သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မွန်၊ ကရင်နဲ့ တနင်္သာရီဒေသတွင်း အကြမ်းဖက်မှုများ မွန်လူ့အခွင့်အရေးအဖွဲ့မှတ်တမ်းပြုစု


မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ဓမ္မသကျေးရွာ မီးလောင်ကျွမ်းနေစဉ် (မတ် ၂၇၊ ၂၀၂၄)
မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ဓမ္မသကျေးရွာ မီးလောင်ကျွမ်းနေစဉ် (မတ် ၂၇၊ ၂၀၂၄)

မွန် ၊ကရင်နဲ့ တနင်္သာရီဒေသတွင်း အကြမ်းဖက်မှုဖြစ်စဉ်တွေမှာ အရပ်သားထိခိုက်သေဆုံးမှုတွေနဲ့ အိုးအိမ်ပျက်စီးဆုံးရှုံးမှုတွေကို မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်းအဖွဲ့က မှတ်တမ်းပြုစုနေပါတယ်။ လူ့အခွင့်အရေးမှတ်တမ်းပြစုရာမှာ သွားလာ ဆက်သွယ်ရေးအခက်အခဲရှိသလို မှတ်တမ်းကောက်ယူသူ ဝန်ထမ်းတွေအတွက် လုံခြုံရေးစိန်ခေါ်မှုတချို့ရှိတယ်လို့ အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။ ဒီအကြောင်း ရန်ကုန်ကနေ သတင်းပေးပို့ထားပါတယ်။

မွန်ပြည်နယ်၊ ကရင်ပြည်နယ်တောင်ပိုင်းနဲ့ တနင်္သာရီမြောက်ပိုင်းက မြို့နယ်တွေမှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်တာတွေ၊ အရပ်သားပစ်မှတ်တွေကို တိုက်ခိုက်တာတွေနဲ့ ဒေသခံတွေကိုဖမ်းဆီးသတ်ဖြတ်တာတွေကို မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း(HURFOM) က မှတ်တမ်းကောက်ယူနေတာလို့ သိရပါတယ်။

ဒီလိုမှတ်တမ်းတွေ ကောက်ခံနိုင်ဖို့ ဆက်သွယ်ရေးနဲ့ ကွင်းဆင်းသွားလာရေးအတွက် အခက်ကြုံနေပြီး ဝန်ထမ်းတွေပါ လုံခြုံရေး ခြိမ်းခြောက်မှုရှိနေတယ်လို့ မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း (HURFOM) ရဲ့ ပရိုဂရမ်ဒါရိုက်တာ နိုင်အဲမွန်က ဗွီအိုအေကို ပြောပါတယ်။

“လူ့အခွင့်အရေးအချက်အလက် မှတ်တမ်းတွေကို သယ်သွားတဲ့ကိစ္စတွေ၊ နောက်တခါ ဒီအချက်အလက်တွေကို digital device တွေမှာ ကျနော်တို့ ထည့်သွင်းသိုမှီးတဲ့ကိစ္စတွေမှာဆိုလို့ရှိရင် အများကြီးသတိထားတာတွေရှိပါတယ်။ တွေ့လို့ ဖမ်းမိတယ်ဆိုလို့ရှိရင် ထောင်ဒဏ်နှစ်ရှည်ကျခံရတာ ရှိသလို တချို့ဆို အသက်ပေးအန္တရာယ်နဲ့လည်း ကြုံနိုင်တဲ့ အခြေအနေရှိပါတယ်။ နောက်တခုက ဒီတစ်နှစ် နှစ်နှစ်အတွင်းမှာ စစ်အုပ်စုတွေရဲ့ လေကြောင်းမှတ်ပစ်တိုက်ခိုက်မှုတွေ ပိုများလာတာရှိတယ်။ နောက်တခုက ဒီလက်နက်ကြီးပေါ့နော်၊ ရမ်းသမ်းပစ်ခတ်တဲ့ကိစ္စတွေ အများကြီးဖြစ်တဲ့အခါကျတော့ ဒီနယ်မြေမှာရဲ့တဲ့ ဒေသခံပြည်သူတွေသာမက ကျနော်တို့ရဲ့အလုပ်အဖွဲ့ အင်အားစုတွေပါ ဒီကိစ္စတွေကို ကျနော်တို့ အထူးပဲ သတိထားပြီးတော့ အလုပ်လုပ်နေရတဲ့ အခြေအနေတွေရှိပါတယ်။”

မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း(HURFOM) အဖွဲ့ဟာ ၁၉၉၅ ခုနှစ်ကတည်းက ထိုင်းနယ်စပ်မှာ အခြေစိုက်နေရာက ၂၀၁၃ ကနေ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းတဲ့အချိန်ထိ မွန်ပြည်နယ် မော်လမြိုင်မြို့ မှာ ရုံးအသစ် တိုးချဲ့ ဖွင့်လှစ်နိုင်ခဲ့တာပါ။ အဲ့ဒီနောက် လုံခြုံရေးကြောင့် မော်လမြိုင်ရုံးကို ပိတ်သိမ်းပြီး ထိုင်းနယ်စပ်မှာ အခြေစိုက် လူ့အခွင့်အရေးမှတ်တမ်းကောက်ခံနေတာပါ။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ၃ နှစ်ကျော် ကာလအတွင်းမှာ စစ်ကောင်စီတပ်ရဲ့ တိုက်ခိုက်မှုကြောင့် အရပ်သားသေဆုံးသူ ၅၄၈ ဦး၊ ဒဏ်ရာရရှိသူ ၁,၅၂၀ ဦးရှိပြီး ဒါဟာ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးတာရှိသလို ဖမ်းဆီးသတ်ဖြတ်ခံရလို့ သေဆုံးတာလည်း ရှိတယ်လို့ မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်းမှတ်တမ်းတွေမှာဖော်ပြပါတယ်။ လက်နက်ကြီး၊ လေကြောင်းတိုက်ခိုက်မှုနဲ့ မီးရှို့ဖျက်စီးမှုကြောင့် နေအိမ် ၂,၀၀၀ ကျော် ပျက်စီးပြီး မတရားဖမ်းဆီးထောင်ချခံရသူပေါင်း ၅,၄၆၂ ဦး ကျော်ရှိတယ်လို့ မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း (HURFOM) ရဲ့ ပရိုဂရမ်ဒါရိုက်တာ နိုင်အဲမွန်က ပြောပါတယ်။

ဒီမှတ်တမ်းနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က တုံ့ပြန်ချက်ရရှိဖို့ ဗွီအိုအေက ကြိုးစားနေပါတယ်။

စစ်ကောင်စီတပ်က ကျူးလွန်ထားတဲ့ ပြစ်မှုသာမက တော်လှန်ရေးအင်အားစုတွေက အစီအစဉ်မရှိဘဲ ကျူးလွန်မိတဲ့ ပြစ်မှုတွေပါ မှတ်တမ်းကောက်ခံထားတယ်လို့ မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း (HURFOM)ရဲ့ ပရိုဂရမ်ဒါရိုက်တာ နိုင်အဲမွန်က ပြောပါတယ်။

“ ဒီ case တွေက ဒီတစ်နှစ် နှစ်နှစ်မှာ ပိုများလာတယ်။ စစ်အုပ်စုတွေရဲ့ မြင်သာထင်သာတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဖြစ်နေတာကို ကျနော်တို့ တွေ့ရတယ်။ တချိန်တည်းမှာပဲ စစ်အုပ်စုတွေမကဘူး၊ တချို့သော လက်နက်ကိုင်အင်အားစုတွေပေါ့နော် PDF တို့၊ တချို့သော EAOs အင်အားစုတွေကလည်း အစီအစဉ်မရှိသော်လည်းပဲ သူတို့ကျူးလွန်သွားတဲ့ကိစ္စတွေ တချို့ရှိပါတယ်။ ဥပမာဆိုလို့ရှိရင် သူတို့ရဲ့ ရန်သူ target ပစ်မှတ်ထဲကို မတော်တဆ ဝင်သွားတဲ့ ပြည်သူတွေရဲ့ case တွေ ရှိပါတယ်။ ဒါတွေလည်း ကျနော်တို့ ချန်မထားဘူး။ ကျနော်တို့ မှတ်တမ်းတင်နေပါတယ်။ ပြောချင်တာက ကျနော်တို့ ဒီစစ်အုပ်စုတွေ့ရဲ့ ကျူးလွန်တဲ့ကိစ္စတွေမကဘဲနဲ့ ဒီတော်လှန်ရေးထဲမှာ ကျနော်တို့ သက်ဝင်လှုပ်ရှားနေတဲ့ လူ၊ နောက်တခါ အဖွဲ့အစည်း၊ နောက်တခါ လက်နက်ကိုင်အင်အားစုတွေရဲ့ ပစ်မှတ် ပြည်သူတွေပေါ်မှာ အစီအစဉ်ရှိသော်လည်းကောင်း၊ မရှိသော်လည်းကောင်း ကျူးလွန်တဲ့ကိစ္စတွေလည်း ကျနော်တို့ မှတ်တမ်းနေပါတယ်။ ဆိုတော့ ဒါတွေလည်း ကျနော်တို့ တွေ့လာရတယ်၊ သတိပေးတာတွေရှိတယ်၊ မဖြစ်အောင် တားဆီးကာကွယ်တဲ့ အနေနဲ့ ထုတ်ပြန်ပြောဆိုတာတွေ ရှိတယ်။”

ပြစ်မှုကျူးလွန်နေတဲ့ စစ်ကောင်စီတပ်တွေကို ပြန်လည်အရေးယူနိုင်ဖို့ သတင်းမီဒီယာနဲ့ လူ့အခွင့်အရေးအဖွဲ့တွေရဲ့ အခန်းကဏ္ဍက အရေးပါတယ်လို့ လုံခြုံရေးအရ အမည်ဖော်လိုတဲ့ မွန်ပြည်နိုင်ငံရေးလေ့လာသုံးတတ်သူတဦးက ပြောပါတယ်။

“သူတို့ဆီမှာ အချက်အလက်ခိုင်မာမှုရှိတယ်ပေါ့နော်။ သူတို့ကနေတဆင့် ကမ္ဘာသိအောင် သတိပြခြင်းအားဖြင့်ပေါ့။ အရေးယူနိုင်တဲ့ ကမ္ဘာက-ဥပမာ ကုလသမဂ္ဂလိုမျိုးပေါ့နော်။ အဲ့လိုမျိုးအဖွဲ့တွေကနေပြီးတော့ သိရှိပြီးတော့မှ သူတို့အရေးယူလို့ရမှာပေါ့။ အချက်အလက်ခိုင်မာမှုရဖို့ အတွက်ကျတော့ လူမှုရေးအသင်းအဖွဲ့တွေကနေ တင်ပြလာတော့ ပိုပြီးထိရောက်တာပေါ့နော်။ ဒါပေမယ့် သူတို့ချည့်ပဲတော့ မရဘူး၊ မီဒီယာတွေနဲ့ပေါင်းပြီးတော့ တင်ပြ ပြောနိုင်မှပဲ ကမ္ဘာပိုပြီးတော့ သိမှာ။ သူတို့ရဲ့ website က အဲ့လောက်ထိကျယ်ကျယ်ပြန့်ပြန့်မရှိနေဘူး။ အဲ့တော့ မီဒီယာကတော့ အများက ပိုသိတာပေါ့နော်။ မီဒီယာနဲ့ပေါင်းပြီးတော့ တင်ဖို့လိုပါတယ်ပေါ့နော်။ ဒါပေမယ့် အချက်အလက်ခိုင်မာဖို့ကျတော့ လူမှုရေးလုပ်နေတဲ့အသင်းအဖွဲ့တွေကနေပြီးတော့ အချက်အလက်တွေ ပေးမယ်၊ အချက်အလက်တွေတင်ပြမယ်ဆိုရင်တော့ ပိုပြီးတော့ ထိရောက်ပါတယ်။”

တချိန်တည်းမှာတော့ အကြမ်းဖက်တိုက်ခိုက်ခံရမှုတွေကို ဘယ်လိုကာကွယ်မလဲဆိုတာကိုလည်း သင်တန်းပေးနေတယ်လို့ မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း (HURFOM)ရဲ့ ပရိုဂရမ်ဒါရိုက်တာ နိုင်အဲမွန်က ပြောပါတယ်။

“အန္တရာယ်အဝန်းအဝိုင်းကနေ၊နောက်တခါ ကျနော်တို့ အတိုက်ခိုက်ခံရနိုင်ခြေကနေ ကျနော်တို့ ဘယ်လိုမျိုးကာကွယ်စောင့်ရှောက်မလဲဆိုတဲ့ သင်တန်းတွေ သက်ဆိုင်ရာ ဒေသခံပြည်သူတွေ camps တွေ အထူးသဖြင့် EAOs ဒေသတွေမှာ လုံခြုံရေးလှုပ်ရှားနေကြတဲ့ CDM တွေ လက်နက်မကိုင်ပဲနဲ့ ဒီတော်လှန်ရေးမှာ ပါနေတဲ့ အင်အားစုတွေကို ကျနော် train နေတာရှိပါတယ်။ ဒါတွေကလည်း ခုနပြောတဲ့ စစ်ကောင်စီကနေ အစီအစဉ်ရှိရှိကျူးလွန်တဲ့ကိစ္စတွေမှာ ကိုယ်တွေက သားကောင်မဖြစ်အောင် ဝိုင်ဝန်းပြီးတော့ ကျနော်တို့ထိန်းသိမ်းနေတဲ့ ကိစ္စတွေ ရှိပါတယ်။”

မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း (HURFOM)အဖွဲ့က မှတ်တမ်းကောက်ခံနေတဲ့ မွန်၊ ကရင်နဲ့ တနင်္သာရီမှာ စစ်ဘေးဒုက္ခသည် အရေအတွက် ၃ သိန်းလောက်ရှိနေပြီး စားနပ်ရိက္ခာအကူအညီလိုအပ်နေသလို ကျန်းမာရေးစောင့်ရှောက်မှုလိုအပ်နေတယ်လို့ ပြောဆိုပါတယ်။

Forum

XS
SM
MD
LG