သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖွဲ့စည်းပုံပြင်ရေး ကျောင်းသားတွေ ဆန္ဒပြ


လွှတ်တော်ထဲ စစ်တပ်ကိုယ်စားလှယ် ၂၅% ပါဝင်ခွင့်ပေးထားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဆန့်ကျင်တဲ့ ဆန္ဒပြလှုပ်ရှားမှုကို ကျောင်းသားတွေ ဦးဆောင်ပြီး ရန်ကုန်မှာ ဒီကနေ့ ပြုလုပ်ခဲ့ကြပါတယ်။

ဖွဲ့စည်းပုံပြင်ရေး အဆိုပြုချက် လွှတ်တော်မှာ မအောင်မမြင် ဖြစ်ခဲ့တဲ့နောက်၊ အခုလို ကျောင်းသားဆန္ဒပြမှုတွေ ဖြစ်လာတာပါ။ အသေးစိတ်ကို မခင်ဖြူထွေးက တင်ပြထားပါတယ်။

လွှတ်တော်တွင်းမှာ လူထုက ရွေးကောက် တင်မြှောက်တာမဟုတ်တဲ့ စစ်တပ်ကိုယ်စားလှယ် ၂၅% ပါဝင်ခွင့်ပေးထားတဲ့ လက်ရှိ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေဟာ ပြည်သူ့ဆန္ဒနဲ့အညီ ရေးဆွဲထားတာ မဟုတ်ဘဲ လူတစု၊ တဖွဲ့ဲရဲ့ ကောင်းစားရေးကို အခြေခံ ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံ ဖြစ်လို့ ဒါကို လက်မခံနိုင်ဘူးလို့ ဒီကနေ့ ရန်ကုန်မြို့မှာ လမ်းလျှောက်ဆန္ဒြုပကြတဲ့ ဦးဆောင် ကျောင်းသားတွေက ပြောပါတယ်။ ပြည်သူ့ဆန္ဒ၊ ဒီမိုကရေစီ စံနှုန်းစံညွှန်းတွေနဲ့ မညီသ၍ ဒီဖွဲ့စည်းပုံ ပြင်ဆင်ရေး ဆက်လက် တောင်းဆိုသွားမယ်လို့ ဦးဆောင် ဆန္ဒပြ ကျောင်းသားလူငယ်တဦးဖြစ်တဲ့ ကိုရဲဇာနည်က ပြောပါတယ်။

“အဓိကကဗျာ - ဖွဲ့စည်းပုံပြင်ဆင်ရေးကာလမှာ ကျနော်တို့က ပြည်သူ့ဆန္ဒ၊ ပြည်သူကလည်း ဖွဲ့စည်းပုံ ပြင်ဆင်ဖို့ ပြောနေတယ်ဗျာ။ အဲဒီကာလမှာ ကျနော်တို့က တပ်မတော်သား ၂၅ ရာခိုင်နှုန်းပေါ့ဗျာ ပြည်သူ့ဆန္ဒနဲ့အညီ မပြင်ဘဲနဲ့ လွှတ်တော်တခုလုံးကနေ ကန့်ကွက်နေတယ်ဗျာ။ အထူးသဖြင့် ရွေးကောက်ခံ မဟုတ်ဘဲနဲ့၊ ပြည်သူ့ကိုယ်စားလှယ် မဟုတ်ဘဲနဲ့ ဥပဒေအရ ၂၀၀၈ ဖွဲ့စည်းပုံအရ မတရားယူထားတဲ့ တပ်မတော် ၂၅% က ပြည်သူ့ဆန္ဒနဲ့အညီ မဟုတ်ဘဲနဲ့ တဦးတယောက်၊ တဖွဲ့တစည်းရဲ့၊ သူတို့အားထားရမယ့် အဖွဲ့အစည်းရဲ့ အကျိုးစီးပွားကို ကြည့်ပြီးတော့ ပြည်သူ့ဆန္ဒကို ငြင်းပယ်နေတာကိုတော့ ကျနော်တို့ လက်သင့် မခံနိုင်ဘူးလေ။ အဲဒီတော့ ကျနော်တို့က ဖွဲ့စည်းပုံ ပြင်ဖို့အတွက်ကို ကြိုးစားတာပေါ့။ ရုန်းကန်ကြတာပေါ့။”

ညနေ ၃ နာရီလောက်ကစပြီး သိမ်ကြီးဈေးကနေ ဆူးလေအထိ ကျောင်းသားတွေနဲ့ ပြည်သူတွေ ပါဝင်ပြီး လမ်းလျှောက် ချီတက်ခဲ့ကြတာမှာ အာဏာပိုင်တွေဘက်က အင်အားသုံး ဟန့်တားတာတွေ ရှိခဲ့တယ်လို့လည်း ကိုရဲဇာနည်က ပြောပြပါတယ်။

“လမ်းမှာကျနော်တို့ သုံးခါလောက် အပိတ်ခံရတယ်။ လမ်းမှာဆိုရင် ဒိုင်းတွေနဲ့ ရဲတွေက အင်အားသုံးပြီးတော့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က အင်အားသုံးပြီးတော့ အကြမ်းဖက်ပုံစံမျိုး ပြုလုပ်တယ်ဗျာ။ ဒါပေမဲ့ ကျနော်တို့ ဖောက်ထွက်လာခဲ့တယ်ပေါ့ဗျာ။ ကျနော်တို့ ပြတဲ့အချိန်မှာ ကျောင်းသူတွေ အများကြီး ပါတယ်ဗျာ။ ကျနော်တို့က ငြိမ်းချမ်းစွာ ဆန္ဒပြတာလို့ ပြောတဲ့အခါမှာ ကျနော်တို့ ထွက်မယ်ဆိုတော့ တွန်းထားတယ်ဗျာ။ ရုန်းရင်းဆန်ခတ်ပဲဗျ။ ကိုယ်ထိလက်ရောက် ရှိလား မရှိလားတော့ စဉ်းစားသာကြည့်တော့။ ကျနော်တို့ အမျိုးသမီးတွေ ပါတယ်ဗျာ။ ကျောင်းသူတွေ။ ကျနော် ပြောချင်တာကတော့ အင်အားသုံးတာပေါ့ဗျာ။ ရဲအင်အား နှစ်တန်း သုံးတန်းလောက်ကို ထားပြီးတော့လေ။ ဒိုင်းက တတန်း၊ လူက တတန်း၊ နောက်မှာ လူနောက်တတန်း။ နှစ်တန်း သုံးတန်းလောက်ကို ထားပြီး ဒီလိုမျိုး အင်အားသုံးပြီးတော့ ကျနော်တို့ကို လုပ်တာ နိုင်ငံသား အခွင့်အရေးကို ချိုးဖောက်တာဗျာ။ ကျနော်တို့ကတော့ ဒီလိုပဲ ခံစားရတယ်။”

ဆန္ဒမပြခင်တုန်းကရော ဒီဆန္ဒပြပွဲအတွက် အာဏာပိုင်တွေဆီမှာ ကြိုတင်ပြီးတော့ ခွင့်ပြုချက် ယူခဲ့တာမျိုးတွေ ရှိသလား။

“ကျနော်တို့က အဲဒီခွင့်ပြုမိန့် ယူရမယ်ဆိုတဲ့ကိစ္စကို ကျနော်တို့က အယုံအကြည် မရှိဘူးဗျ ပွင့်ပွင့်လင်းလင်း ပြောရရင်။ ဘာလို့လဲဆိုတော့ ကျနော်တို့ နိုင်ငံသားအခွင့်အရေးဆိုတာ ဒါတွေလုပ်လို့ရပါတယ်။ ငြိမ်းချမ်းစွာ စုဝေးလို့ရပါတယ်။ ငြိမ်းချမ်းစွာ ဟောပြောလို့ရပါတယ်။ ငြိမ်းချမ်းစွာ ဖွဲ့စည်းပိုင်ခွင့် ရှိတယ်ဆိုတာ ဒါ နိုင်ငံသားအခွင့်အရေးဗျ။ မူလအခွင့်အရေးဗျ။ အဲဒါကို ကျနော်တို့က စုဖွဲ့ပါမယ်ဆိုပြီး သွားပြီးတော့ ခွင့်ပြုမိန့် တောင်းပြီးမှ လုပ်ရတယ်ဆိုတာ ကျနော်တို့ နိုင်ငံသား အခွင့်အရေးကို အဲဒီလိုမျိုး လုပ်ရမယ့်အရာ မဟုတ်ဘူးလို့ ကျနော်ကတော့ ထင်တယ်။ အဲဒီအတွက် ကျနော်တို့ ကျောင်းသားတွေ တောက်လျှောက်လုပ်ခဲ့တဲ့ ဆန္ဒပြပွဲမှန်သမျှ ကျနော်တို့ ခွင့်ပြုချက်တင်တယ်ဆိုတာ အယုံအကြည်မရှိတဲ့အတွက် တင်မှာမဟုတ်ဘူးလေ။”

ဆန္ဒပြပွဲမှာ ဦးဆောင် ပါဝင်ခဲ့သူတဦးဖြစ်တဲ့ ကိုရဲဇာနည် ပြောသွားတာပါ။ လောလောဆယ်မှာတော့ ဒီဆန္ဒပြပွဲနဲ့ ပတ်သက်လို့ ကျောင်းသားဆန္ဒပြသူတွေကို အရေးယူတာမျိုး၊ ဖမ်းဆီးတာမျိုး မကြားရသေးပါဘူး။

လက်ရှိ ဖွဲ့စည်းပုံ အခြေဥပဒေမှာ လူထုက ရွေးကောက်တင်မြှောက်တာ မဟုတ်ဘဲ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က တိုက်ရိုက်ခန့်အပ်တဲ့ စစ်သားကိုယ်စားလှယ် ၂၅% ပါဝင်ခွင့် ပေးထားတာကြောင့် စစ်တပ်ရဲ့ ပါဝင်ချုပ်ကိုင်မှု အခန်းကဏ္ဍကို ဖယ်ရှားပေးဖို့ နိုင်ငံရေးပါတီ အဖွဲ့အစည်းတွေ၊ တက်ကြွလှုပ်ရှားသူတွေက တောင်းဆိုနေကြတာ ဖြစ်ပါတယ်။ စစ်အစိုးရ ဦးဆောင် ရေးဆွဲခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ စစ်တပ်က လွှတ်တော်မှာ ၂၅% နေရာယူထားတာအပြင် တခြား ဒီမိုကရေစီ စံနှုန်းတွေနဲ့ မကိုက်ညီတဲ့ ပြဌာန်းချက်တွေ၊ ကန့်သတ်ချက်တွေ ရှိနေတာကြောင့် ဒါကို ပြင်ဆင်ဖို့ ကြိုးပမ်းမှုတွေ ရှိနေသလို ပြီးခဲ့တဲ့ သီတင်းပတ်တုန်းကလည်း လွှတ်တော်တွင်းမှာ ဖွဲ့စည်းပုံ ပြင်ဆင်ရေး အဆိုပြုချက်နဲ့ ပတ်သက်လို့ မဲခွဲ ဆုံးဖြတ်ခဲ့ကြပါတယ်။ ဒါပေမဲ့ လွှတ်တော်အမတ် ၇၅% ထောက်ခံချက် မရခဲ့တာကြောင့် ဒီအဆိုပြုချက် လွှတ်တော်တွင်း မအောင်မမြင် ဖြစ်ခဲ့ရပါတယ်။

XS
SM
MD
LG