သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကော့ကရိတ်မြို့နယ်တွင်း စစ်ကောင်စီနဲ့ KNLA ပူးပေါင်းတပ်များ နေ့စဉ် တိုက်ပွဲဖြစ်ပွား


စစ်ကောင်စီတိုက်ခိုက်မှုကြောင့် KNU နယ်မြေအတွင်းဒေသခံနေအိမ်များ ပျက်စီးဆုံးရှုံးရကြောင်း KNU က ထုတ်ပြန်သည့် မှတ်တမ်းဓာတ်ပုံ (မေ ၁၁၊ ၂၀၂၄)
စစ်ကောင်စီတိုက်ခိုက်မှုကြောင့် KNU နယ်မြေအတွင်းဒေသခံနေအိမ်များ ပျက်စီးဆုံးရှုံးရကြောင်း KNU က ထုတ်ပြန်သည့် မှတ်တမ်းဓာတ်ပုံ (မေ ၁၁၊ ၂၀၂၄)

ကရင်ပြည်နယ် ကော့ကရိတ်မြို့မှာ စစ်ကောင်စီတပ်တွေနဲ့ KNLA /PDF ပူးပေါင်းတပ်တွေကြား တိုက်ပွဲတွေ နေ့စဥ်ဖြစ်နေပါတယ်။ စစ်ကောင်စီနဲ့ BGF နယ်ခြားစောင့်တပ်တွေ ပူးပေါင်းပြီး မြဝတီမြို့မှာ စစ်တပ်စခန်းတွေကိုပြန်လည်ရယူနိုင်ရေး ထိုးစစ်ဆင်ဖို့ပြင်ဆင်နေတယ်လို့ သတင်းတွေထွက်နေပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက်မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ကရင်ပြည်နယ် ကော့ကရိတ်မြို့မှာ စစ်ကောင်စီတပ်တွေနဲ့ KNLA /PDF ပူးပေါင်းတပ်တွေကြား နေ့စဉ် တိုက်ပွဲတွေဖြစ်နေပြီး စစ်ကောင်စီရဲ့ အောင်ဇေယျစစ်ဆင်ရေးဖြစ်တဲ့ အောင်ဇေယျစစ်ကြောင်းကလည်း ၂ လကြာတဲ့အထိ မြဝတီကို မလာရောက်နိုင်သေးပါဘူး။ စစ်ကောင်စီတပ်တွေကိုတော့ နယ်ခြားစောင့်တပ်က ကူညီပံ့ပိုးမူတွေရှိသလို ထိုးစစ်ဆင်မှုတွေမှာ ပူးပေါင်းတာတွေလုပ်နေတယ်လို့လည်း စစ်ရေးသတင်းရင်းမြစ်တွေကဆိုပါတယ်။

ဒီအခြေအနေအောက်မှာ စစ်ကောင်စီတပ်သားတွေဟာ အရပ်ဝတ်တွေနဲ့ မြဝတီဘက်ကို တက်လာနေတယ်လို့လည်း ပူးပေါင်းတပ်တွေကဆိုပါတယ်။ ပူးပေါင်းတပ်ဘက်က ခေါင်းဆောင်တဦးကတော့ စစ်ကောင်စီတပ်တွေနဲ့ နယ်ခြားစောင့်တပ်တွေ အခြေအနေကို အခုလိုပြောပါတယ်။

"သူတို့နည်းပေါင်းစုံနဲ့တက်တယ်။ ထိုကေ့ာကိုးလမ်းတွေ၊ ကားတွေသယ်ဆောင်တဲ့လမ်းတွေကနေ ကုန်သည်လို နည်းမျိုးစုံနဲ့တက်လာတယ်လို့သတင်းရတယ်။ မြဝတီမှာရောက်နေတယ်။ ဒါပေမဲ့ လက်နက်တွေကတော့ ဘယ်လိုသယ်ကြမယ်ဆိုတာတော့မသိဘူး။ ကျနော်တို့က ခရီးသည်လမ်းတွေကို ပိုပြီး စီစစ်နေရတယ်။ ကော့ကရိတ်ဘက်၊ ကျုံဒိုးတို့ဘက်မှာတော့ BGF တွေက စကစနဲ့ပူးပေါင်းပြီး ကျနော်တို့ကို တိုက်မယ်။ ထိုးစစ်ဆင်မယ်လို့သတင်းရထားတယ်။ စုဖွဲ့မှုတွေလုပ်တယ်ကြားတယ်။ ဒါပေမယ့် လက်တွေ့မှာတော့ BGF နဲ့ ထိပ်တိုက်ရင်ဆိုင်တာတော့ မရှိသေးဘူး။ အောင်ဇေယျစစ်ကြောင်းကတော့ သူတို့က ထိုးစစ်ဆင်နေတာပဲ။ ဒါပေမယ့် ထိုးစစ်ဆင်လိုက် အပြန်အလှန်တိုက်လိုက်နဲ့။ သူတို့က ဒေါနတောင်ကိုတေ့ာ မကျော်နိုင်သေးဘူး။"

နယ်ခြားစောင့်တပ်က တာဝန်ရှိသူတွေကတော့ စစ်ကောင်စီနဲ့ပူးပေါင်းထိုးစစ်ဆင်တာတွေ မလုပ်ပါဘူးလို့ ကရင်သတင်းဌာနက မေးမြန်းစဉ်မှာ ငြင်းဆိုထားပါတယ်။ ဒါပေမယ့် ပူးပေါင်းတပ်တွေကတော့ နယ်ခြားစောင့်တပ်ဟာ ယုံကြည်လို့မရကြောင်းစစ်ကောင်စီကိုထောက်ပံ့ပေးနေတာတွေက သူတို့အတူ ပူးပေါင်းထားတယ်ဆိုတာကို သက်သေပြနေတယ်လို့ ပြောပါတယ်။

"မြဝတီကိုသိမ်းနိုင်ခဲ့ပေမယ့် ကျနော်တို့က အုပ်ချုပ်ရေးယန္တယားကို မတည်ဆောက်နိုင်ခဲ့တဲ့အနေအထားကို သူတို့က (BGF) စကစကိုအလံပြန်တင်ပေးတယ်။ ပြန်ခေါ်လာတယ်။ ပြီးတော့ တံတား ၂ မှာလည်း တပ်ထားပေးတယ်။ လုံခြုံရေးယူပေးတယ်။ စားနပ်ရိက္ခာပို့တယ်။ အဲဒါ BGF ရဲ့လုပ်ဆောင်ချက်ပဲလေ။ ထင်ရှားတဲ့လုပ်ဆောင်ချက်တွေ သူနဲ့ပတ်သက်လို့ကျနော်တို့က ရန်ငါစည်းပြတ်ဖို့လိုတယ်။ BGF - သူတို့ကတော့ မပေါင်းပါဘူးလို့ ကျနော်တို့ကမတိုက်ပါဘူးလို့ ပြောပေမယ့် သူတို့က စကစ ကို ထောက်ပံ့ပေးနေတာပဲလေ။ ထောက်ပံ့ပေးနေတယ်ဆိုကတည်းက အဲဒါ သူတို့ ဝိုင်းတိုက်ပေးနေတယ်လို့ ကျနော်တို့က ဒီလိုပဲယူဆပါတယ်။"

ကော့ကရိတ်မြို့နယ်ထဲမှာတော့ ပူးပေါင်းတပ်တွေက မြို့ပေါ်ကနေ ဆုတ်ခွါသွားပြီးကတည်းက စစ်ကောင်စီတပ်တွေက နေရာဝင်ယူထားပြီး လတ်တလောမှာ ကျောင်းတွေပြန်ဖွင့်တာတွေကိုလုပ်လာတယ်လို့လည်း ပြောပါတယ်။

"ကော့ကရိတ်မြို့ပေါ်မှာ ကျနော်တို့ကျားဖြူစစ်ကြောင်းက ပြန်ဆုတ်သွားတော့ သူတို့က နေရာဝင်ယူထားတယ်။ မီးလောင်ပြင်တွေမှာပဲ။ ဒီနေ့မှာပဲ အဲဒီကော့ကရိတ်က ဝမ်းရေးကျောင်းနဲ့ အထက ၁ ကို နှစ်ခုပေါင်းပြီး အတင်းပြန်ဖွင့်ခိုင်းတော့ ကျောင်းသား ၁၀၀ လောက်တော့တက်မယ်။ ကျောင်းတော့ ဖွင့်လိုက်ပြီ။ တက်တဲ့ကလေးတွေက သိပ်မရှိဘူး။ အဲဒီမှာနေထိုင်တဲ့ အသက်အာမခံအတွက် လုံခြုံရေးအတွက်ကလည်း ဘယ်သူမှ လည်း တာဝန်မယူပေးနိုင်ဘူး။ တချို့က မဖြစ်မနေပြန်ရတယ်။ နေစရာမရှိတာ၊ စစ်ဘေးရှောင်နေရာမှာ ခက်ခဲနေတော့ မဖြစ်မနေ နေထိုင်နေရတာပဲရှိတယ်။"

ကော့ကရိတ်မြို့နယ်ထဲက အတွင်းကွင်းကလေး၊ တုံးတံတားနေရာဘက်မှာတော့ နယ်ခြားစောင့်တပ်နဲ့ စစ်ကောင်စီတပ်တွေ ပူးပေါင်းထားတဲ့အဖွဲ့နဲ့ KNLA/PDF ပူးပေါင်းတပ်တွေ၊ ဇွန်လ ၁ ရက် နေ့တိုက်ပွဲဖြစ်ချိန်မှာ လေကြောင်းတိုက်ခိုက်မှုတွေ ပြင်းပြင်းထန်ထန်ဖြစ်ခဲ့တယ်လို့လည်း ဒေသခံတွေဆိုပါတယ်။ ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်အတွင်းမှာတော့ တိုက်ပွဲတွေကတော့ ဆက်တိုက်ဖြစ်ပေါ်နေပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG