သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည် ဗြိတိန်ဝန်ကြီးချုပ်နဲ့ တွေ့မည်


နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည် ဗြိတိန် အိမ်ရှေ့စံမင်းသား Charles၊ ကြင်ယာတော် Camilla တို့နဲ့ ဒီကနေ့ တွေ့ဆုံစဉ်။
နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည် ဗြိတိန် အိမ်ရှေ့စံမင်းသား Charles၊ ကြင်ယာတော် Camilla တို့နဲ့ ဒီကနေ့ တွေ့ဆုံစဉ်။
ဥရောပ ၅ နိုင်ငံကို သီတင်းနှစ်ပတ်ကြာ ခရီးစဉ်ထွက်နေတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဗြိတိန်နိုင်ငံ လန်ဒန်မြို့တော်မှာ ရောက်ရှိနေပြီး မကြာခင် နာရီပိုင်းအတွင်းကပဲ ဗြိတိန်အိမ်ရှေ့စံ ဝေလမင်းသား Charles၊ ကြင်ယာတော် Camilla တို့နဲ့ လန်ဒန်မြို့တော်က ချားလ်စ်မင်းသားရဲ့ စံအိမ် Clarence House မှာ တွေ့ဆုံခဲ့ပါတယ်။

နောက်ပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ဗြိတိသျှဝန်ကြီးချုပ် David Cameron နိုင်ငံခြားရေးဝန်ကြီး William Hague တို့နဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။

ကြာသပတေးနေ့မှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ မြောက်ပိုင်းအိုင်ယာလန် Belfast မြို့ကို သွားရောက်မှာဖြစ်ပြီး ငြိမ်းချမ်းရေးနဲ့ ပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်တွေကို လေ့လာမှာဖြစ်ပါတယ်။ သောကြာနေ့မှာ Sandhurst တော်ဝင် စစ်တက္ကသိုလ်ကိုလည်း သွားရောက် လေ့လာမှာ ဖြစ်ပြီး စစ်ရေးလေ့ကျင့်မှုတွေကို ကြည့်ရှုမယ့်အပြင် ဗိုလ်လောင်းတွေကို မိန့်ခွန်းပြောကြားဖို့ ရှိပါတယ်လို့လည်း ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြော ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေး၊ တရားဥပဒေ စိုးမိုးရေးတို့အတွက် ကြိုးပမ်းခဲ့မှုတွေအပေါ် ဂုဏ်ပြုတဲ့ အနေနဲ့ ၁၉၉၀ ခုနှစ်ကတည်းက ဥရောပပါလီမန်က ချီးမြှင့်ခဲ့ Sakharov ဆုကို ဒေါ်အောင်ဆန်းစုကြည်က အင်္ဂါနေ့မှာ ပြင်သစ်နိုင်ငံ Strasbourg မြို့မှာ သွားရောက်လက်ခံ ရယူခဲ့ပါတယ်။ မြန်မာနိုင်ငံတွင်း ဒီမိုကရေစီ ပေါ်ထွန်းရေးအတွက် အဓိက လိုအပ်ချက်ဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးဆွဲရေး ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က သူ့ခရီးစဉ်အတွင်း ဝင်ရောက်ခဲ့တဲ့ နိုင်ငံတိုင်းမှာ ပြောသွားခဲ့တာပါ။

ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ရဲ့ခရီးစဉ် မပြီးဆုံးခင် အီတလီနိုင်ငံကို ဝင်ရောက်ဦးမှာဖြစ်ပြီး မြန်မာ့ဒီမိုကရေစီရေး အစဉ်တစိုက် အားပေးထောက်ခံခဲ့တဲ့ မြို့ ၄ မြို့ကို သွားရောက်လည်ပတ်မှာ ဖြစ်ပါ တယ်။ နိုဝင်ဘာလ ၂ ရက်နေ့မှာ သူ့ရဲ့ ဥရောပခရီးစဉ်ကို အဆုံးသတ်မှာ ဖြစ်ပါတယ်။
XS
SM
MD
LG