သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မတရားတဲ့ ဥပဒေ ကျောင်းသားတွေ ကန့်ကွက်


FailedLaw Campaign နဲ့ ဆန္ဒဖော်ထုတ်နေကြသူ တက္ကသိုလ်ကျောင်းသားသမဂ္ဂများ (တကသ) (ဓာတ်ပုံ ကိုနစ်ကီ/သြဂုတ် ၂၃၊ ၂၀၁၅)
FailedLaw Campaign နဲ့ ဆန္ဒဖော်ထုတ်နေကြသူ တက္ကသိုလ်ကျောင်းသားသမဂ္ဂများ (တကသ) (ဓာတ်ပုံ ကိုနစ်ကီ/သြဂုတ် ၂၃၊ ၂၀၁၅)

နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ကျောင်းသားပြည်သူ၊ အလုပ်သမား လယ်သမားတွေကို ပုဒ်မအမျိုးမျိုးတပ်ပြီး ဖမ်းဆီးထောင်ချနေတဲ့ ဥပဒေတွေကို ဆန့်ကျင်ကန့်ကွက်ကြောင်း တက္ကသိုလ်ကျောင်းသားသမဂ္ဂများ (တကသ) ကျောင်းသားတွေက ဒီကနေ့ ရန်ကုန်မြို့မှာ Failed Law ဆိုတဲ့ Campaign နဲ့ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ နိုင်ငံရေးအကျဉ်းသားတွေရှိနေသရွေ့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ စစ်မှန်တဲ့ပြုပြင်ပြောင်းလဲရေး ဖော်ဆောင်နိုင်မှာ မဟုတ်ဘူးလို့လည်း နိုင်ငံရေးအကျဉ်းသား ကူညီစောင့်ရှောက်ရေးအသင်းက ဝေဖန်ပြောဆိုလိုက်ပါတယ်။ အသေးစိတ်ကို ဆက်သွယ်မေးမြန်းထားတဲ့ မဆုမွန်က တင်ပြပေးထားပါတယ်။

အရပ်သားအစိုးရလက်ထက် မြန်မာနိုင်ငံမှာ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး ဖော်ဆောင်နေပါတယ်ဆိုပေမဲ့ မြန်မာနိုင်ငံတဝှမ်း အကျဉ်း ထောင်တွေထဲမှာ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေကို ပုဒ်မအမျိုးမျိုးတပ်ပြီး ဖမ်းဆီးထောင်ချ အရေးယူနေတဲ့အပေါ် ဒီဥပဒေတွေဟာ တရားမျှတမှုမရှိဘူးဆိုပြီး ဆန့်ကျင်ကန့်ကွက်ကြောင်း တက္ကသိုလ်ကျောင်းသားသမဂ္ဂများ (တကသ) Confederation of University Student Unions ကျောင်းသားတွေက ဦးဆောင်ပြီး ဒီကနေ့ ရန်ကုန်မြို့လယ်က မဟာဗန္ဓုလပန်းခြံ လွတ်လပ်ရေး ကျောက်တိုင်အနီးမှာ ဓာတ်ပုံ ကမ်ပိန်းတွေနဲ့ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေအပေါ် ပုဒ်မအမျိုးမျိုး တပ်ပြီး စီရင်ချက်ချနေတဲ့ ဒီကနေ့ တရားစီရင်ရေးမဏ္ဍိုင်အပေါ် မေးခွန်းထုတ်လိုပါတယ်လို့ ဒီကနေ့ လှုပ်ရှားမှုမှာ ပါဝင်သူ တကသကျောင်းသူ မဆုရတနာမြင့်က အခုလိုပြောပါတယ်။

“ဒီနေ့ Campaign က နာမည်ပေးထားတာကတော့ Failed Law လို့ နာမည်ပေးထားတယ်။ ညီမတို့ ရန်ကုန်မှာရှိတဲ့ တကသတွေပေါင်းပြီးတော့ လုပ်တာပါ။ အဓိက ရည်ရွယ်ချက်က မတရားတဲ့ဥပဒေတွေပေါ့နော်။ ဒီ မတရားတဲ့ဆိုတာက ယိုယွင်းပျက်စီးနေတဲ့ တရားစီရင်ရေးကဏ္ဍကို ထောက်ပြတဲ့သဘောရယ်၊ နောက်ပြီး မတရားတဲ့ ဥပဒေတွေ၊ ဥပမာ ပုဒ်မ (၁၈) လိုဟာမျိုး၊ နောက်တခါ ပြည်သူတွေအပေါ်ကို ဖိနှိပ်ချုပ်ခြယ်ထားတဲ့ အဲလိုဥပဒေတွေကို ညီမတို့က ဆန့်ကျင်တယ်၊ ကန့်ကွက်တယ်ဆိုတဲ့ ပုံစံမျိုး၊ ဆန္ဒထုတ်ဖော်တဲ့ ပုံစံမျိုးပေါ့။ ဆန့်ကျင်တဲ့နေရာမှာ အဲဒီလိုမျိုး ဥပဒေတွေနဲ့ မတရားဖမ်းဆီးခံရတဲ့ ကျောင်းသားတွေကိုရော၊ နိုင်ကျဉ်းတွေအတွက်ပါ အားလုံး သူတို့တွေအတွက်ပါ ညီမတို့က မကျေနပ်တာကို ဆန္ဒထုတ်ဖော်တာပါပဲ။”

နိုင်ငံတဝှမ်းအကျဉ်းထောင်တွေထဲမှာ ဖမ်းဆီးထိန်းသိမ်းခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားတွေဟာ မတရားတဲ့ ဥပဒေပုဒ်မတွေနဲ့ မတရား ဖမ်းဆီးထိန်းသိမ်းခံနေရတယ်ဆိုတာ အများပြည်သူကိုသိရှိစေချင်တဲ့အတွက် တက္ကသိုလ်ကျောင်းသားသမဂ္ဂများအဖွဲ့ (တကသ) ကျောင်းသူ ကျောင်းသားတွေက ဦးဆောင်ပြီး လှုပ်ရှားမှုပုံစံအမျိုးမျိုးနဲ့ ဆက်ပြီး လုပ်ဆောင်သွားမှာဖြစ်တယ်လို့လည်း တက္ကသိုလ် ကျောင်းသားသမဂ္ဂများ တကသရဲ့သတင်းပြန်ကြား တာဝန်ခံ ကိုဖိုးသားကပြောပါတယ်။

“မြန်မာနိုင်ငံမှာပေါ့- နိုင်ငံရေးအကျဉ်းသားတွေကို မတရားထောင်ချဖမ်းဆီးနေတဲ့ ဥပဒေတွေပေါ့။ ဥပမာ ပုဒ်မ (၁၈) တို့လို၊ ပုဒ်မ ၅၀၅ (ခ) တို့လို တခြားသော ပုဒ်မတွေပေါ့။ အဲဒီပုဒ်မတွေကို ကျနော်တို့ ကျောင်းသားတွေအနေနဲ့က အလိုမရှိဘူး။ ဆန့်ကျင်တယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ ဒီနေ့ အခမ်းအနားကိုလုပ်တယ်။ အဓိကက ဒီဥပဒေတွေကို ဆန့်ကျင်တယ်။ ဒီဥပဒေတွေ မတရားဘူးဆိုတာကို အများပြည်သူ သိစေချင်တယ်။ လာမယ့်ရွေးကောက်ပွဲမှာ ကောင်းမွန်တဲ့အစိုးရတရပ်ဖြစ်ပေါ်လာရင်တော့ ကျနော်တို့ အဲဒီဥပဒေတွေအားလုံးကို ဖျက်သိမ်းပြီးတော့ ပြည်သူကို အကျိုးပြုတဲ့၊ ပြည်သူကို တကယ်အကာအကွယ်ပေးနိုင်တဲ့ ဥပဒေတွေ ပေါ်ထွက်လာမယ်လို့ ယုံကြည်ပါတယ်။ ဒီဥပဒေတွေရှိနေသမျှ နိုင်ငံရေးအကျဉ်းသားတွေရှိနေမှာပဲ၊ အဲဒီတော့ ဒီဥပဒေတွေကို အလိုမရှိဘူး။ ဆန့်ကျင်သွားမယ်ဆိုတဲ့စိတ်ဓာတ်နဲ့လုပ်တယ်။ ပြီးတော့ ဒီ Campaign ကို နောက်ထပ် ပုံစံအမျိုးမျိုးနဲ့ လုပ်ရအုံးမယ်။”

နိုင်ငံရေးအကျဉ်းသားတွေရှိနေသရွေ့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ စစ်မှန်တဲ့ပြုပြင်ပြောင်းလဲရေး ဖော်ဆောင်နိုင်မှာမဟုတ်ဘူးလို့လည်း နိုင်ငံရေးအကျဉ်းသား ကူညီစောင့်ရှောက်ရေးအသင်း မြန်မာနိုင်ငံကလည်း ဝေဖန်ပြောဆိုလိုက်ပါတယ်။ အခုလက်ရှိ အကျဉ်းထောင်တွေ ထဲမှာ ပုဒ်မအမျိုးမျိုးနဲ့ တပ်ပြီး အထိန်းသိမ်းခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ အခြေအနေကို AAPP B နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမြန်မာနိုင်ငံရဲ့ အတွင်းရေးမှူးကိုတိတ်နိုင်ကအခုလိုပြောပါတယ်။

“နိုင်ငံရေးအကျဉ်းသားကတော့ ကျနော်တို့စာရင်းအရဆိုလို့ရှိရင်တော့ ၁၂၀ ရှိပါတယ်။ ဆိုတော့ နိုင်ငံရေးလှုပ်ရှားမှုကြောင့်၊ ဒီအခွင့်အရေးလှုပ်ရှားမှုကြောင့် တရားရင်ဆိုင်နေရတဲ့လူတွေက ၄၄၈ ဦးရှိပါတယ်။ ဆိုတော့ အများစုကတော့ လယ်ယာမြေကိစ္စတွေနဲ့ ပတ်သက်ပြီး ပါတယ်။ နောက်တခါ အမျိုးသားပညာရေးပြုပြင်ပြောင်းလဲဖို့အတွက် ဆန္ဒထုတ်ဖော်တဲ့လူတွေပါတယ်။ ဆိုတော့ အများစုကတော့ ပုဒ်မ (၁၈)၊ ၅၀၅ (ခ)၊ ၄၄၇ -ဆိုတဲ့ ပုဒ်မတွေနဲ့ကတော့ အများစုဖြစ်ပါတယ်။ ဒါပေမယ့် တချို့ ကျောင်းသားတွေကတော့ ဥပမာ နန္ဒစစ်အောင်-ဆိုလို့ရှိရင် ပုဒ်မပေါင်း (၆၁) မှုတောင် တင်နေပါပြီ။ အဲလိုမျိုးတွေနဲ့ဆိုတော့ နောက်ဆုံး နိုင်ငံရေးအကျဉ်းသားတွေ အခြေအနေကတော့ ဒီမိုကရေစီဖြစ်ပေါ်တိုးတက်ရေးအတွက်၊ ဒီမိုကရေစီရေးကို သွားဖို့အတွက်၊ အမျိုးသားပြန်လည်သင့်မြတ်ရေးကို သွားဖို့အတွက် လုပ်နေတာပါ။ ဒီနိုင်ငံရေးအကျဉ်းသားတွေ ရှိနေသရွေ့ကတော့ အမျိုးသား ပြန်လည်သင့်မြတ်ရေးဆိုတာ ရှိလာမှာ မဟုတ်ပါဘူး။ ဖြစ်လာမှာ မဟုတ်ပါဘူး။ ဒီမိုကရေစီ ဖြစ်ပေါ်တိုးတက်ရေးဆိုတာလည်း အလှမ်းဝေးနေအုံးမှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ဒီ နိုင်ငံရေးအကျဉ်းသားတွေ ရှိနေသရွေ့ကတော့ အမျိုးသားဒီမိုကရေစီရေးအတွက်၊ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ကြိုးစားနေစေအုံးတော့- နိုင်ငံရေးအကျဉ်းသားတွေ အကျဉ်းထောင်ထဲမှာ ရှိနေသေးတယ်ဆိုလို့ရှိရင်တော့ ဒါဟာ အလှမ်းကွာနေအုံးမယ်လို့ ကျနော်တော့ မြင်ပါတယ်။”

မကြာသေးခင်အချိန်တုန်းက နိုင်ငံတော်သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ အကျဉ်းသား ခုနှစ်ထောင်နီးပါး (၆,၉၆၆)ပြန်လည် လွတ်မြောက် လာခဲ့ပေမဲ့ နိုင်ငံရေးအကျဉ်းသား ဆယ်ဂဏန်း (၁၃ ဦး) လောက်ပဲ လွတ်မြောက်ခဲ့ပါတယ်။ မြန်မာနိုင်ငံတဝှမ်း အကျဉ်းထောင်အသီးသီးမှာ နိုင်ငံရေးအကျဉ်းသားပေါင်း တစ်ရာကျော် (၁၂၀) ထိန်းသိမ်းခံနေရဆဲဖြစ်ပြီး သပိတ်မှောက် ကျောင်းသူကျောင်းသား၊ ဝန်းရံပြည်သူ၊ အလုပ်သမား၊ လယ်သမားရေး ဒီမိုကရေစီ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ လေးရာကျော် ( ၄၄၈) လောက်လည်း တရားရင်ဆိုင်နေရဆဲအခြေအနေဖြစ်ပါတယ်။

XS
SM
MD
LG