သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တနင်္သာရီဒေသ အောင်သာဝရတပ်စခန်းကို KNLA ပူးပေါင်းတပ်တွေ သိမ်းယူ


တနင်္သာရီတိုင်းအတွင်း စစ်ကောင်စီတပ်ဘက်က နှစ် ၃၀ နီးပါးတပ်စွဲထားတဲ့ ဝေ့တူရေ့လို့ခေါ်တဲ့အောင်သာဝရတပ်စခန်းကို KNLA တပ်မဟာ ၄ တပ်ရင်းတပ်ဖွဲ့တွေနဲ့ PDF ပူးပေါင်းတပ်တွေက ဇွန်လ ၁၄ ရက်နေ့ကသိမ်းပိုက်ခဲ့စဥ်။ (ဓာတ်ပုံ-KNU)
တနင်္သာရီတိုင်းအတွင်း စစ်ကောင်စီတပ်ဘက်က နှစ် ၃၀ နီးပါးတပ်စွဲထားတဲ့ ဝေ့တူရေ့လို့ခေါ်တဲ့အောင်သာဝရတပ်စခန်းကို KNLA တပ်မဟာ ၄ တပ်ရင်းတပ်ဖွဲ့တွေနဲ့ PDF ပူးပေါင်းတပ်တွေက ဇွန်လ ၁၄ ရက်နေ့ကသိမ်းပိုက်ခဲ့စဥ်။ (ဓာတ်ပုံ-KNU)

တနင်္သာရီတိုင်းအတွင်း စစ်ကောင်စီတပ်ဘက်က နှစ် ၃၀ နီးပါးတပ်စွဲထားတဲ့ ဝေ့တူရေ့လို့ခေါ်တဲ့အောင်သာဝရတပ်စခန်းကို KNLA တပ်မဟာ ၄ တပ်ရင်းတပ်ဖွဲ့တွေနဲ့ PDF ပူးပေါင်းတပ်တွေက ဇွန်လ ၁၄ ရက်နေ့က တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက် မအေးအေးမာကသတင်းပေးပို့ထားပါတယ်။

ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ (၄) ကတပ်ရင်းတပ်ဖွဲ့တွေနဲ့ PDF စတဲ့ပူးပေါင်းတပ်တွေဟာတနင်္သာရီတိုင်းအတွင်းက သက်တမ်းရင့်စခန်းတခုဖြစ်တဲ့ အောင်သာဝရစခန်းကို ၂ လနီးပါးကြာ ပိတ်ဆို့ထားပြီးတဲ့နောက် ဇွန်လ ၁၄ ရက်နေ့က တိုက်ခိုက်သိမ်းပိုက်ခဲ့တာပါ။ အင်အား ၅၀ နီးပါးရှိတဲ့ အောင်သာဝရစခန်းကို သိမ်းပိုက်လိုက်နိုင်တာနဲ့ပတ်သက်လို့ တနင်္သာရီတိုင်းအခြေစိုက် ပူးပေါင်းတပ်ဖွဲ့ ခေါင်းဆောင်တဦးကအခုလိုပြောပါတယ်။

"စခန်းကတော့ ၁၄ နေ့မှာ သိမ်းလိုက်နိုင်တယ်။ တော်လှန်ရေးပူးပေါင်းတပ်တွေကသိမ်းလိုက်တာပါ။ ဖြစ်စဉ်ကတော့ KNLA တပ်မဟာ ၄ နဲ့ တပ်ရင်း ၇ က PDF ပူးပေါင်းတပ်တွေနဲ့ သိမ်းလိုက်တာပါ။ စကစဘက်က ၁၇ ယောက်သေဆုံးပြီးတော့ ထွက်ပြေးသွားတဲ့သူတွေက အယောက် ၃၀ ကျော်ရှိတော့ တော်လှန်ရေးပူးပေါင်းတပ်တွေကတော့ တောက်လျှောက် နယ်မြေရှင်းလင်းရေးတွေကတော့ လုပ်နေရဆဲဖြစ်တယ်ပေါ့နော်။"

အောင်သာဝရစခန်းဟာ စစ်ကောင်စီရဲ့သက်တမ်းရှည်ကြာတဲ့စခန်းဖြစ်ပြီး ဒီစခန်းကနေ ဒေသခံလူထုကို ပေါ်တာဆွဲတာတွေကို နှစ်ပေါင်းအတော်ကြာကတည်းက လုပ်ခဲ့တဲ့စခန်းဖြစ်တယ်လို့လည်း ပြောပါတယ်။

"ဒီစခန်းက ၂၇ နှစ်၊ ၂၈ နှစ်လောက်တောင်ရှိပြီပေါ့နော်။ စစ်တပ်က တပ်စွဲထားတာပေါ့။ ရဟတ်ယာဉ်ကွင်းပါပါတယ်။ တနင်္သာရီမြို့နယ်၊ ချောင်းဖျားပိုင်း တနင်္သာရီမြစ်ရိုးမှာရှိနေတဲ့စခန်းပေါ့နော်၊ ကျနော်တို့ငယ်ငယ်ကဆို ထားဝယ်ခရိုင်၊ မြိတ်ခရိုင်ထဲက ဒေသခံလူထုတွေကို အရမ်းကို ဒုက္ခပေးတဲ့စခန်းပေါ့နော်။ အဲဒီဒေသမှာဆိုရင် ပေါ်တာတွေဆွဲတယ်။ အရမ်းဒုက္ခပေးတဲ့စခန်းဖြစ်တယ်။ စစ်ကောင်စီဘက်က ၂၇ နှစ်လောက် တပ်စွဲထားတဲ့စခန်းကို ဒီကာလမှာတေ့ ကျနော်တို့ တော်လှန်ရေးပူးပေါင်းတပ်တွေက အောင်မြင်စွာသိမ်းလိုက်နိုင်တာပေါ့နော်။"

အဲဒီစခန်းအတွင်းက လက်နက်ကြီးတွေဖြစ်တဲ့ ၁၂၀ မမ၊ လက်နက်ကြီး၊ လက်နက်ငယ်တွေအားလုံး သိမ်းဆည်းရမိတယ်လို့လည်း ဆိုပါတယ်။ အခုနောက်ဆုံးသတင်းတွေအရ ထွက်ပြေးသွားသူတွေကိုလိုက်လံရှင်းလင်းနိုင်ခဲ့တယ်လို့ ပြောပါတယ်။တိုက်ပွဲဖြစ်ချိန်မှာကော တိုက်ပွဲအပြီးမှာကော စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုတွေလုပ်ခဲ့တယ်လို့ဆိုပါတယ်။

အောင်သာဝရတပ်စခန်းကို ၁၉၉၇ ခုနှစ်ကစပြီး စစ်တပ်က တပ်စွဲနေထိုင်လာခဲ့တာပါ။ လတ်တလောမှာတော့ အဲဒီစခန်းမှာ ခလရ ၂၈၅ က တပ်စွဲနေရာယူထားတယ်လို့လည်း ကေအန်ယူဘက်က ဆိုပါတယ်။ ဒီစခန်းသိမ်းပိုက်ခံရတဲ့အခြေအနေနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်ကတော့ ထုတ်ဖော်ပြောဆိုတာမရှိသေးပါဘူးရှင်။

Forum

XS
SM
MD
LG