ဖလော်ရီဒါပြည်နယ်က အထက်တန်းကျောင်းတကျောင်းကို သေနတ်နဲ့ဝင်ပစ်တယ်လို့ အစွပ်စွဲခံထားရသူ အသက် ၁၉ နှစ်အရွယ် လူငယ်ကို ကြာသပတေးနေ့က ခနတာ တရားရုံးတင်ပြီး အာမခံမပေးဘဲ ချုပ်နှောင်ထားဖို့ အမိန့်ချလိုက်ပါတယ်။
ကြိုတင်ကြံစည်ပြီး လူသတ်မှုဆိုင်ရာ စွဲချက် ၁၇ ခုနဲ့ စွပ်စွဲခံထားရတဲ့ Nikolas Cruz ကို လက်တွေကို ခါးမှာသံကြိုးနဲ့ချည်ထားပြီး လိမ္မော်ရောင် ထောင်ဝတ်စုံနဲ့ ဖလော်ရီဒါပြည်နယ်က တရားရုံးတခုမှာ တွေ့ခဲ့ကြရပါတယ်။ နောက်ထပ် တရားရုံး စစ်ဆေးမှုတွေ ကို စောင့်ဆိုင်းနေချိန်အတွင်း Cruz ကို ဆက်ပြီး ဖမ်းဆီးထားဖို့ အစိုးရရှေ့နေတွေက လျှောက်ထားတာကို သူ့ရဲ့ရှေ့နေတွေက ငြင်းချက်ထုတ် လျှောက်ထားတာမရှိခဲ့ပါဘူး။
သိပ်ကိုပြင်းထန်တဲ့ ရာဇဝတ်မှုတချို့ ကျူးလွန်မှုနဲ့ မင်းအပေါ် စွပ်စွဲထားတယ်လို့ တရားသူကြီး Kim Theresa Mollica က Cruz ကိုပြောပါတယ်။ ဖလော်ရီဒါပြည်နယ်တောင်ပိုင်း၊ Parkland မြို့က Marjory Stoneman Douglas အထက်တန်းကျောင်းကို Cruz က ဗုဒ္ဓဟူးနေ့ နေ့လည်ပိုင်းမှာ ခြေမှုန်းရေး ရိုက်ဖယ်သေနတ်နဲ့ ဝင်ပစ်ခဲ့တယ်ဆိုပြီး အာဏာပိုင်တွေက စွပ်စွဲထားတာပါ။
Cruz ဟာ ဓာတ်ငွေ့ ကာ မျက်နှာဖုံးစွပ်ပြီး ကျောင်းအပြင်မှာ စပစ်ပြီးတဲ့နောက် ကျောင်းဝင်းထဲမှာပါ ဆက်ပစ်ပြီး ထွက်ပြေးတဲ့ ကျေင်းသားတွေနဲ့ ရော ပြီးထွက်ပြေးဖို့ ကြိုးစားချိန်မှာ ရဲကမိလိုက်တာပါ။ သူဟာ အဲဒီကျောင်းမှာ တက်နေရင်းနဲ့မှ ကျောင်း စည်းကမ်းဖောက်ဖျက်မှုနဲ့ ပြီးခဲ့တဲ့နှစ်က ကျောင်းထုတ်ခံခဲ့ရတာပါ။
အဲဒီဖြစ်ရပ်မှာ စုစုပေါင်း လူူ ၁၇ ယောက်သေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရခဲ့ပြီး ဒဏ်ရာရသူတချို့ဟာ စိုးရိမ်ရပါတယ်။ အမေရိကန် စာသင်နှစ်အသစ်စတဲ့ ပထမ ၄၅ ရက် အတွင်းမှာပဲ ကျောင်းတွေမှာ သေနတ်နဲ့ဝင်ပစ်ခံရတာဟာ ဒီဖြစ်ရပ်နဲ့ဆိုရင် ၁၈ ကြိမ်ရှိသွားပါပြီ။