သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပျောက်ဆုံး တောင်တက် သမား အမေရိကန် အဖွဲ့ ကူရှာပေးမည်


တောင်ထိပ်သို့ တက်ရောက်သွားနိုင်ကြောင်း ပြသခဲ့တဲ့ ခါကာဘိုအောင်နိုင်ရေးအဖွဲ့ ရောက်ရှိရာပြမြေပုံ။ သတင်းဓာတ်ပုံ-တက္ကသိုလ်များခြေလျ င်နှင့် တောင်တက်အသင်း - သဘာဝခေါ်သံဖောင်ဒေးရှင်း FB စာမျက်နှာ။
တောင်ထိပ်သို့ တက်ရောက်သွားနိုင်ကြောင်း ပြသခဲ့တဲ့ ခါကာဘိုအောင်နိုင်ရေးအဖွဲ့ ရောက်ရှိရာပြမြေပုံ။ သတင်းဓာတ်ပုံ-တက္ကသိုလ်များခြေလျ င်နှင့် တောင်တက်အသင်း - သဘာဝခေါ်သံဖောင်ဒေးရှင်း FB စာမျက်နှာ။

ခါကာဘိုရာဇီ ရေခဲတောင်ထိပ် မှာ ပျောက်ဆုံးနေတဲ့ မြန်မာ တောင်တက် သမားနှစ်ဦး ကို ဆက်လက် ရှာဖွေနေဆဲဖြစ်ပေမယ့် တွေ့နိုင်ဖို့အတွက်တော့ အလှမ်းဝေးနေ ဆဲ ဖြစ်ပါတယ်။ အခုလက်ရှိ ပြည်တွင်းကယ်ဆယ်ရေး အဖွဲ့တွေက တောင်ခြေရဲ့ ပထမစခန်းကို ရောက်နေပြီဖြစ်သလို မနက်ဖြန်မှာတော့ အမေရိကန်ပြည်ထောင်စုက ကူညီရှာဖွေပေးမယ့် ကယ်ဆယ်ရေး အဖွဲ့လည်း ရောက်လာတော့မှာ ဖြစ်ပါတယ်။ လတ်တလောဆောင်ရွက်နေတဲ့ ကယ်ဆယ်ရေးလှုပ်ရှားမှုတွေကို မခွာညိုက ဆက်သွယ် မေးမြန်းတင်ပြထားပါတယ်။

ခါကာဘိုရာဇီ ရေခဲတောင်ထိပ်မှာ ပျောက်ဆုံးနေတဲ့ မြန်မာ တောင်တက်သမား အဖွဲ့ဝင်နှစ်ဦးကို ကယ်ဆယ်ရေးအဖွဲ့အတွက် ရိက္ခာအပြည့်အစုံ၊ ပေ ၂ သောင်း အမြင့်ပျံသန်းနိုင်မယ့် ရဟတ်ယာဉ်တစ်စင်းအကူအညီနဲ့အတူ ထူးဖောင်ဒေးရှင်းက ဦးတေဇနဲ့ အဖွဲ့ဝင် ၈ ယောက်ဟာ အခု ခါကာဘိုရာဇီတောင်ခြေဆီသွားမယ့် တဟောင်ဒမ်းကျေးရွာကို ရောက်နေပြီလို့ နောင်မွန်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်ဦးက ပြောပါတယ်။

"တဟောင်ဒမ်းကျေးရွာနဲ့ ထောင်ခြေနဲ့ ရောက်ဖို့ဆိုတာ နောက်ထပ် ၃၇မိုင် လိုသေးတယ်ခင်ဗျ။ ဒေသခံတိုင်းရင်းသားတွေ နဲ့ တောင်တက်သမားတွေ သွားဖူးတဲ့သူတွေရဲ့စကားအရဆိုရင်တော့ လေးရက်လောက်လမ်းလျှောက်ရဦးမယ်။ ရိက္ခာေတွေပေါ့နော် ရဟတ်ယာဉ်နှစ်စင်းနဲ့ ရိက္ခာဆိုတာလည်း ရှာဖွေရေးအဖွဲ့အတွက်အသုံးပြုရန်အတွက်ဆိုပြီးတော့ တဟွန်ဒမ်းမှာ ရိက္ခာတွေ စုပုံဖို့ ရိက္ခာတခေါက်ပို့တယ်။ အဲဒီအပြင် အောက်လမ်းကလည်း ကျနော်တို့ ပစ္စည်းပို့ပေးတယ်။

အောက်လမ်းကနေတော့ မနေ့က ပန်နန်းနယ် ထွေအုပ်က အုပ်ချုပ်ရေး အဖွဲ့ကနေ ချပေးတဲ့ အထမ်းသည် ၂၀ လောက်နဲ့ အောက်လမ်းက သပ်သပ် ပို့ပေးတာပေါ့။ အောက်လမ်းကနေတော့ တဟွန်ဒမ်းရောက်ဖို့ ၇ ရက်လောက် လမ်းလျှောက်ရသေးတယ်။ ကျနော်တို့ သိသလောက်တော့ သူတို့မှာ ၂ ပတ်စာလောက်ဘဲ ပါသွားတာ။ အခုဆိုရင် ကျနော်တို့က ၁၀ ရက်ကျော်သွားပြီပေါ့နော်။ ၂ ပတ်လောက်တော့ ရှိနေပြီပေါ့။ မလောက်နိုင်ဘူးလို့တော့ ထင်တာဘဲ။"

သဘာဝခေါ်သံ ဖောင်ဒေးရှင်းရဲ့ တောင်တက်အဖွဲ့ဝင် ၈ ဦးအနက် ၆ ဦးက တောင်ခြေ အခြေစိုက် စခန်းဖြစ်တဲ့ အမြင့်ပေ ၁၃၆၂ ပေမှာ နေရစ်ခဲ့ တာဖြစ်ပြီး ကိုအောင်မြင့်မြတ်နဲ့ ကိုဝေယံမင်းသူတို့ နှစ်ဦးကတော့ တောင်ထိပ်မှာ အလံစိုက်ဖို့ ခရီးဆက်ခဲ့ကြတာပါ။ အလံစိုက်ထူနိုင်ခဲ့တဲ့အထိ တောင်ခြေမှာ ကျန်ရစ်တဲ့ အဖွဲ့ဝင်တွေနဲ့ အဆက်အသွယ် ခေတ္တ ရှိနေခဲ့သေးတာပါ။ သြဂုတ်လ ၃၁ ရက်နေ့က စပြီး သူတို့နဲ့ အဆက်အသွယ်ပြတ်တောက်သွားခဲ့ပါတယ်။ အခြေစိုက်စခန်းမှာ ကျန်ခဲ့တဲ့ အဖွဲ့ဝင်တွေက ပေ ၁ သောင်း၊ ၆ ထောင် အမြင့်ထိ တက်ပြီး ရှာဖွေခဲ့ပေမယ့် မတွေ့ခဲ့ကြရဘူးလို့လည်း ဦးအောင်နိုင်ဦးက ဆက်ပြောပြပါတယ်။

အခု ကယ်ဆယ်ရေးအဖွဲ့တွေ စခန်းချနေတဲ့ တဟောင်ဒမ်းကျေးရွာ ဟာ နောင်မွန်းမြို့နယ်ကနေ မိုင် ၁၃၀ ကွာဝေးပြီး ပန်နန်းနယ်ကနေ မိုင် ၅၀ ကျော် ကွာဝေးပါတယ်။ တောင်တက်အခြေစိုက်စခန်းကိုရောက်ဖို့ လမ်းမှာ ကြားစခန်း ၅ ခုရှိပြီး အမြင့်ပေ ၇ ထောင် ဝန်းကျင်ရှိတဲ့ ပထမဆုံး စငါ စခန်းကိုရောက်ဖို့ ၃၇ မိုင် ခြေလျင်ခရီး ဆက်ရမှာ ဖြစ်ပါတယ်။

ပဉ္စမ စခန်းကနေ တောင်တက်သမားတွေရဲ့ အခြေစိုက်စခန်းကတော့ အမြင့်ပေ ၁ သောင်း ၃ ထောင်ကျော်မှာ ရှိပါတယ်။ သဘာဝခေါ်သံ ဖောင်ဒေးရှင်းရဲ့ အမှုဆောင် တစ်ဦးဖြစ်တဲ့ ဦးထွန်းလှအောင်ကတော့ တရုတ်ကယ်ဆယ်ရေး အဖွဲ့တွေက လိုအပ်ချက်တချို့ ရှိနေတာကြောင့် တရုတ်ပြည်ကို ပြန်သွားပြီး တိဘက်နယ်ဘက်ကနေ လှည့်ပြီး တက်ရောက်ရှာဖွေကယ်ဆယ်မှာ ဖြစ်ကြောင်းနဲ့ အဲဒီဘက်ကနေဆိုရင် တောင်တက်သမားနှစ်ဦး ပျောက်ဆုံးရာကို ရောက်ဖို့ ၃ ရက်သာ ကြာမယ်လို့လည်း ဆိုပါတယ်။

"တရုတ်အဖွဲ့ကတော့ မြန်မာပြည်ဘက်ကနေ ရှာဖွေကယ်ဆယ်ရေး စဖို့ လိုအပ်ချက်တွေ ရှိနေတာကြောင့် ပြန်သွားပါပြီခင်ဗျ။ အဲ့ဒီ တရုတ်အဖွဲ့က တိဘက်ကနေ လက်ရှိ နောက်ထပ် ကူညီကယ်ဆယ်ရေး အဖွဲ့နဲ့ ပေါင်းပြီး တရုတ်နိုင်ငံဘက်နေ ရှာဖွေကယ်ဆယ်ရေးတွေ လုပ်ဖို့ စီစဉ် သွားပါတယ်ဗျ။ လမ်းလျှောက်ပြီး ရှာမယ်ဆိုရင်တော့ တရုတ်ဘက်က နောက်ဆုံးရွာကနေ ဆိုရင် ၃ ရက် ဝန်းကျင်လောက်ဆိုရင် ခါကာဘိုရာဇီ တောင်ခြေကို ရောက်နိုင်တဲ့ အတွက် သူတို့ဘက်ကလည်း ကူညီကယ်ဆယ်ဖို့ မြန်မြန် လှုပ်ရှားနိုင်တယ်ဆိုပြီး အဲလို စီစဉ်သွားတာပါ။"

ကယ်ဆယ်ရေး လုပ်ငန်း အတွက် အရေးပါတဲ့ ရာသီဥတု အခြေအနေနဲ့ တခြား ပြင်ပ အကူအညီရယူမှုတွေနဲ့ ပတ်သက်လို့လည်း ဦးထွန်းလှအောင်က အခုလို ပြောပါတယ်။

"အခု မြန်မာနိုင်ငံကလည်း ဖိလစ်ပိုင်မှာ ဝင်တဲ့ မုန်တိုင်းက ကုန်းတွင်း မုန်တိုင်း အဖြစ် ဆက်လက်ဝင်နိုင်မယ်ဆိုတဲ့ အတွက် ဒီ ရာသီဥတု ခန့်မှန်းချက်ကိုတော့ ကျနော် အတိအကျ မသိရသေးဘူး ခင်ဗျ။ နိုင်ငံတကာ ကူညီကယ်ဆယ်ရေး အတွက် ဒီ ယိုးဒယား နိုင်ငံကနေပြီးတော့မှ အမြင့်ပေ ၂ သောင်း အထိ ပျံသန်းနိုင်တယ်လို့ ပြောတဲ့ ရဟတ်ယာဉ် တစီးလည်း လက်ရှိ ငှားယမ်းပြီးတော့ ပူတာအိုကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။ နောက်ပြီးတော့ အမေရိကန်နိုင်ငံက အပါအဝင် ၄ ယောက် အနေနဲ့လည်း မနက်ဖြန်မှာ ရန်ကုန်ကို ရောက်နိုင်မယ်လို့တော့ ကျနော် သတင်းရထားပါတယ်ခင်ဗျ။"


အခု ထူးဖောင်ဒေးရှင်းရဲ့ ကယ်ဆယ်ရေးအဖွဲ့တွေဟာ အရင်က ခါကာဘိုရာဇီတောင်ထိပ်ကို အရောက်တက်ခဲ့သူ နမားဂျွန်ဆင်နဲ့အတူ ကယ်ဆယ်ရေး လုပ်ငန်းတွေကို ပူးတွဲ ဆောင်ရွက်နေ တာဖြစ်ပါတယ်။ ပျောက်ဆုံး သူတွေရဲ့ မိသားစုဝင်တွေကို ပူတာအိုမြို့နယ်အတွင်း ကနေပြီး ကယ်ဆယ်ရေးသတင်းကို ရဖို့အတွက် စောင့်ဆိုင်းနေကြပါတယ်

XS
SM
MD
LG