သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကျောင်းသားဆန္ဒပြပွဲမှာ မပါဖို့ မိဘတွေကို ဖိအားပေး


ကျောင်းသားသပိတ်တပ် မကွေးကနေ တောင်တွင်းကြီး သွားတဲ့လမ်းမှာ ဟောပြော- သတင်းဓာတ်ပုံ-စည်သူ(VOA)
ကျောင်းသားသပိတ်တပ် မကွေးကနေ တောင်တွင်းကြီး သွားတဲ့လမ်းမှာ ဟောပြော- သတင်းဓာတ်ပုံ-စည်သူ(VOA)

အမျိုသားပညာရေး ဥပဒေကို ဆန့်ကျင့် ကန့်ကွက်နေတဲ့ ကျောင်းသား သပိတ်စစ်ကြောင်းတွေ ချီတက်နေရာ လမ်းတလျှောက်က မြို့တော်တော်များများ က မြို့ခံ ဒေသခံပြည်သူတွေက သပိတ်မှောက်ကျောင်းသားတွေကို လိုလိုလားလား ကြိုဆိုထောက်ခံနေကြပါတယ်။ ဧရာဝတီတိုင်းမှာတော့ ချီတက်ဆန္ဒပြနေတဲ့ ကျောင်းသား တချို့ကို အာဏာပိုင်တွေက ဖိအားပေးမှုတွေ ရှိနေပေမဲ့ ပညာရေး ဥပဒေကန့်ကွက်မှုကို မိဘတချို့ ကိုယ်တိုင်က လိုလိုလားလား ထောက်ခံနေ တာကို တွေ့နေရပါတယ်။ အခြေအနေအပြည့်အစုံ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

အမျိုသားပညာရေးဥပဒေကို ဆန့်ကျင်ကန့်ကွက်တဲ့ ကျောင်းသားသပိတ် စစ်ကြောင်းတွေထဲက မန္တလေး၊ ကျောက်ဆည် ၊ မြင်းခြံ၊ တောင်သာ ၊ ကျောက်ပန်းတောင်း ၊ ချောက်၊ ရေနံချောင်း၊ မကွေးစတဲ့ နေရာတွေကိုချေီတက်တဲ့ သပိတ်စစ်ကြောင်း ကတော့ တောင်တွင်းကြီးမြို့ ကို ရောက်ရှိ လာနေပြီး ဒေသခံတွေရဲ့ထောက်ခံအားပေးမူတွေ ရနေပါတယ်။ ပြီးခဲ့တဲ့ရက်ကမှ ခရီးရှည်ချီတက်ပွဲ စခဲ့တဲ့ ဧရာဝတီ သပိတ်စစ်ကြောင်းမှာ ပါတဲ့ ကျောင်းသား မိဘတွေကိုတော့ တိုင်းဒေသကြီး အစိုးရအဖွဲ့က တွေ့ဆုံခဲ့ပြီး သပိတ်မှာ ပါတဲ့ ကျောင်းသားတွေ ကို မိဘတွေအနေနဲ့ ပြန်လည်ခေါ်ယူ ဖို့ ပြောဆိုခဲ့ကြောင်း ဧရာဝတီ သပိတ် စစ်ကြောင်းမှာပါတဲ့ ၁၀တန်းကျောင်းသူ မချောစုစံက ဆိုပါတယ်။

"ချောစုစံကို ဒီပွဲမှာ မပါစေချင်ဘူးပေါ့နော်။ အဲ့တာကြောင့် သမီးကို ပြန်ခေါ်စေချင် တာပါ။ မေကြီးကတော့ သမီးသဘောပေါ့နော်။ ခွင့်ပြုတယ် မေကြီးကလည်း။ ပါးပါးကလည်း ခွင့်ပြုတယ်။ ဒီပွဲမှာ ပါးပါးလည်း လိုက်တယ်။ အဲ့တာကြောင့်ပါ။"

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့က ပြန်ခေါ်ယူဖို့ပြောဆိုခဲ့ပေမဲ့ ဧရာဝတီ စစ်ကြောင်းမှာပါတဲ့ ကျောင်းသားတွေနဲ့ ပတ်သက်လို့ မိဘတွေကိုယ်တိုင် လာအပ်နှံကြတာဖြစ်ကြောင်း သပိတ်စစ်ကြောင်းမှာပါတဲ့ ဝန်းရံအင်အားစုက ဦးအောင်မြင့်က အခုလိုပြောပါတယ်။

"ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ရုံးကနေ ခေါ်ပြောတာ။ ဒီမှာ မိဘတွေ အနေနဲ့တော့ တအားကိုထောက်ခံတယ်ခင်ဗျ။ ဒီကျောင်းသားတွေကိုလေ။ ကျနော်တို့ သပိတ်စစ်ကြောင်းဆိုရင် မိဘတွေကိုယ်တိုင် လာပု့ိထားတာတွေရှိတယ်။"

မုံရွာမြို့ကနေ ထွက်လာတဲ့ သပိတ်မှာလည်း အထက်အတန်းအဆင့်၊ အလယ်တန်း အဆင့် ကျောင်းသားတွေ ပါသလို မကွေးတိုင်းဘက်ရောက်နေတဲ့ သပိတ် စစ်ကြောင်းမှာလည်း ရောက်ရှိရာ ဒေသအလိုက် အထက်တန်း ကျောင်းသား ကျောင်းသူလေးတွေ ပူးပေါင်းပါဝင်ကြတာတွေ့ရပါတယ်။

ဧရာဝတီသပိတ်မှာ ပါတဲ့အတွက် ကျောင်းထုတ်ခံရမယ်လို့ သတိပေးခံရတဲ့ အထိဖြစ်ခဲ့တဲ့ ၁၀တန်းကျောင်းသူ မချောစုစံက သူ ဘာကြောင့် သပိတ်မှာ ပါဝင်ခဲ့ရသလဲ ဆိုတာကို အခုလိုပြောပါတယ်။

"ဒီအကိုကြီးတွေ ချမှတ်ထားတဲ့ ဒီမိုကရေစီပညာရေးမူတွေကို သမီးကြိုက်တယ်လေ။ ၁၁ချက်စလုံးက သမီးတို့မြန်မာနိုင်ငံအတွက် အရမ်းကို အရေးကြီးတယ် အန်တီရဲ့။ ပြင်ဆင်ဖို့ အချိန်တန်နေပါပြီရှင့်။ အခုဆိုရင် အခြေခံ လူတန်းစားတွေ တော်တော်များများ ဆိုလို့ရှိရင် သမီးတို့လို အခြေခံ လူတန်းစားတွေ ဆိုရင် အခမဲ့ပညာသင်ဖို့က အရမ်းကို အရေးကြီးပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သမီးတို့ မိဘတွေဆို မထားနိုင်ဘူးလေ။ တချို့ဆို အဲ့တာကြောင့်မို့လို့။ အခုမြန်မာနိုင်ငံ ပညာရေး ကို အခုလိုသာပြင်ဆင်ပေးလိုက်မယ်ဆိုရင် အနှစ်လေး၊ ငါးနှစ်အတွင်း တအားကြီး တိုးတက်လာမယ်လို့ သမီးထင်ပါတယ်။ "

ဧရာဝတီ ပန်းတနော် အင်းမဘက်ကို သပိတ်စစ်ကြောင်း ရောက်လာတဲ့ အခါမှာ ကျောင်းသားတွေနဲ့ အတူ သပိတ်စစ်ကြောင်းမှာ ကူညီဖို့ လိုက်ပါခဲ့ကြောင်း အင်းမဘက်က ဒေသခံတဦးကလည်းအခုလိုပြောပါတယ်။

" ကျနော်တို့နိုင်ငံမှာ ဒီပညာရေးက အဓိက လိုအပ်တဲ့ ပှိုင့်ပါပဲ ခင်ဗျ။ အဲ့တာကြောင့်မို့ ထောက်ခံတဲ့အနေနဲ့ လိုက်လာတာပါ။ ကျနော်တို့ ဗမာပြည်မှာက အခြေခံလူတန်းစား လူဆင်းရဲတွေက များတယ်လေ။ အဲ့တော့ ကျောင်းမနေနိုင်တဲ့ ကလေးတွေလည်း အများကြီးရှိကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ မိဘတွေက မပြေလည်တဲ့အတွက် ကလေးတွေကပါ တစ်နေ့တာ ဝမ်းရေးအတွက် သူတို့ တတ်နိုင်သရွေ့လေးတွေ ဝိုင်းရှာပေးရတာဖြစ်တဲ့အတွက် အများအားဖြင့် တောမှာက ပညာရေး မထားနိုင်တဲ့သူ တော်တော်များများပဲဗျ။ ကျနော်တို့က ထောက်ခံတဲ့အနေနဲ့ အင်းမ နာရေးကူညီမှုအသင်း ကျွေးမွေးရေးအနေနဲ့ ကျနော်တို့ လိုက်လာတာပါခင်ဗျာ။"

အမျိုသားပညာရေးဥပဒေကို ဆန့်ကျင်ကန့်ကွက်နေကြတဲ့ သပိတ် စစ်ကြောင်းက ကျောင်းသားတွေကို သက်ဆိုင်ရာ ဒေသခံအသီးသီးက စာသောက်ရေးတွေ တာဝန်ယူပေးနေကြပါတယ်။ ရန်ကုန်နာရေးကူညီမှု အသင်း ကတော့ ဆေးဝါးနဲ့ တခြားလိုအပ်ချက်တွေကို ကူညီဆောင်ရွက်ပေးနေပါတယ် ။

အမျိုသား ပညာရေးဥပဒေကို နိုဝင်ဘာလကစပြီး ကျောင်းသားတွေက သပိတ်မှောက်ခဲ့ပြီး ဇန်နဝါရီလအတွင်းမှာပဲ ခရီးရှည်ချီတက်မူ စတင်ခဲ့တာပါ။ ချီတက် လမ်းလျောက်မှုတွေ အတွင်းမှာ တောင်သာအလွန် နန်းမြင့်တောင်ကြားနဲ့ ပုပ္ပါးအဝင် တောင်ကြားတွေမှာ ၂ကြိမ်ခန့် တားဆီးတာ ခံခဲ့ရပြီး တင်းမာမူတွေ ဖြစ်ခဲ့ပါတယ် ။

ဒီ့နောက် အစိုးရက ကျောင်းသားတွေ တောင်းဆိုတဲ့ လေးပွင့်ဆိုင် ဆွေးနွေးရေး လုပ်ပေးပါမယ်လို့ ကမ်းလှမ်းခဲ့ပြီး ဆွေးနွေးပွဲ၂ကြိမ် လုပ်အပြီးမှာ အခြေခံစည်းကမ်း သတ်မှတ်ချက် ၉ ချက်မှာတင် နှစ်ဖက် အခြေအတင်ဖြစ်ခဲ့ပြီး ဆွေးနွေးပွဲတွေ ကို ဖေဖေါ်ဝါရီ ၁၂ရက် နောက်ပိုင်းကို ရွှေ့လိုက်ကြောင်း အစိုးရဘက်က သတင်းထုတ်ပြန်ခဲ့ပါတယ်။

လက်ရှိ ညှိနှိုင်းဆွေးနွေးနေဆဲ ကာလမှာပဲ ကျောင်းသားခေါင်းဆောင် တချို့ ရဲ့ နေအိမ်တွေ အနားမှာ လုံခြုံရေးအရ ဖိအားပေးမူတွေ ရှိခဲ့သလို ကျောင်းသား သပိတ် စစ်ကြောင်း တည်းခိုမယ့် ဘုန်းကြီးကျောင်း တချို့ကိုလည်း တည်းခိုခွင့်မပြုဖို့ ဖိအားပေးမူတွေ ရှိနေပါတယ်။

ဒီကနေ့ ရက်စွဲနဲ့ထုတ်ပြန်တဲ့ အစိုးရရဲ့ ထုတ်ပြန်ချက်တရပ်မှာတော့ အမျိုးသား ပညာရေးဥပဒေကို အကြောင်းပြုပြီး နေရာဒေသအချို့မှာ ဥပဒေနဲ့မညီညွတ်တဲ့ ဆန္ဒပြမှုတွေ လုပ်နေကြတယ်လို့ ပြောထားပါတယ်။ ဒါကို အကြောင်းပြုပြီး ဆူပူမှုတွေ ဖြစ်စေဖို့ ကျောင်းသားအမည်ခံတွေ နောက်ကွယ်က ဆောင်ရွက်နေသူတွေ အားပေးအားမြှောက် ပြုနေတဲ့ နိုင်ငံရေးအဖွဲ့အစည်းတွေ ပါဝင် ပတ်သက်နေတယ် လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပညာရေးကဏ္ဍ ဖွံ့ဖြိုးရေးအတွက် ကျောင်းသားတွေရဲ့ စစ်မှန်တဲ့ ဆန္ဒတွေကိုတော့ အစိုးရအနေနဲ့ လွှတ်တော်ကို တင်ပြပြီး ဆောင်ရွက်ပေးနိုင်သမျှ ဆောင်ရွက်ပေး သွား မယ်လို့လည်း ဆိုပါတယ်။ ဒါပေမယ့် ကျောင်းသား လူငယ်တွေကတောင်းဆိုေနပြီး ယာယီရွှေ့ဆိုင်း ထားရတဲ့ လေးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးေရးပေါ်မှာတော့ တစုံတရာ ဖော်ပြ ပြောဆိုချက် မတွေ့ရပါဘူး။

XS
SM
MD
LG