သုံးရလွယ်ကူစေသည့် Link များ

ဖမ်းဆီးခံ ဗကသကျောင်းသားများ တရားရေးစနစ်ကို သပိတ်မှောက်


ကန့်ကွက်သပိတ်မှောက်ခဲ့တဲ့ကျောင်းသားတွေ

အမျိုးသားပညာရေးဥပဒေကို ကန့်ကွက်သပိတ်မှောက်ခဲ့တဲ့ကျောင်းသားတွေကို ၄၂ ကြိမ်မြောက် အဖြစ် သာယာဝတီမြို့ နယ်တရားရုံးမှာ ရုံးထုတ်ချိန်မှာကျောင်းသားတွေက ရှေ့ နေပါဝါတွေကို ရုပ်သိမ်းခဲ့ပြီး တရားရုံးကို သပိတ်မှောက်ကာ လေးပွင့်ဆိုင် ကတိက၀တ်အတိုင်း အကောင်အထည်ဖော်ပေးဖို့ ဖွဲစည်းပုံအခြေခံဥပဒေကို ဒီမိုကရေစီ စံနှုန်းတွေအတိုင်းဖြစ်စေဖို့ အပါအ၀င် အချက် ၃ချက်ကို တောင်းဆိုခဲ့ပါတယ်။ မအေးအေးမာက သတင်းပေးပို့ထားပါတယ် ။

အမျိုသားပညာရေးဥပဒေကို ကန့်ကွက်သပိတ်မှောက်ခဲ့တာကြောင့် အကြမ်းဖက်ရိုက်နှက် ဖြိုခွဲခဲ့ပြီး တနှစ်ကျော်ကြာ သာယာဝတီအကျဉ်းထောင်မှာ အမှုပေါင်းများစွာ စွဲဆိုကာ ကျောင်းသားတွေနဲ့ ၀န်းရံပြည်သူတွေကို အာဏာပိုင်တွေက ချုပ်နှောင်ထားတာပါ အင်္ဂါနေ့မှာတော့ အကြိမ်ပေါင်း ၄၂ ကြိမ်မြောက် အဖြစ် ရုံးထုတ်စစ်ဆေးချိန် ကျောင်းသားတွေက တရားရုံးနဲ့ ပူးပေါင်းဆောင်ရွက်မှု လုပ်ဆောင်တော့မှာ မဟုတ်တဲ့အကြောင်း အသိပေးခဲ့ပြီး ရှေ့ နေပါဝါတွေကို ပြန်ရုပ်သိမ်းခဲ့ပါတယ်။ကျောင်းသားခေါင်းဆောင်တဦးဖြစ်တဲ့ ကိုသီဟ၀င်းတင်က သူတို့ သပိတ်မှောက်ရခြင်းအကြောင်းရင်းကို အခုလိုပြောပါတယ်။

“ကျနော်တို့ ဒီတရားရုံးကို ထွက်လာတယ်ဆိုတာက ပထမ ကျနော်တို့တောင်းဆိုချက်တွေဖြစ်တဲ့ ဒီမိုကရေစီပညာရေးကို ကျနော်တို့ အဓိက တောင်းဆိုဖို့အတွက် ထွက်လာတယ်။ ကျနော်တို့ ဒီ ယို့ယွင်းပျက်စီးနေတဲ့ တရားစီရင်ရေးကို အများပြည်သူ သိရှိအောင်အတွက် ထွက်လာခြင်းဖြစ်တယ်။ အခု သပိတ်မှောက်တဲ့ ဆုံးဖြတ်ချက်က ကျနော်တို့ ၁ နှစ်ကြာလာတဲ့ ကျနော်တို့ဘက်ကိုသာ အမှုတွေ တခုပြီးတခုဆက်လက် စွဲဆိုနေတယ်။ ကျနော်တို့ဘက်ကပြန်လည် တရားစွဲဆိုမှုကို တရားသူကြီးက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရနဲ့ ပယ်ချတာရှိသလို သူ့ရဲ့လုပ်ပိုင်ခွင့်အရနဲ့ ပယ်ချတာရှိတယ်။ ဒီဥပဒေက ပြည်သူလူထုကို အကာအကွယ်မပေးဘူးဆိုတာကို သေချာလာတဲ့အနေအထားမျိုးက ကျနော်တို့ အနေနဲ့ ဒီလက်ရှိ မြန်မာတနိုင်ငံလုံးမှာရှိတဲ့ တရားရုံးတိုင်းကို သပိတ်မှောက်မှာဖြစ်တယ်။ လုပ်မယ့်ပုံစံကတော့ ကျတော်တို့က ဒီတရားရုံးကို ထွက်မယ်။ ဒီတရားရုံးကို ထွက်မယ့်အဓိကအချက်ကတော့ တရားရုံးရဲ့ စီရင်ချက်တွေ၊ တရားရုံးက အဓိက ပူးပေါင်းပါဝင်ဆောင်ရွက်မှုတွေ လုပ်တော့မှာမဟုတ်ဘူးခင်ဗျ။ တရားရုံးက ဘာပဲလုပ်လုပ် ကျနော်တို့က ဥပေက္ခာ ပြုလိုက်တော့မှာခင်ဗျ။ စစ်အစိုးရလက်ထက်က အရင်အတိုင်းပဲ၊ အခုကလည်း ပွင့်ပွင့်လင်းလင်း ပြောရမယ်ဆိုရင် ၂၀၀၈ အခြေခံဥပဒေဆိုတာက စစ်တပ်ကို အခြေပြုပြီးရေးဆွဲထားတယ်။ အခုဦးသိန်းစိန်တို့ကအစ စစ်တပ်ကို ကျောထောက်နောက်ခံပြုထားတဲ့ အစိုးရ ဖြစ်တဲ့အတွက် စစ်တပ်ပုံစံအတိုင်းပဲ ကျောင်းသားတွေကို ရန်သူလိုသဘောထားပြီးတော့ အငြိုးတကြီးနဲ့ ကျောင်းသားတွေကို ဆက်လက် ဖိနိုပ်နေတယ်လို့ ကျနော်တို့ အနေနဲ့ သက်မှတ်တယ် ခင်ဗျ။”

ပြီးခဲ့တဲ့ရက်ကတော့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံပြင်ဆင်ပေးဖို့ အတွက်တောင်းဆိုခဲ့ပြီး ဒီကနေ့ တောင်းဆိုချက်တွေထဲမှာလည်း ဒီမိုကရေစီ စံနှုန်းတွေနဲ့ ကိုက်ညီတဲ့ ဖွဲစည်းပုံဖြစ်ဖို့တွေအပါအ၀င် အချက် ၃ ချက် ကိုတောင်းဆို ထားတယ်လို့ ကိုသီဟ၀င်းတင်က ဆိုပါတယ်။

“ပထမအချက်အနေနဲ့က ကျနော်တို့ ဒီမိုကရေစီပညာရေးတိုက်ပွဲတွေက ဆက်လက် လွင့်ထူထားဆဲဖြစ်တဲ့အတွက် ကျနော်တို့ ဒီလေးပွင့်ဆိုင် ကတိက၀တ်တွေကို ဆက်လက်အကောင်အထည်ဖော်ပေးဖို့ ဒါကို တချက်တောင်းတယ်။ နောက်တချက် က ဒီ မတရားဥပဒေပုဒ်မတွေနဲ့ စွဲဆိုထားတဲ့ နိုင်ငံရေးအကျဉ်းသားတွေ အကုန်လုံးအမှုကို ပိတ်သိမ်းပေးဖို့ ဆိုတဲ့ တချက်တောင်းတယ်။ နောက်ဆုံး တချက်ကတော့ အခြေခံ ဥပဒေပေါ့နော် ဒီမိုကရေစီ စံချိန်စံညွှန်းနဲ့ ကိုက်ညီပြီးတော့ ဖက်ဒရယ်ပြည်ထောင်စုကို အခြေခံတဲ့ အခြေခံဥပဒေသစ်တရပ် ပေါ်ထွန်းလာရေး ကို ကျနော်တို့ တောင်းဆိုတယ်ခင်ဗျ။”

ဒီကနေ့မှာပဲ မြန်မာနိုင်ငံမှာ အရပ်သားစစ်စစ်လို့ခေါ်ဆိုနိုင်တဲ့ သမ္မတသစ်ကို ရွေးချုယ်နိုင်ခဲ့ပါပြီ။ ဒီသမ္မတသစ်ကို သပိတ်မှောက်ကျောင်းသားတွေက ကြိုဆိုခဲ့ပြီး ဒီမိုကရေစီ စံနှုန်းတွေနဲ့ ကိုက်ညီတဲ့ ဖွဲစည်းပုံအခြေခံဥပဒေ အဖြစ် ပြောင်းလဲပြင်ဆင်ဖို့အတွက် တိုက်တွန်းတဲ့အကြောင်း ကျောင်းသားခေါင်းဆောင်တဦးဖြစ်တဲ့ ကိုမင်းသွေးသစ်က ဆိုပါတယ်။

“အတိုက်ခံအဖြစ်ရပ်တည်နေတဲ့ ပါတီကြီးတခုက အခု အစိုးရဖွဲ့စည်းတဲ့အခါမှာ သူတို့တင်မြှောက်တဲ့ ကိုယ်စားလှယ်တယောက်က သမ္မတရတယ်ဆိုတဲ့အခါ ကျနော်တို့ ဂုဏ်ယူပါတယ်။ ၀မ်းလည်း ၀မ်းသာပါတယ်။ဆိုတော့ အဲဒီသမ္မတက ပြီးခဲ့တဲ့ သမ္မတတွေထက်စာရင် ပြည်သူလူထုတာဝန်တွေကို ပိုပြီး ထမ်းဆောင်နိုင်မယ်လို့ မျှော်လင့်တယ်။ အစိုးရသစ်လက်ထက်မှာလည်း အစိုးရသစ်နဲ့ သမ္မတသစ်ကို ကျနော်တို့ တောင်းဆိုချင်တာကတော့ အခြေခံဥပဒေကို ပြည်သူတွေအတွက် ပြင်နိုင်ပါစေလို့ ကျနော်တို့ တွန်းအားပေးပါတယ်။”

ပြီးခဲ့တဲ့၂၀၁၄ ခုနှစ်ကစပြီး အမျိုးသားပညာရေးဥပဒေကို ကျောင်းသားတွေက သပိတ်မှောက်ခဲ့ပြီး ခရီးရှည်ချီတက်မူကို ကိုလုပ်ဆောင်ခဲတာပါ။ ခရီးရှည်ချီတက်မူတွေလုပ်ဆောင်နေစဉ်အတွင်းမှာ လူထုရဲ့  စာနာထောက်ခံမူတွေ ရရှိခဲ့ပြီးတဲ့နောက် မှာ သူတိုဟာ အစိုးရ လွတ်တော်နဲ့ ပညာရေးကွန်ယက်တို့ အပါအ၀င် ကျောင်းသားတွေက ၄ ပွင့်ဆိုင်ဆွေးနွေးဖို့ တောင်းဆိုခဲ့ပါတယ်။ ဒီဆွေးနွေးမူတွေမပြီးပြတ်ခင် ၂၀၁၅ ခုနှစ် မတ်လ ၁၀ ရက်နေ့မှာပဲ သူတို့ဟာ လက်ပံတန်းမြို့ နယ်မှာ အကြမ်းဖက်ရိုက်နှက်ဖမ်းဆီးခြင်းကို ခံခဲ့ရတာပါ။ အစိုးရကတော့ တည်ဆဲဥပဒေကို ချိုးဖောက်လို့ အရေးယူရတာဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။ သူတို့ကိုရိုက်နှက်ဖမ်းဆီးစဉ်တုန်းက ရရှိထားတဲ့ ဒဏ်တွေကြောင့် ကျန်းမာရေးဆိုးဝါးမူတွေအတွက်လည်း လုံလောက်တဲ့ ဆေးဝါးကုသခွင့်တွေ မရခဲ့ဘူးလို့လည်း ကျောင်းသားတွေကဆိုပါတယ်။ ကျောင်းသားတွေကို တနှစ်ကျော်ကြာတဲ့အထိ အမှုများစွာနဲ့ တရားစွဲဆိုခဲ့ရာမှာ ကျောင်းသားခေါင်းဆောင် တဦးကို အနည်းဆုံး အမှု ၂၀ ကနေ အများဆုံး အမှု ၉၀ လောက်ထိ ရှိပြီး နေ့စဉ်နီးပါး တရားရုံးတက်နေရတာပါ။

ကျောင်းသားတွေကတော့ပြီးခဲ့တဲ့ ရုံးချိန်တွေကစပြီး တဦးချင်းလိုက် သပိတ်မှောက်မှုတွေကို လုပ်ခဲ့သလို အခုအခါမှာ အစုအဝေးနဲ့ တပြိုင်တည်း တရားရုံးနဲ့ ပူးပေါင်းဆောင်ရွက်မှု မလုပ်ဘူးဆိုပြီး သပိတ်မှောက်ခဲ့တာဖြစ်ပါတယ်။

XS
SM
MD
LG