွန်တော်မူခဲ့တဲ့ ဆရာတော်ကြီးနဲ့အတူ ကားတစီးထဲမှာ လိုက်ပါလာတဲ့ ကန်သုံးဆင့် ဆရာတော်က သူကိုယ်တော် ကြုံတွေ့ခဲ့ရတဲ့ ဖြစ်စဉ်အမှန်ကို မိန့်ကြားခဲ့တဲ့ ရုပ်သံ Video တွေ အွန်လိုင်းပေါ်မှာ ပျံ့နှံ့ခဲ့ပြီးနောက် ဖြစ်စဉ်အမှန်ကို စိစစ်ဖော်ထုတ်ပြီး လိုအပ်တဲ့ အရေးယူမှုတွေ လုပ်နေတယ်လို့ စစ်ကောင်စီထိန်းချုပ်ထားတဲ့နိုင်ငံပိုင်သတင်းကနေ ထုတ်ပြန်လာတာပါ။

"ကနဦး သတင်းထုတ်ပြန်ခဲ့ရာတွင် လုံခြုံရေး တပ်ဖွဲ့ အဆင့်ဆင့်မှ သတင်းပို့တင်ပြလာသည့် အချက်အလက်များကို အခြေခံပြီး သတင်းထုတ်ပြန်ခြင်းဖြစ်ကာ ဆရာတော်ကြီး၏ မိန့်ကြားမှုသည် သတင်းထုတ်ပြန်ခဲ့မှုနဲ့ ကွဲလွဲမှုများ ဖြစ်ပေါ်လျက် ရှိသည်ကို တွေ့ရှိရသည်။ သို့ဖြစ်သောကြောင့် ဖြစ်စဉ်နဲ့ ပတ်သက်ပြီး မြေပြင် ဖြစ်စဉ်အမှန်ပေါ်ပေါက်စေရေး လိုအပ်သည့် စိစစ် ဖော်ထုတ်မှုများ ဆောင်ရွက်လျက်ရှိကြောင်းနှင့် ဖြစ်စဉ်မှန်အား သိရှိရပါက လိုအပ်သည့် အရေးယူမှုများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။"

ဇွန် ၁၉ ရက်မှာ ကာကွယ်ရေး တပ်ဖွဲ့တွေ ပစ်ခတ်လို့ ဆရာတော် ပျံလွန်တော် မူခဲ့တယ်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ခဲ့တဲ့ တရက်တည်းမှာပဲ မန္တလေးတိုင်း သာသနာရေးမှူးက နေပြည်တော် သာသနာရေး ဦးစီးဌာနကို သတင်းပို့တင်ပြချက်ထဲမှာလည်း ကားကို ရပ်ခိုင်းချိန်မှာ မှန်မချဘဲ မောင်းနှင်ခဲ့တဲ့အတွက် လုံခြုံရေးကင်းလှည့်သူတွေက ကားကို ပစ်ခတ်ခဲ့လို့ ပျံလွန်တော်မူတာဖြစ်ကြောင်း ဖော်ပြထားပါတယ်။ စစ်ကောင်စီ သတင်းထုတ်ပြန်ချက်နဲ့ ဖြစ်ခဲ့တဲ့အဖြစ်အပျက် ၂ ခု ကွဲလွဲနေတာကြောင့် မေးခွန်းထုတ်မှုတွေရှိနေချိန်မှာ စစ်ကောင်စီက အဖြစ်မှန် ပေါ်ပေါက်အောင် စစ်ဆေးနေတယ်လို့ စစ်ကောင်စီက ပြန်ပြီး ထုတ်ပြန်တာဖြစ်ပါတယ်။

ဆရာတော် ဈာပနကျင်းပဖို့ ဇွန်လ ၂၀ ရက်မှာ အစည်းဝေး ပြုလုပ်ချိန်မှာ ကန်သုံးဆင့်ဆရာတော်ကြီးက သူကိုယ်တိုင်ကြုံတွေခဲ့ရတာကို ပြန်ပြောပြခဲ့တာမှာ စစ်တပ်က အဓိကသုံးလေ့ရှိတဲ့ တရုတ်အစိုးရပိုင် ကုမ္ပဏီထုတ် Faw ကားပေါ်ကနေ ပစ်လိုက်ချိန် ဝင်းနိမ္မိတာရုံ ဆရာတော် တစ်ဘ၀ ခန္ဓာ ရုတ်သိမ်းသွားပြီး သူကိုယ်တိုင် ခေါင်းမှာ ကားရဲ့ မှန်စထိတယ်လို့ မိန့်ထားပါတယ်။
ကားရပ်တဲ့အခါမှာလည်း ပစ်ခဲ့တဲ့ စစ်ဗိုလ်စစ်သားတွေကို အခုလောက် ရက်စက်ရသလားလို့ မေးတဲ့အခါ ကားမှန်ပိတ်ထားတာကြောင့် ဘုန်းကြီးမှန်းမသိလို့ ရန်သူ့ကားထင်ပြီး ပစ်ခတ်ခဲ့တာလို့ပြောကြောင်း ကန်သုံးဆင့် ဆရာတော်က ကြုံတွေ့ခဲ့ရတဲ့ အခြေအနေကို မိန့်ကြားခဲ့တာဖြစ်ပါတယ်။ ဇွန် ၂၀ ရက်နေ့က ကန်သုံးဆင့် ဆရာတော်ကြီး မိန့်ကြားတဲ့ ဗီဒီယိုဖိုင် လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့လာပြီးတဲ့နောက် ညနေပိုင်းမှာ စစ်ကောင်စီရဲ့ ပဲခူးတိုင်း အစိုးရအဖွဲ့တာဝန်ရှိသူ တဦးက ဆရာတော်ကြီး မိန့်ကြားမှုတွေနဲ့ သတင်းမှားထုတ်ပြန်ခဲ့တာနဲ့ ပတ်သက်ပြီး ကျောင်းတိုက်မှာရှိတဲ့ ဆရာတော်တွေကို သွားရောက် ရှင်းပြခဲ့ပါတယ်။

"ဟိုဘက်က ဟာကိုလုပ်ရင်း လူကြီးကိုတင်ပြရင်းနဲ့ အဲ့လိုဖြစ်သွားတာ။ အဲ့ဒါက အဲ့လိုဖြစ်သွားတာ။ တပည့်တော်တို့လည်း တော်တော်ဒေါသဖြစ်ရတယ်။"

ပဲခူးတိုင်းအစိုးရအဖွဲ့ တာဝန်ရှိသူ သတင်းအမှားထုတ်ပြန်တာနဲ့ ပတ်သက်ပြီး ဆရာတော်တွေကို လျှောက်ထားတာဟာ မှန်ကန်ပြီး မြေပြင်မှာ စိစစ်ပြီး လုပ်သင့်လုပ်ထိုက်တာကို လုပ်ဆောင်သွားမယ်လို့ ပြောကြားခဲ့တဲ့အကြောင်း ဝင်းနိမ္မိတာရုံ ကျောင်းတိုက်က ဆရာတော် တပါးကလည်း ဗွီအိုအေ မြန်မာပိုင်းကိုအတည်ပြုပြောဆိုပါတယ်။ လက်ရှိမှာ ဆရာတော်ကြီးရဲ့ ရုပ်ကလာပ်တော်ကို ကျောင်းတိုက်မှု အပူဇော်ခံထားပြီး လာရောက်ဖူးမြှော်လို့ရတယ်လို့ ဆရာတော်ရဲ့ တပည့်ဆရာတော် တပါးက အခုလို မိန့်ပါတယ်။

"ကျောင်းတိုက် မိခင်ကျောင်းတိုက်မှာ အပူဇော်ခံထားပါတယ်။ အကုန်လုံး တနိုင်ငံလုံးက တပည့်တကာမတွေကော သံဃာတွေပါ ဖူးမြှော်လို့ရအောင် အကုန်လုံးဖွင့်လှစ်ထားပါတယ်။ ဘယ်သူ့မဆို အကုန်လုံး လာဖူးလို့ရတဲ့အကြောင်း ဦးဇင်းတို့ ဒီကပြောလိုပါတယ်။"

ဆရာတော်ကြီးရဲ့ ရုပ်ကလာပ်တော်ကို ၉ ရက်ကြာ အပူဇော်ခံထားရှိမှာဖြစ်ပြီး ဇွန်လ ၂၇ ရက်မှာ ရုပ်ကလာပ်တော်ကို မီးသဂြိုလ်ပြီးနောက် အရိုးပြာတွေကို စစ်တောင်းမြစ်ထဲ မျှောသွားမယ်လို့လည်း ဈာပနစီစဉ်တဲ့ ဆရာတော်တွေက မိန့်ပါတယ်။ ဆရာတော် ပစ်ခတ်ခံရပြီး ပျံလွန်တော်မူတာနဲ့ပတ်သက်ပြီး ငါန်းဇွန်ဒေသခံတွေကတော့ ပန်းချီကမ္မလမ်းပိုင်းဟာ စစ်တပ် စိုးမိုးထားတဲ့နယ်မြေဖြစ်ပြီး တော်လှန်ရေး ၃ နှစ်ကျော် ကာလအတွင်း တိုက်ပွဲဖြစ်နေတဲ့ ဒေသလည်း မဟုတ်ပါဘူး။

ဇွန်လ ၁၉ ရက်နေ့က ပစ်ခတ်မှုဖြစ်ခဲ့ပြီးနောက် ကန်သုံးဆင့် ဆရာတော်အပါအဝင် ယာဉ်မောင်းဖြစ်သူပါ ဒဏ်ရာရရှိခဲ့ပြီး ဆေးကုသမှု နာရီ အတော်ကြာ မရရှိခဲ့ကြောင်းနဲ့ နိုင်ငံရေးလှုပ်ရှားမှုကြောင့် ဖမ်းဆီးခံရသူတွေကို နှိပ်စက်မေးမြန်းတဲ့နေရာလို့ နာမည်ကျော်တဲ့ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်အခြေစိုက်တဲ့ နန်းတွင်းမှာ သူတို့ကို ခေါ်ယူစစ်ဆေးတာတွေကိုလည်း ကန်သုံးဆင့်ဆရာတော်က တခြားဆရာတော်တွေကို ဈာပနအခမ်းအနားမှာ ရှင်းပြခဲ့တာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG