သုံးရလွယ်ကူစေသည့် Link များ

ပညာရေး ပြုပြင်ပြောင်းလဲရေး တွေ့ဆုံဆွေးနွေးဖို့ တိုက်တွန်း


သာယာဝတီထောင်က ကျောင်းသားတွေပြန်လည်လွတ်မြောက်လာစဉ် (ဧပြီလ ၈ ရက်နေ့ ၂၀၁၆ )

ကျောင်းသားတွေ တောင်းဆိုနေတဲ့ ဒီမိုကရေစီ ပညာရေး ပြုပြင် ပြောင်းလဲရေး အတွက် ကျောင်းသားတွေ၊ ဆရာဆရာမတွေ နောက် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD အစိုးရနဲ့ ပြည်သူက ရွေးချယ် တင်မြှောက် လိုက်တဲ့ ပြည်သူ့ ကိုယ်စားလှယ်တွေ တွေ့ဆုံဆွေးနွေး အဖြေရှာကြဖို့ ၈၈ မျိုးဆက်ခေါင်းဆောင်တဦးနဲ့ ဆရာဆရာမများအဖွဲ့ချုပ် တာဝန်ရှိသူတဦးက တိုက်တွန်း လိုက်ပါတယ်။ ပညာရေးစနစ်ပြုပြင်ပြောင်းလဲဖို့ ကျောင်းသားတွေလိုလားတဲ့ ဆန္ဒတွေ ၊ NLD အစိုးရ ချမှတ်ထားတဲ့ ပညာရေး ဆိုင်ရာ မူဝါဒတွေနဲ့ ပညာရှင်တွေရဲ့ ဝိုင်းဝန်း အကြံပြုချက်တွေနဲ့ ပေါင်းစပ်လိုက်ရင် မြန်မာနိုင်ငံတွင်း အဆင့်မြင့် ပညာရေးစနစ် ထွန်းကားလာမယ်လို့လည်း ယုံကြည်မျှော်လင့်ကြပါတယ်။ အသေးစိတ် မဆုမွန်က တင်ပြထားပါတယ်။

အရင်အစိုးရလက်ထက်က ပြဋ္ဌာန်းအတည်ပြုခဲ့တဲ့ အမျိုးသားပညာရေးဥပဒေဟာ ဒီမိုကရေစီ ပညာရေးစနစ်ဖြစ်ထွန်းအောင် လုပ်ဆောင်နိုင်မှာမဟုတ်ဘူးဆိုပြီး ငြိမ်းချမ်းစွာ ခရီးရှည် ချီတက် လမ်းလျှောက် ဆန္ဒပြခဲ့တဲ့ ကျောင်းသားတွေ အကြမ်းဖက် ထိန်းသိမ်းခံရပြီးနောက် NLD ဦးဆောင်တဲ့ အစိုးရသစ် လက်ထက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကြိုးပမ်းချက်နဲ့ အကျဉ်းထောင်တွေထဲက လွတ်မြောက်လာပြီးနောက်မှာတော့ ပင်မသပိတ် စစ်ကြောင်းကို ဦးဆောင်ခဲ့တဲ့ ဗမာ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် ဗကသရဲ့ သဘောထားဆန္ဒတွေ ကို ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

ကျောင်းသားတွေ သပိတ်မှောက်ဆန့်ကျင်ခဲ့တဲ့ အမျိုးသားပညာရေးဥပဒေကို အနာဂတ်တိုင်းပြည်နဲ့ ကျောင်းသား မျိုးဆက်သစ်တွေရဲ့ အကျိုးကိုရှေးရှုပြီး ဒီမိုကရေစီ စံနှုန်းတွေနဲ့ ကိုက်ညီတဲ့ ပညာရေးစနစ်တရပ် ပေါ်ထွန်းလာစေဖို့ ပညာရေး တောင်းဆိုချက် (၁၁) ချက်ကို နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ပြည်သူကို မျက်ကွယ်မပြုတဲ့ လွှတ်တော်အသစ်၊ အစိုးရအသစ်လက်ထက်မှာ ဆက်ပြီးတော့ ညှိနှိုင်းဖော်ဆောင်သွားမယ်လို့ ဗကသက ထုတ်ပြန် လိုက်တာပါ။

ဒီလို ညှိနှိုင်းသွားကြမယ်ဆိုတဲ့ ကျောင်းသားတွေရဲ့ သဘောထား အပေါ် မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ်က ကြိုဆိုပြီး ဆရာ၊ ဆရာမတွေ အနေနဲ့လည်း ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေမှာ ပူးပေါင်း ပါဝင်ဆောင်ရွက်သွားဖို့အသင့်ပါပဲလို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများ အဖွဲ့ချုပ် ဒုဥက္ကဋ္ဌလည်းဖြစ် မန္တလေး ရတနာပုံတက္ကသိုလ် အင်္ဂလိပ်စာဌာနကထိကတဦးလည်းဖြစ်တဲ့ ဦးသုတက ဗွီအိုအေမြန်မာပိုင်းကို ပြောပါတယ်။

“ကျောင်းသားတွေတောင်းဆိုတဲ့ ညှိနှိုင်းဆောင်ရွယ်မယ်ဆိုတာလည်း လက်ခံတယ်ခင်ဗျ။ ဘာကြောင့်လဲဆိုတော့ ပူးပေါင်းဆောင်ရွက်မှသာအောင်မြင်မှာ။ ဘာဖြစ်လို့လဲဆိုတော့ ကျောင်းသားလည်းမပါဘူး၊ ဘာမှလည်းမပါဘူးလုပ်ခဲ့တဲ့ ပညာရေးစနစ်တွေ ဆုံးရှုံးခဲ့ရတယ်။ အဲဒါကြောင့်မို့လိုအခုအားလုံးပါဝင်မှပေါ့နော် အားလုံး all inclusive ပေါ့။ အဲဒါပါမှသာ ကျနော်ကတော့ အောင်မြင်မယ် လို့ မြင်တယ်ခင်ဗျ။ မဆွေးနွေးနိုင်စရာမှ မရှိပဲ ကျောင်းသားတောင်းတာက ဘာမှတောင်းတာမဟုတ်ဘူး ဒီပညာရေးကို လွတ်လပ်စွာ ပညာသင်ကြားခွင့်တောင်းတာပေါ့။ ဒါကတော့ ပေးနိုင်လိမ့်မယ်လို့လည်း ထင်ပါတယ်။ ကျနော်တို့ကတော့ လက်ရှိပညာရေးဝန်ထမ်းတွေပေါ့နော် ပညာရေးဝန်ထမ်းတွေဖြစ်တဲ့ အတွက် ဒီ educational process တခုလုံးကပေါ့လေ ပညာရေးပြုပြင်ပြောင်းလဲရေးမှာကျနော်တို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများ အဖွဲ့ချုပ် အခန်းကဏ္ဍက ဘယ်နေရာမှမဆို ကျနော်တို့ အားလုံး လုပ်ဆောင်ပေးသွားမှာပါ။ ဘာကြောင့်လဲဆိုတော့ ပြည်သူ့အစိုးရတရပ်ကို ကျနော်တို့ အပြည့်အ၀ထောက်ခံပြီးတော့ ကျနော်တို့ ပူးပေါင်းဆောင်ရွက်မှုလုပ်သွားမှာပါ။”

၈၈ မျိုးဆက်ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးမင်းဇေယျာ ကလည်း ကျောင်းသားတွေ တောင်းဆိုနေတဲ့ ဒီမိုကရေစီ ပညာရေး ပြုပြင် ပြောင်းလဲရေး အတွက် တွေ့ဆုံဆွေးနွေး အဖြေရှာကြဖို့ကိုလည်း တိုက်တွန်းပါတယ်။

“ဒီ ဗကသများအဖွဲ့ချုပ်ကထုတ်တဲ့ ကြေညာချက်အရဆိုရင် သူတို့က တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းကိုသွားမယ်ဆိုတာ ပြောထားတာကို။ ထို့အတူပဲ NLD ကလည်း မြန်မာနိုင်ငံရဲ့ ပညာရေးစနစ်ကို ပြုပြင်ပြောင်းလဲဖို့ ၊ အမျိုးသား ပညာရေးကို မြှင့်တင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်တွေရှိတယ် လို့လဲပြောထားတဲ့ အခါကျတော့ ဒီလက်ရှိပညာရေး စနစ်မှာ ကျောင်းသားတွေ အခန်းကဏ္ဍ၊ နောက်ပြီး ကျောင်းသားသမဂ္ဂရဲ့အခန်းကဏ္ဍတွေကို ဆက်လက်ပြီးတော့ ဘယ်လိုအကောင်အထည်ဖော်မလဲ ဆိုတဲ့အချက် ကတော့ တွေ့ဆုံဆွေးနွေးခြင်းဖြင့်ပဲ ပိုပြီးတော့ ထိရောက်မယ်လို့ပဲ ကျနော်ကမြင် တယ်လေ။ ထို့အတူပဲကျောင်းသားတွေ ကလည်း တွေ့ဆုံဆွေးနွေးဖို့ အတွက်ပဲ တောင်းဆိုဆွေးနွေးဖို့ပဲ တောင်းဆိုတယ်ဆိုတော့ ကောင်းသောအလားအလာ လို့ပဲကျနော်တွက်လို့ရတာပေါ့နော်။ ပညာရေးနဲ့ ပတ်သက်ပြီးတော့ policy ပိုင်းဆိုင်ရာပေါ့နော် မူပိုင်းဆိုင်ရာတွေမှာ ကျောင်းသားတွေရဲ့ လိုလားချက်နဲ့တော့ ကျနော်တို့တွေ့ဆုံဆွေးနွေးရင်တော့ ပိုအကျိုးရှိမယ်လို့ထင်ပါတယ်။”

ကျောင်းသားတွေဘက်ကလည်း သူတို့ လိုလားတောင့်တတဲ့ ပညာရေးစနစ်ဖြစ် ထွန်းလာဖို့ တောင်းဆိုချက်တွေအပေါ် ပြည်သူ က ရွေးချယ်တင်မြှောက်လိုက်တဲ့ အစိုးရနဲ့ လွှတ်တော်အပြင် ပညာရှင်တွေရဲ့ ဝိုင်းဝန်းအကြံပြုချက်တွေကိုပါ ထည့်သွင်းစဉ်းစား ပြီး ပညာရေးစနစ် အဆင့်အတန်းမြင့် လာအောင် ဆောင်ရွက်ပေးနိုင်မယ်လို့လည်း ဆရာ၊ ဆရာမတွေဘက်က ယုံကြည်မျှော်လင့်တယ်လို့ ဦးသုတက ပြောပါတယ်။

“နံပတ် ၁ ကတော့ ဒီ ကျနော်တို့ အခုအစိုးရဟာ ဦးသိန်းစိန်အစိုးရနဲ့ မတူဘူး။ ကျနော်တို့က တကယ့်ပြည်သူက စစ်မှန်တဲ့ ပြည်သူ့ဆန္ဒနဲ့အညီ ဖွဲ့စည်းတဲ့ အစိုးရဖြစ်တယ်။ အဲတော့ ပြည်သူ့ အစိုးရဖြစ်တဲ့ အတွက် ပြည်သူ ကိုတော့ ငြိုငြင်အောင် မလုပ်ဘူး။ ကျောင်းသား ကိုတော့ ငြိုငြင်အောင် မလုပ်ဘူး လို့ ကျနော်နားလည်ထားတယ်။”

ဒီမိုကရေစီအစိုးရခေတ်မှာ မူဝါဒပိုင်းဆိုင်ရာ မတူကွဲပြားတဲ့ ဆန္ဒ သဘောထားတွေကြား တွေ့ဆုံဆွေးနွေးအဖြေရှာခြင်းကသာလျှင် သဘောတူညီချက်အဖြေထွက်နိုင်မှာဖြစ်လို့ ဒီနည်းလမ်းသာ အကောင်းဆုံးပါ လို့လည်း ၈၈ မျိုးဆက်ခေါင်းဆောင် ဦးမင်းဇေယျာက အကြံပြုပါတယ်။

“ဒီလက်ရှိကျောင်းသားတွေရဲ့ ကျောင်းသားခေါင်းဆောင်တွေ၊ ဒီပညာရေးပြုပြင်ပြောင်းလဲလိုတဲ့ ပညာရှင်တွေ ၊ အဲဒီပညာရှင်တွေက လက်ရှိ အဲဒီပြည်သူတွေက ရွေးချယ်ထားတဲ့ ပြည်သူ့အစိုးရ ကိုယ်စားလှယ်တွေ နဲ့ တွေ့ဆုံဆွေးနွေးမယ် ဆိုရင်တော့ အားလုံးလိုလားတဲ့ အဖြေတခုရနိုင်တယ်လို့ ကျနော်က မျှော်လင့်တယ်လေ။အဓိကကတော့ တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းသာလျှင် အကောင်းဆုံးလမ်းကြောင်း ဆိုတဲ့သဘော ကျနော်ကပြောတာပါ။”

အခုလက်ရှိမှာတော့ ပြီးခဲ့တဲ့ ဦးသိန်းစိန်အစိုးရလက်ထက်မှာ အမျိုးသားပညာရေးဥပဒေကို လွှတ်တော်မှာ အတည်ပြုပြဋ္ဌာန်းခဲ့ပြီး ဖြစ်သလို NLD အစိုးရလက်ထက် လွှတ်တော်သစ်မှာ ပညာရေးဝန်ကြီး အဖြစ် ဒေါက်တာ မျိုးသိမ်းကြီးကို အတည်ပြု ခန့်အပ် လိုက်တဲ့အပေါ် ပညာရေးလောကသားတွေ အကြားမှာရော အမျိုးသားပညာရေးဥပဒေကို ကန့်ကွက်ခဲ့ကြတဲ့ ကျောင်းသားတွေ အကြားမှာပါ မကျေလည်မှုတွေနဲ့ မေးခွန်းထုတ်တာတွေရှိပါတယ်။

အထူးသဖြင့်တော့ ဒေါက်တာမျိုးသိမ်းကြီးဟာ သမ္မတဦးသိန်းစိန် အစိုးရလက်ထက် အမျိုးသားပညာရေးဥပဒေ ပေါ်ပေါက်ရေးနဲ့ ပညာရေး ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေမှာ ဦးဆောင်ပါဝင်ခဲ့သူတဦးဖြစ်ပြီး ကျောင်းသားတွေနဲ့ ထိပ်တိုက်တွေ့ခဲ့သူတဦးဖြစ်ပါတယ်။

စိတ်ဝင်စားဖွယ် ...

XS
SM
MD
LG