သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဝင်းနိမ္မိတာရုံ ဆရာတော် ရုပ်ကလာပ်ကို ၂၇ ရက်နေ့ မီးသင်္ဂြိုလ်မည်


ပဲခူးမြို့၊ ကျောင်းတိုက်ဆီ ပင့်ဆောင်လာသည့် ဝင်းနိမ္မိတာရုံကျောင်းတိုက် နာယကဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသရဲ့ ရုပ်ကလာပ် (ဇွန် ၂၀၊ ၂၀၂၄)
ပဲခူးမြို့၊ ကျောင်းတိုက်ဆီ ပင့်ဆောင်လာသည့် ဝင်းနိမ္မိတာရုံကျောင်းတိုက် နာယကဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသရဲ့ ရုပ်ကလာပ် (ဇွန် ၂၀၊ ၂၀၂၄)

ပဲခူး ဝင်းနိမ္မိတာရုံ ဆရာတော်ရုပ်ကလာပ်ကို ပူဇော်ခံထားရှိပြီနောက် မီးသင်္ဂြိုလ်ကာ အရိုးပြာအိုးကို စစ်တောင်းမြစ်ထဲ မျှောသွားမယ်လို့ ကျောင်းတိုက် တာဝန်ရှိသူတွေက ပြောပါတယ်။ ဆရာတော်ဟာ PDF အမည်ခံအကြမ်းဖက်သမားတွေရဲ့ အကြမ်းဖက် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ပျံလွန်တော်မူခဲ့ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ထားသလို လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ပစ်ခတ်တဲ့အကြောင်းနဲ့ သူတို့နဲ့ အပြန်အလှန် ပြောဆိုခဲ့တဲ့ အခြေအနေကို အသက်မသေဘဲ လွှတ်မြောက်လာတဲ့ ဆရာတော်တပါး ပြောဆိုထားတဲ့ မှတ်တမ်းဗွီဒီယိုလည်း လူမှုကွန်ယက်ပေါ်မှာ ထွက်ပေါ်နေပါတယ်။ ဒီအကြောင်း ရန်ကုန်ကပေးပို့တဲ့သတင်းကို အခြေခံပြီး ကိုခင်မောင်စိုးမင်းက တင်ပြပေးထားပါတယ်။​

မနေ့ ဇွန်လ ၁၉ ရက်နေ့ မနက်ပိုင်းက သေနတ်နဲ့ ပစ်ခံရပြီး ပဲခူး၊​ ဝင်းနိမ္မိတာရုံကျောင်း ဆရာတော် ဘဒ္ဒန္တ မုနိန္ဒာဘိဝံသ မဟန(ငြိမ်း) ပျံလွန်တော်မူခဲ့သလို၊ ကန်သုံးဆင့် ပရိယတ္တိစာသင်တိုက် ဆရာတော် ဘဒ္ဒန္တဂုဏိကာဘိဝံသ မဟန(ငြိမ်း)နှင့် ယာဉ်မောင်းတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြတာပါ။

ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ ပြည်သူလူထုအကြား အမြင်သဘောထားတွေလည်း အမျိုးမျိုးထွက်ပေါ်နေတာမှာ စစ်ကောင်စီကတော့ PDF အမည်ခံ အကြမ်းဖက်သမားတွေရဲ့ လက်ချက်လို့ စွပ်စွဲ ပြောဆိုထားပါတယ်။​ ဒါပေမယ့် ဆရာတော် ပစ်ခတ်ခံရတဲ့ နေရာဟာ စစ်တပ် နယ်မြေစိုးမိုးတဲ့ နေရာဖြစ်ပြီး တိုက်ပွဲဖြစ်တာမရှိဘူးလို့ ဒေသခံတွေက ပြောဆိုကြပါတယ်။ ဒီအတောအတွင်း ဆရာတော်ကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ပစ်ခတ်တဲ့အကြောင်းနဲ့ သူတို့နဲ့ အပြန်အလှန် ပြောဆိုခဲ့တဲ့ အခြေအနေကို အသက်မသေဘဲ လွတ်မြောက်လာတဲ့ ဆရာတော်တပါး ပြောဆိုထားတဲ့ မှတ်တမ်း ဗွီဒီယိုလည်း လူမှုကွန်ယက်ပေါ်မှာ ထွက်ပေါ်နေပါတယ်။​

မနေ့ (ဇွန် ၁၉) မနက်ပိုင်းမှာ သေနတ်နဲ့ပစ်ခတ်ခံရလို့ ပျံလွန်းတော်မူသွားတဲ့ ပဲခူးမြို့ ဝင်းနိမ္မိတာရုံ ဆရာတော်ရုပ်ကလာပ်တော်ဟာ မန္တလေး တံတားဦး လေဆိပ်ကနေ ဇွန် ၂၀ ရက် ဒီကနေ့ မနက်ပိုင်းမှာဆရာတော်ရဲ့ကျောင်းတိုက်ဖြစ်တဲ့ ပဲခူးမြို့ ကလျာဏီရပ်ကွက်ရှိ ဝင်းနိမ္မိတာရုံ ကျောင်းတိုက်ကို ရောက်ရှိလာပါတယ်။

ဆရာတော်ရဲ့ ရုပ်ကလာပ်တော်ကို ကျောင်းတိုက်မှာ ၉ ရက်ကြာ အပူဇော်ခံပြီးနောက် မီးသဂြိုလ်ကာ အရိုးပြာတွေကို စစ်တောင်းမြစ်ထဲ မျှောသွားမယ်လို့ ဆရာတော်ရဲ့ တပည့်က ပြောပါတယ်။ ဆရာတော်ဈာပန ပြုလုပ်မှာနဲ့ပတ်သက်လို့ ဇွန်လ ၂၀ ရက် နေ့လည်ပိုင်း ကျောင်းတိုက်မှာ အစည်းအဝေးလုပ်ပြီး အခုလို ဆုံးဖြတ်ခဲ့တာဖြစ်ကြောင်း ဆရာတော်ရဲ့ တပည့်ဆရာတော်တပါးက အခုလို မိန့်ပါတယ်။

"အခုဆရာတော်ရဲ့ကျောင်း ပဲခူးမြို့၊ ဝင်းနိမ္မိတာရုံ ကျောင်းမှာ အပူဇော်ခံနေတယ်။ ၉ ရက်တာ အပူဇော်ခံမှာပေါ့။ ၂ ရက်တော့ ပြီးသွားပြီပေါ့နော်။ လာမယ့် ၂၆ ရက်၊ အဲ့နေ့မတိုင်ခင် ၂၃-၂၄-၂၅ ရက်တွေမှာ တရားသဘင် ကျင်းပမှာပေါ့နော်။ နောက်ဆုံး မီးပူဇော်မယ့်နေ့မှာပဲ ၂၇ ရက်နေ့မှာ ဆရာတော်ရဲ့ ရုပ်ပြာကို စစ်တောင်းမြစ်ထဲ မျှောပွဲရှိတာပေါ့နော်။"

ဆရာတော်ဘုရားဟာ မန္တလေးကို ရွှေကျင်နိကာယ ဗဟိုအစည်းအဝေး ကြိုတင်ဆောင်ရွက်ဖို့ ကြွချီပြီးနောက် မင်္ဂလာဒုံမြို့နယ် ကံသုံးဆင့် ဆရာတော်ရဲ့ ဇာတိဖြစ်တဲ့ ငါန်းဇွန်မြို့၊ ပန်းချီကမ္မရွာကို ကြွရောက်ခဲ့ပါတယ်။

ပန်းချီကမ္မရွာကနေအပြန် မြို့သာနဲ့ ပန်းချီကမ္မရွာကြား ရောက်ရှိချိန်မှာ လုံခြုံရေးကင်းလှည့်သူတွေနဲ့ တွေ့ရှိပြီး ကားကိုရပ်တန့်ခိုင်းတာမှာ မှန်မချဘဲ မောင်းနှင်ခဲ့တဲ့အတွက် ပစ်ခတ်ခဲ့လို့ နေရာမှာတင် ပျံလွန်တော်မူသွားတယ်လို့ မန္တလေးတိုင်း သာသနာရေးမှူးက သာသနာရေး ဦးစီးဌာနကို တင်ပြတဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ပဲခူးမြို့၊ ကျောင်းတိုက်ဆီ ပင့်ဆောင်လာသည့် ဝင်းနိမ္မိတာရုံကျောင်းတိုက် နာယကဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသရဲ့ ရုပ်ကလာပ် (ဇွန် ၂၀၊ ၂၀၂၄)
ပဲခူးမြို့၊ ကျောင်းတိုက်ဆီ ပင့်ဆောင်လာသည့် ဝင်းနိမ္မိတာရုံကျောင်းတိုက် နာယကဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသရဲ့ ရုပ်ကလာပ် (ဇွန် ၂၀၊ ၂၀၂၄)


စစ်ကောင်စီဘက်ကတော့ ဆရာတော်ရဲ့ ယာဉ်မောင်းဖြစ်သူက ဖြေကြားထားတဲ့ ဗီဒီယိုဖိုင်ကို ဇွန် ၁၉ ရက် ညပိုင်းမှာ ထုတ်ပြန်ခဲ့ပြီး စစ်တပ်နဲ့ကာကွယ်ရေး တပ်ဖွဲ့တွေ တိုက်ပွဲဖြစ်နေချိန်ကားက တိုက်ပွဲအလယ်ကို ရောက်ရှိပြီး ကာကွယ်ရေး တပ်ဖွဲ့တွေဘက်က ပစ်လိုက်တာကြောင့် ပျံလွန်တော်မူသွားတယ်လို့ ထုတ်ပြန်လာပါတယ်။ ဒေသခံတွေကတော့ ဆရာတော်ပစ်ခတ်ခံရတဲ့နေရာဟာ စစ်တပ် စိုးမိုးထားတဲ့နယ်မြေဖြစ်ပြီး တိုက်ပွဲဖြစ်တာမရှိဘူးလို့ နယ်မြေအခြေအနေကို သိရှိတဲ့ ငါန်းဇွန်ဒေသခံတဦးက ဗွီအိုအေကို အခုလို ပြောပါတယ်။

"သူတို့ထိန်းချုပ်ထားတာပေါ့ဗျာ။ သူတို့ထိန်းချုပ်ထားတဲ့ နယ်မြေ။ ငါန်းဇွန်နဲ့မြို့သာလမ်းကြားမှာ ကာကွယ်ရေး အဖွဲ့တွေနဲ့ တော်လှန်ရေး ၃ နှစ်ကျော်ပြီ တိုက်ပွဲဖြစ်ခဲ့တယ်ဆိုတာ ဘယ်သောအခါမှ မကြားဖူးသေးဘူး။ ပြောချင်တာက အဲ့နေရာက သူတို့စိုးမိုးနယ်မြေ။ ဒါက မဟနဆရာတော်ကြီး ဖြစ်လို့သာ သူတို့က လိမ်လည်ပြီးတော့ထွက်တာ တကယ်တမ်း ဘာတိုက်ပွဲမှ မဖြစ်ဘူး။"

ဆရာတော် ပစ်ခတ်မခံရမီ ဇွန်လ ၁၈ ရက် ညနေပိုင်းက မြို့သာမြို့ စစ်တပ် ဂိတ်စခန်းတခုကို ကာကွယ်ရေး တပ်ဖွဲ့တွေက ဝင်ရောက် ပစ်ခတ်ခဲ့ပြီးနောက် ဇွန်လ ၁၉ ရက်မှာတော့ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေဟာ ငါန်းဇွန်ဘက်ကို နယ်မြေရှင်း စစ်ကြောင်းထိုးပြီး ကင်းပုန်းဝပ်တာတွေ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဆရာတော်နဲ့အတူပါလာတဲ့ မင်္ဂလာဒုံကံသုံးဆင့် ကျောင်းတိုက်ဆရာတော်လည်း ဒဏ်ရာရရှိခဲ့သလို ယာဉ်မောင်းဖြစ်သူလည်း ဒဏ်ရာ ရရှိခဲ့ပါတယ်။ ဆရာတော်ဟာ ပျံလွန်တော်မူချိန်မှာ သက်တော် ၇၈ နှစ်နဲ့ ရဟန်းသိက္ခာတော် ၅၇ ဝါရှိကာ နိုင်ငံတော်အစိုးရ ပထမကျော်၊ ဝိနယာဓိက ပရိယတ္တိ ပထမကျော်အစရှိတဲ့ ဘွဲ့တံဆိပ်များစွာ ရရှိထားတဲ့ နိုင်ငံတော် သံဃာ့မဟာနာယက ဆရာတော် တပါးလည်း ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG