သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Super Tuesday သမ္မတလောင်း အကြိုရွေးချယ်ပွဲတွေမှာ မြန်မာတွေ မဲပေးဖို့ပြင်


ဓီမိုကရက်ပါတီ သမ္မတလောင်း ရွေးချယ်နေရာမှာ အသာစီးရနေတဲ့ နိုင်ငံခြားရေးဝန်ကြီးဟောင်း Secretary of State Hillary Clinton (ဖေဖော်ဝါရီ ၂၈၊ ၂၀၁၆)
ဓီမိုကရက်ပါတီ သမ္မတလောင်း ရွေးချယ်နေရာမှာ အသာစီးရနေတဲ့ နိုင်ငံခြားရေးဝန်ကြီးဟောင်း Secretary of State Hillary Clinton (ဖေဖော်ဝါရီ ၂၈၊ ၂၀၁၆)

ဒီကနေ့ မတ်လ ၁ ရက်၊ ဒေသစံတော်ချိန် အင်္ဂါနေ့ဟာ အမေရိကန်ပြည်ထောင်စုမှာ ဒီမိုကရက်နဲ့ ရီပတ်ဘလီကန်တို့ရဲ့ သမ္မတ ကိုယ်စားလှယ်လောင်း ရွေးချယ်မှုတွေ ပြည်နယ်ပေါင်း ၁၁ ခုမှာ တပြိုင်တည်းကျင်းပမယ့် Super Tuesday နေ့ဖြစ်ပါတယ်။ ဒီပြည်နယ်တွေက ထွက်လာမယ့် အဖြေရလဒ်ဟာ ပါတီကြီး ၂ ရပ်တို့ သမ္မ ကိုယ်စားလှယ်လောင်းတွေအဖြစ် ဘယ်သူ အမည်တင် သွင်းခံရမယ်ဆိုတာကို အဆုံးအဖြတ်ပေးနိုင်မယ့် အလားအလာ ရှိတဲ့အတွက် အများက စောင့်ကြည့်နေကြတာလည်း ဖြစ်ပါတယ်။ ဒီကနေ့ မဲပေးကြမယ့် ပြည်နယ်တွေထဲမှာ Virginia လည်း ပါဝင်ပြီး မြန်မာအများစုကတော့ ဒီမိုကရက်တစ်ပါတီက ကိုယ်စားလှယ်လောင်း Hillary Clinton ကို မဲပေးကြမယ်လို့ ပြောပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က စုစည်း တင်ပြပေးထားပါတယ်။

ဒီကနေ့ဟာ အမေရိကန်သမ္မတရွေးကောက်ပွဲရဲ့ ပါတီတွင်း ရွေးချယ်မှုတွေမှာ အရေးအပါဆုံး နေ့တနေ့ဖြစ်တဲ့ Super Tuesday ဖြစ်ပါတယ်။ လက်ရှိအခြေအနေအထိကတော့ ဒီကနေ့ ကျင်းပမယ့် ပါတီတွင်း သမ္မတကိုယ်စားလှယ်လောင်း ရွေးချယ်မှုတွေမှာ ဒီမိုကရက်တစ်ပါတီ ဘက်က Hillary Clinton နဲ့ ရီပတ်ဘလီကန် ပါတီဖက်က ဘီလီယံနာသူဌေးကြီး Donald Trump တို့က ရွေးချယ်ပွဲ ကျင်းပမယ့် ပြည်နယ် အများစုမှာ အသာစီးရနေတယ်လို့ လူထုစစ်တမ်းတွေမှာ ဖော်ပြနေကြပါတယ်။ ဒါကြောင့်လည်း လူထုစစ်တမ်းတွေမှာ ထိပ်ကနေ ပြေးနေတဲ့ ကိုယ်စားလှယ်လောင်းတွေရဲ့ မဲဆွယ်စည်းရုံးပွဲတွေဟာ အင်အားအပြည့်နဲ့ တက်ကြွတဲ့ ထောက်ခံသူတွေ အများအပြား တက်ရောက်ကြ တာကို တွေ့ရပါတယ်။

Super Tuesday သမ္မတလောင်းရွေးပွဲကို လာတဲ့ ကလေးတစ်ဦး။
Super Tuesday သမ္မတလောင်းရွေးပွဲကို လာတဲ့ ကလေးတစ်ဦး။

မကြာသေးခင်က Texas ပြည်နယ်၊ Houston မြို့မှာ ပြုလုပ်တဲ့ မဲဆွယ်စည်းရုံးပွဲအတွင်း ဒီမိုကရက်တစ်ပါတီက ကိုယ်စားလှယ်လောင်း Hillary Clinton က လူနဲစုတွေဖက်က ရပ်တည် လုပ်ဆောင်သွားမယ့်အကြောင်း အခုလို မဲဆွယ် စည်းရုံးခဲ့ပါတယ်။

“တန်းတူတဲ့အလုပ်တွေအတွက် တူညီတဲ့လစာတွေရဖို့အတွက် ကျမတို့ စောင့်နေခဲ့ကြရတာ ကြာခဲ့ပြီလို့ မထင်ကြဘူးလား? - ကျမတို့အနေနဲ့ အတားအဆီးအဖြစ် အစဉ်တစိုက်တည်ရှိလာခဲ့တဲ့ တယူသန် အယူအဆတွေကို တိုက်ခိုက်ခဲ့ကြရတာပါ။ ဒါဟာ ဘာကိုပြနေသလဲဆိုတော့ စနစ်တကျ လုပ်ဆောင်နေတဲ့ လူမျိုးရေးဝါဒတွေနဲ့ နောက်မှာကျနေခဲ့တဲ့ လူမှုအသိုင်းအဝိုင်းတွေ တိုးတက် ဖွံ့ဖြိုးလာအောင် ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ဆောင်နေကြရပါတယ်။

ရီပတ်ဘလီကန်ပါတီအတွင်း လူထုစစ်တမ်းတွေမှာ ရှေ့ကနေပြေးနေသူလည်းဖြစ်၊ ပါတီတွင်း ရွေးချယ်မှု ၄ ခု ပြုလုပ်ခဲ့တဲ့အထဲ ၃ ခုမှာ အနိုင်ရထားပြီးသူလည်းဖြစ်တဲ့ Donald Trump ကလည်း ဒီကနေ့ကျင်းပတဲ့ ပါတီတွင်း ရွေးချယ်မှုတွေမှာ သူအနိုင်ရလိမ့်မယ်လို့ ယုံကြည်ထားပါတယ်။

“Bloomberg သတင်းဌာနက ပြုလုပ်တဲ့ စစ်တမ်းအသစ်ကို တွေ့တယ်မဟုတ်လား၊ ပြိုင်ဖက် ကိုယ်စားလှယ်လောင်းတွေ အကြီးအကျယ် ရှုံးနေကြပါတယ်။”

Super Tuesday နေ့မှာ Primary လို့ခေါ်တဲ့ ပြည်နယ်အစိုးရတွေက ဦးဆောင်ပြုလုပ်မယ့် ပါတီတွင်းရွေးချယ်မှုတွေကိုတော့ Alabama ၊ Arkansas ၊ Colorado ၊ Georgia ၊ Massachusetts ၊ Minnesota ၊ Oklahoma ၊ Tennessee ၊ Texas ၊ Vermont နဲ့ Virginia စတဲ့ ပြည်နယ်ပေါင်း (၁၁) ပြည်နယ်မှာ ကျင်းပမှာ ဖြစ်ပါတယ်။ ဒါ့အပြင် Caucus လို့ခေါ်တဲ့ သက်ဆိုင်ရာ နိုင်ငံရေးပါတီအတွင်း ကျင်းပမယ့် ရွေးကောက်ပွဲတွေကိုတော့ Alaska နဲ့ Wyoming ပြည်နယ်တို့မှာ ရီပတ်ဘလီကန်ပါတီက ကျင်းပမှာ ဖြစ်ပါတယ်။

ဒီမိုကရက်တစ်ပါတီရဲ့ Caucus ကိုတော့ အမေရိကန်လက်အောက်ခံ Samoa ကျွန်းမှာ ကျင်းပမှာ ဖြစ်တဲ့အပြင် ဒီကနေ့မှာပဲ ပြည်ပမှာ နေထိုင်နေကြတဲ့ ဒီမိုကရက်တစ်ပါတီဝင်တွေကလည်း မဲပေးကြမှာ ဖြစ်ပါတယ်။ အခုနှစ် နှစ်လယ်ပိုင်းမှာ ကျင်းပမယ့် ပါတီညီလာခံမှာ သမ္မတ ကိုယ်စားလှယ်လောင်းတွေအဖြစ် အမည်တင်သွင်းခံရဖို့ ဒီမိုကရက်တစ်ဘက်က ပြည်နယ် ကိုယ်စားလှယ်ပေါင်း ၂,၃၈၃ ဦးရဲ့ ထောက်ခံမှု ရရှိဖို့ လိုအပ်သလို ရီပတ်ဘလီကန်ဘက်ကလည်း ပါတီကိုယ်စားလှယ် ၁,၂၃၇ ဦး ရရှိဖို့ လိုအပ်ပါတယ်။

ဒီကနေ့ကျင်းပတဲ့ Super Tuesday ပြည်နယ်တွေကကိုယ်စားလှယ် ၄ ပုံ ၁ ပုံ ရရှိနိုင်မှာ ဖြစ်တဲ့အတွက်လည်း ဒီရွေးကောက်ပွဲဟာ အရေးကြီးတာ ဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ်ဆန်းကတည်းက ပါတီတွင်း သမ္မတကိုယ်စားလှယ်လောင်း ရွေးချယ်မှုတွေကို ပြည်နယ် (၄) ခုမှာ ကျင်းပခဲ့ပြီး ဖြစ်ပေမယ့် အဲဒီ ရွေးချယ်မှုတွေကို ပြည်နယ် တခုချင်းစီအလိုက် ရက်ခြားပြီး ကျင်းပခဲ့တာ ဖြစ်ပါတယ်။

Virginia ပြည်နယ်ဟာ Super Tuesday မှာ မဲပေးကြမယ့် ပြည်နယ် (၁၁) ပြည်နယ်မှာ တခု အပါအဝင်ဖြစ်ပါတယ်။

Virginia ပြည်နယ်မှာ နေထိုင်နေတဲ့ ကိုအံ့ကြွယ်ကတော့ သူ့အနေနဲ့ နိုင်ငံခြားရေးဝန်ကြီးဟောင်း Hillary Clinton အနိုင်ရရင် မြန်မာနိုင်ငံအတွက် အဆင်ပြေမယ်လို့ ယူဆတဲ့အတွက် သူ့ကို မဲပေးဖို့ စဉ်းစားထားတယ်လို့ ပြောပါတယ်။

“ဒီမိုကရက်ပါတီကိုပဲ ပေးမှာပါ။ ဘယ်သူ့ကို ပေးမလဲဆိုတော့ - အခုလက်ရှိအနေအထား ကြည့်နေတာကတော့ Hillary Clinton ကိုပဲ ပေးဖြစ်ဖို့များမယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတက်လာမယ်ဆိုရင် မြန်မာပြည်က ဒေါ်အောင်ဆန်းစုကြည်နဲ့ဆိုရင် ပိုပြီး အဆင်ပြေမှာပေါ့။ အဓိကကတော့ အဲဒီအတွက်ပေါ့။ သူ့ကို ကြိုက်တဲ့အချက်ကတော့ အတွေ့အကြုံ တော်တော်များများ ရှိပြီးပြီလေ။ နောက် မကြိုက်တဲ့ အချက်တွေလည်း ရှိတော့ ရှိတာပေါ့လေ။ ဒါပေမယ့် အဓိက အကြိုက်ဆုံးအချက်ကတော့ မြန်မာပြည်နဲ့ တော်တော် ရင်းနှီးပြီးတော့ သူဆိုရင် မြန်မာပြည်အတွက် တော်တော်လုပ်ပေးနိုင်မယ် ဆိုတဲ့အတွက်ကြောင့်ပါ။”

Virginia ပြည်နယ်သား နောက်တဦးဖြစ်တဲ့ ကိုငယ်ကလည်း ဒီမိုကရက်တစ်ပါတီက လူတန်းစားအားလုံး တန်းတူညီမျှရေးကို လုပ်ဆောင်တဲ့ပါတီဖြစ်တဲ့အတွက် ဒီမိုကရက်တစ်ပါတီက သမ္မတကိုယ်စားလှယ်လောင်း Hillary Clinton ကို မဲပေးမယ်လို့ ပြောပါတယ်။

“ဒီမိုကရက်ထဲမှာ ကျနော် Hillary ကိုပေးမယ်လို့ စိတ်ကူးထားတယ်။ ဒီမိုကရက်က လူလတ်တန်းစား အားလုံးကို တန်းတူ ညီမျှရေးပေါ့နော်။ ရီပတ်ဘလီကန်ကကျတော့ သူတို့ ရှိပြီးတဲ့သူတွေပေါ့နော်၊ အရင်းရှင်တွေ ပိုပြီးတော့ ချမ်းသာမယ်၊ ပိုပြီးတော့ - သူတို့ ကောင်းစားရေး အတွက်ကို ပိုပြီးတော့ ပါတယ်လို့ ကျနော့်စိတ်ထဲထင်တယ်လေ သူတို့ရဲ့ ပေါ်လစီက။”

ဒီမိုကရက်တစ်ပါတီဟာ ပြည်ပကနေ ရွေ့ပြောင်းနေထိုင်ကြသူတွေအပေါ် လူမျိုးရေးခွဲခြား ဆက်ဆံတဲ့ စိတ်ဓါတ်မရှိတာရယ်၊ ပါတီ ကိုယ်စားလှယ်လောင်း Hillary Clinton က သူ့အစိုးရအနေနဲ့ အသေးစား စီးပွားရေးလုပ်ငန်းတွေကို အားပေးမယ်လို့ မဲဆွယ် စည်းရုံးမှုတွေအတွင်း ပြောဆိုထားတာတွေကြောင့် သူမကို မဲပေးဖို့ ဆုံးဖြတ်ထားတယ်လို့ အသေးစား စီးပွားရေးလုပ်ငန်းရှင်တဦးဖြစ်တဲ့ ကိုသားကြီးကလည်း ပြောပါတယ်။

“ကျနော် ဒီမိုကရက်တစ်က Hillary Clinton ကို မဲပေးပါမယ် ခင်ဗျ။ Hillary က သူပြောတဲ့ဥစ္စာသည် - ကျန်းမာရေးအတွက် အိုဘားမားရဲ့ အစီအစဉ်၊ နောက်တခါ သူ့ရဲ့ Small Business (အသေးစား စီးပွားရေးလုပ်ငန်း) တွေ၊ Small Business ကို သူအားပေးတဲ့အကြောင်း၊ နောက်တခါ Tax (အခွန်ကိစ္စ) ကို ဘယ်လို သူက လုပ်ပေးနိုင်တယ်ဆိုတဲ့ အကြောင်းတွေ ပြီးခဲ့တဲ့အပတ်က ပြောတဲ့အတွက် ကျနော်ကြိုက်တဲ့အတွက် Hillary ကို (မဲ) ပေးမှာ ဖြစ်ပါတယ် ခင်ဗျ။ ကျနော်တို့ Immigrants (ပြည်ပကနေ လာရောက် ရွှေ့ပြောင်း နေထိုင်သူတွေ) အတွက် Fair (တရားမျှတ) တယ်။ ပြီးတော့ သိပ်ပြီးတော့ လူမျိုးရေးစိတ်ဓါတ် သူတို့မှာ မရှိဘူးပေါ့။ ဘာဘဲပြောပြော Immigrants တွေအပေါ်မှာလည်း သူတို့က မျှမျှတတရှိတယ်။ နောက်တခုက Small Business တွေ အပေါ်မှာလည်း သူက လုပ်ပေး ၊ ကိုင်ပေးတာ ကောင်းတယ်ပေါ့ဗျာ။ အဲဒါကြောင့်မို့လို့ ကျနော်ရွေးတာ ဖြစ်ပါတယ်။”

အမေရိကန်သမ္မတရွေးကောက်ပွဲဟာ တခြားနိုင်ငံတွေနဲ့ နှိုင်းယှဉ်လိုက်ရင် မဲဆွယ်စည်းရုံးမှုကာလ ရှည်လျားပေမယ့်လည်း အဲဒီလို လုပ်ဆောင်ခြင်းအားဖြင့် ကိုယ်စားလှယ်လောင်းတွေရဲ့အကြောင်း ဂဃဏန သိရှိခွင့်ရတဲ့အတွက် ကောင်းမွန်တဲ့ အစီအစဉ်ဖြစ်တယ်လို့ ကိုသားကြီးက သုံးသပ်ပါတယ်။

Super Tuesday မှာ ရွေးကောက်ပွဲတွေမှာ အကြိုစစ်တမ်းတွေအရ ဒီမိုကရက်ပါတီဖက်မှာတော့ နိုင်ငံခြားရေးဝန်ကြီးဟောင်း Hillary Clinton က ပြိုင်ဖက် Vermont ပြည်နယ် အတက်လွှတ်တော်အမတ် Bernie Sanders ထက် အသာစီး ရနေပါတယ်။ ရီပတ်ဘလီကန်ဖက်မှာတော့ ဘီလီယံနာသူဌေးကြီး Donald Trump က ပြိုင်ဖက် ဖလော်ရီဒါပြည်နယ် အထက်လွှတ်တော်မတ် Marco Rubio နဲ့ Texas ပြည်နယ် အထက်လွှတ်တော်အမတ် Ted Cruz တို့အပေါ် အပြတ်အသတ် အသာစီးရနေပါတယ်။

XS
SM
MD
LG