သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွှေကျင်မြို့နယ်တွင်း စစ်ကောင်စီလက်နက်ကြီးပစ်ခတ် ရွာသားနှစ်ဦးသေဆုံး


ပဲခူးတိုင်း ညောင်လေးပင်ခရိုင် ရွေကျင်မြို့နယ်ထဲမှာ ဒီရက်ပိုင်းအတွင်း စ စ်ကောင်စီတပ်တွေက လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာကြောင့် သေဆုံးခဲ့သူ ရွာသားနှစ်ဦး။ (ဓာတ်ပုံ KNU/ဇွန် ၁၄၊ ၂၀၂၄)
ပဲခူးတိုင်း ညောင်လေးပင်ခရိုင် ရွေကျင်မြို့နယ်ထဲမှာ ဒီရက်ပိုင်းအတွင်း စ စ်ကောင်စီတပ်တွေက လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာကြောင့် သေဆုံးခဲ့သူ ရွာသားနှစ်ဦး။ (ဓာတ်ပုံ KNU/ဇွန် ၁၄၊ ၂၀၂၄)

ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်မြေ ပဲခူးတိုင်း ညောင်လေးပင်ခရိုင် ရွေကျင်မြို့နယ်ထဲမှာ စစ်ကောင်စီတပ်တွေက ဒေသခံကျေးရွာတွေကို လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာကြောင့် ဒီရက်အတွင်း ရွာသားနှစ်ဦးသေဆုံးပြီး ငါးဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ ဇန်နဝါရီကနေ မေလအထိ ၅ လအတွင်း အဲဒီခရိုင်ထဲမှာ လက်နက်ကြီးနဲ့ကော လေကြောင်းပစ်ခတ်မှုတွေကြောင့်ပါ အရပ်သားပြည်သူ (၅၃) ဦးသေဆုံးခဲ့ပြီး (၁၅၄) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကေအန်ယူ ညောင်လေးပင်ခရိုင်ကလည်း သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဒီသတင်းကိုဗွီအိုအေသတင်းထောက်မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်မြေဖြစ်တဲ့ ပဲခူးတိုင်း ညောင်လေးပင်ခရိုင် ဆောထိ (ရွေကျင်) မြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်တွေက ဇွန်လ ၁၄ ရက်နေ့က လက်နက်ကြီးနဲ့ပစ်ခတ်တာကြောင့် စပ်စုကျေးရွာ၊ ညောင်အိုင်ကျေးရွာ၊ ရေဖြူကန်ကျေးရွာ၊ ထမင်းရုံကျေးရွာ၊ ကဇင်းပင်ကျေးရွာ၊ကျောက်တန်းကျေးရွာတွေမှာ လက်နက်ကြီးတွေ ကျရောက်ပေါက်ကွဲခဲ့ပါတယ်။ အဲဒီပစ်ခတ်မှုတွေအတွင်း အရပ်သားတွေသေဆုံးခဲ့ရတယ်လို့ ဒေသခံတဦးကပြောပါတယ်။

"ဆောထိမြို့နယ်ထဲမှာပါ။ ခလရ ၂၆၄ ရယ်၊ ခမရ ၂၀ ရယ်က ရွှေကျင်ဗျူဟာကနေ လက်နက်ကြီးနဲ့နေ့တိုင်းပစ်နေတော့ အခုက ဒေသခံနှစ်ဦး သေဆုံးပြီး ၅ ဦးဒဏ်ရာရခဲ့ပါတယ်။"

ပဲခူးတိုင်းအတွင်းက ရွှေကျင်၊ ကျောက်ကြီးနဲ့ မုန်း စတဲ့ သုံးမြို့နယ်မှာ စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်တာ၊ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာတွေကြောင့် ၅ လအတွင်း အရပ်သား ပြည်သူ ၅၀ ကျော် သေဆုံးပြီး ၁၅၀ ကျော်ထိခိုက်ဒဏ်ရာတွေရခဲ့တယ်လို့လည် ကေအန်ယူ ညောင်လေးပင်ခရိုင်ကလည်း သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဒီနှစ်ထဲမှာ ကေအန်ယူတပ်မဟာ (၃) ထိန်းချုပ်ရာ ညောင်လေးပင်ခရိုင်ထဲမှာ စစ်ကောင်စီတပ်စခန်း ၁၇ ခုကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်နဲ့ PDF စတဲ့ ပူးပေါင်းတပ်တွေဘက်က သိမ်းနိုင်ခဲ့ပြီး စစ်ကောင်စီဘက်က စခန်း ၁၀ ခုလောက်ကို စွန့်ခွါထွက်ပြေးခဲ့ရတယ်လို့လည်း ကေအန်ယူဘက်ကပြောပါတယ်။

အဲဒီညောင်လေးပင်ခရိုင်အတွင်းမှာ စစ်ကောင်စီရဲ့တပ်စခန်းတွေကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်နဲ့ PDF ပူးပေါင်းတပ်တွေက ပြင်းပြင်းထန်ထန် တိုက်ခိုက်နေခဲ့တာကြောင့် စစ်ကောင်စီဘက်ကလည်း နေ့စဉ်နီးပါး လက်နက်ကြီးနဲ့ပစ်ခတ်တာ၊ လေကြောင်းတိုက်ခိုက်တာတွေ လုပ်ခဲ့ပါတယ်။ ဒီအတွက် အဲဒီဒေသမှာ ဒေသခံတွေ သောင်းနဲ့ချီပြီး စစ်ဘေးရှောင်နေရပါတယ်။ အခုဆိုရင် ကရင်အမျိုးသားအစည်းအရုံးထိန်းချုပ်နယ်မြေတွေထဲမှာ စစ်ဘေးရှောင်သူ ၇ သိန်းကျော်ရှိလာပြီလို့လည်း ကရင်လူ့အခွင့်ရေးဖွဲ့အစည်းတွေကလည်း ပြောထားပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG