သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆန္ဒပြကျောင်းသားတွေရုံးထုတ်


(ဓာတ်ပုံ-အောင်ဆန်းဝင်း)
(ဓာတ်ပုံ-အောင်ဆန်းဝင်း)

လက်ပံတန်းမြို့မှာ ဖမ်းဆီးထိန်းသိမ်းခံရတဲ့ ကျောင်းသားတွေကို မေလ ၂၆ ရက်နေ့မှာ ရုံးထုတ်စစ်ဆေးရာမှာ ကျောင်းသားအာလုံး ကို နှစ်ဘက်လက်ထိပ်ခတ်ပြီး ရုံးထုတ်လာတဲ့အတွက် ရုန်းရင်းဆန်ခတ်မှုတွေ ဖြစ်ခဲ့ရတယ်လို့ မိသားစုတွေက ဆိုပါတယ်။

ဒီနေ့မှာတော့ တရားစွဲဆိုခံထားရတဲ့ ကျောင်းသားတွေဘက်က ရှေ့နေတွေက အပြန်အလှန် စစ်ဆေးမေးမြန်းမှုတွေကို စတင်ဆောင်ရွက်တယ်လို့ ဆိုပါတယ်။ အပြည့်အစုံကို ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

အမျိုးသားပညာရေးဥပဒေကို ဆန့်ကျင်ကန့်ကွက် သပိတ်မှောက်ချီတက်ခဲ့တာကြောင့် ဖမ်းဆီးခံထားရတဲ့ ကျောင်းသားတွေ သာယာဝတီခရိုင် တရားရုံးမှာ ရုံးထုတ်စစ်ဆေးခဲ့ရာမှာ တရားလိုကို စစ်မေးခြင်း ပြီးသွားတဲ့အတွက် ကျောင်းသားတွေဘက်က ရှေ့နေတွေက အပြန်အလှန် စစ်ဆေးမေးမြန်းတာ လုပ်ခဲ့ကြတယ်လို့ ဆိုပါတယ်။ တရားရုံးကို သွားရာလမ်းမှာ ကျောင်းသားတွေရဲ့ လက်နှစ်ဘက်လုံးကို လက်ထိပ်ခတ်ထားတဲ့အတွက် အဆင်မပြေ ဖြစ်ခဲ့ရသလို ရုန်းရင်းဆန်ခတ်မှုတွေ ဖြစ်ခဲ့ရကြောင်း၊ အဖမ်းခံနေရသူတဦးဖြစ်တဲ့ မဟန်နီဦးရဲ့ ဖခင်ဖြစ်သူက ပြောပါတယ်။

“အမှုက ဒီနေ့ကတော့ တရားလိုကို အဓိကစစ်မေးချက် ပြီးသွားတဲ့အတွက်ကြောင့် ကျနော်တို့ ပြန်လှန်စစ်မေးခြင်း ကျနော်တို့ဘက်က ပြန်လှန်စစ်မေးခြင်းကို လုပ်နေပါတယ်။ အခုတခေါက်ကတော့ ထူးခြားတာကတော့ တဦးချင်းလက်ထိပ်တွေ ခတ်ထားတယ် ယောကျာ်းလေးတွေကိုလေ။ ၆၂ ယောက်စလုံးကို လက်ထိပ်တွေခတ်ထားတယ်။ တဦးချင်းဆီခတ်ထားတယ်။ တော်တော် ဆိုးဆိုးရွားရွားလုပ်တယ်ဗျ။ ကလေးတွေက လက်ထိပ်ခတ်ထားတဲ့အခါကျတော့ ပုဆိုးကျွတ်တာတောင်မှပဲ ဝတ်လို့မရအောင်လို့ အတင်း တွန်းခေါ်သွားတယ်။ ရှေ့နေတွေရော၊ မိသားစုတွေရော၊ လာတဲ့လူတွေအကုန်လုံးကရော အကြီးအကျယ် အော်ကြပြုကြတော့မှ သူတို့ဘက်က နည်းနည်းလေး ဟိုဒင်းဖြစ်သွားတယ်။ ကျောင်းသားလေးတွေကို တရားရုံးရောက်တဲ့အချိန်အထိ လက်ထိပ်ဖြုတ်မပေးဘူး။ သူတို့လက်ထဲရောက်တဲ့သူကို သူတို့ လုပ်ချင်သလိုလုပ်မယ်ဆိုတဲ့ လက္ခဏာမျိုးဖြစ်နေတယ်။”

ဒီနေ့မှာပဲ ပြီးခဲ့တဲ့ရုံးချိန်းတုန်းက အာမခံပေးထားတဲ့ အသက်မပြည့်သေးတဲ့ ကိုအောင်မင်းခိုင်ကိုလည်း ကလေးသူငယ်တရားရုံးမှာ စစ်ဆေးမေးမြန်းမှုတွေ လုပ်ခဲ့တယ်လို့ ဆိုပါတယ်။ အကျဉ်းထောင်ထဲမှာတော့ ကျောင်းသားကျောင်းသူတချို့ဟာ သူတို့ကို ဖမ်းဆီးခဲ့စဉ်က ရိုက်နှက်ထားတဲ့ ဒဏ်တွေကြောင့် ခေါင်းကိုက်ခြင်း၊ ခေါင်းမူးခြင်း ဝေဒနာများနဲ့ မဟန်နီဦး အပါအဝင် ကျောင်းသူ ၂ ဦးကတော့ အရေပြားရောဂါများ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေတယ်လို့လည်း သူကပြောပါတယ်။

“အဲဒီ ကိုမင်းသွေးသစ်တို့ ဘာတို့ကအစလေ ခေါင်းကိုက်မှုတွေက အတွင်းမှာဖြစ်နေတဲ့အခါကျတော့ အမြဲတမ်းလို နာတာရှည်လို တခါတည်းဖြစ်တာမျိုး မဟုတ်တော့ဘဲနဲ့ တချက်တချက်မှာ ဖြစ်လာတယ်လေ။ အဲ့လိုပြန်ပြန်ဖြစ်တယ်။ ဖြစ်ကြတယ် အများစုပေါ့ဗျာ။ ခေါင်းရိုက်ခံရတဲ့သူ အများစုကတော့ အဲ့လိုပဲ။ ဘာကြောင့်လဲဆိုတော့ သူတို့ရိုက်တဲ့ လက်နက်ကိုက အတွင်းကြေအောင် ရိုက်တဲ့လက်နက်ကိုး။ ဟန်နီတို့၊ ဖြိုးဖြိုး တို့ မိန်းကလေးတွေထဲမှာတော့ တကိုယ်လုံးမှာ allergic သဘောမျိုးလိုနဲ့ အနာတွေပေါက်နေတယ်ဗျ။ အရေပြားနဲ့ပတ်သက်တဲ့ ရောဂါဝေဒနာတခု စွဲကပ်တာမျိုးကို တွေ့ခဲ့ရတယ်။ မဖြိုးဖြိုးဆိုရင်လည်း လက်မောင်းဘက် လက်တခုလုံးမှာ အဲဒီလို တွေ့ခဲ့ရတယ်ဗျ။ အနီပျောက်တွေဖြစ်ပြီးတော့လေ အဖုတွေပါဖြစ်နေတယ်။ သူတို့လုံး၀ တာဝန်ယူတာ မရှိဘူးဗျာ။ ဟန်နီဦးဆိုရင်လည်း ညာဘက်တခုလုံးက လက်ပြင်တခုလုံးမှာ အရေပြားကိုဖောင်းပြီး အဲဒီမှာ အနီကွက်ကြီးတွေဖြစ်နေတယ်။”

ပြီးခဲ့တဲ့ရုံးချိန်းတွေတုန်းက သာယာဝတီတရားရုံးရှေ့မှာ တကိုယ်တော်ဆန္ဒပြခဲ့တဲ့ ကိုဝင်းလှိုင်ကိုတော့ ပုဒ်မ ၅၀၅ (ခ) နဲ့ အမှုစွဲဆိုပြီး မနေ့က သာယာဝတီအကျဉ်းထောင်ကို ပို့လိုက်ပါတယ်။ ကျောင်းသားသပိတ်နဲ့ဆက်နွယ်ပြီး ဧရာဝတီသပိတ်စစ်ကြောင်းမှာ ကူညီဝန်းရံခဲ့သူ တက္ကသိုလ်က ဆရာတဦးကိုလည်း ဒီရက်ပိုင်းအတွင်းမှာပဲ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၃ လ ချမှတ်ခဲ့ပါတယ်ရှင်။

XS
SM
MD
LG