သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်စုနဲ့ ထိပ်တန်းစင်္ကာပူခေါင်းဆောင်တွေ တွေ့ဆုံ


မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ စင်္ကာပူဝန်ကြီးချုပ် Lee Hsien Long တို့ ၂၃ စက်တင်ဘာလ ၂၀၁၃ က တွေ့ဆုံကြစဉ်။ (ဓာတ်ပုံ - https://www.facebook.com/leehsienloong)
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ စင်္ကာပူဝန်ကြီးချုပ် Lee Hsien Long တို့ ၂၃ စက်တင်ဘာလ ၂၀၁၃ က တွေ့ဆုံကြစဉ်။ (ဓာတ်ပုံ - https://www.facebook.com/leehsienloong)
စင်္ကာပူထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ဒီကနေ့ တွေ့ဆုံချိန် ဒေါ်အောင်ဆန်းစုကြည်အပေါ်မှာ အလေးအနက်ထား ဆက်ဆံမှုမှာ စင်္ကာပူ-မြန်မာနိုင်ငံ နှစ်နိုင်ငံကြားမှာလည်း စီးပွားရေး၊ ပညာရေး အလားအလာကောင်းတွေ ပေါ်ထွန်းလာစေနိုင်မယ်လို့ စင်္ကာပူရောက် မြန်မာနိုင်ငံသားတွေက ယုံကြည်မျှော်လင့်နေကြပါတယ်။ အသေးစိတ်ကို ဆက်သွယ်မေးမြန်းထားတဲ့ မဆုမွန် က တင်ပြထားပါတယ်။

မြန်မာနိုင်ငံတွင်း ဖြစ်ထွန်းတိုးတက်မှုတွေနဲ့ စင်္ကာပူ-မြန်မာ နှစ်နိုင်ငံကြား ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မာကာင်းမွန်လာစေရေး စင်္ကာပူဝန်ကြီးချုပ် Lee Hsien Long က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စင်္ကာပူခရီးစဉ်အတွင်း တွေ့ဆုံဆွေးနွေးပြီးနောက်မှာ စင်္ကာပူဝန်ကြီးချုပ်က ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ စင်္ကာပူခရီးစဉ်ကို ကျေနပ်အားရမှု ရှိမယ်လို့ မျှော်လင့်ကြောင်းနဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ နေအိမ်ကို လုံခြုံစိတ်ချစွာ ပြန်သွားနိုင်ဖို့ ဆုမွန်တောင်းပါတယ်လို့ သူ့ရဲ့ Facebook စာမျက်နှာမှာ ရေးသားဖော်ပြထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ရဲ့ခရီးစဉ် အစီအစဉ်အရ တနင်္လာနေ့မှာ စင်္ကာပူလွှတ်တော်ကို သွားရောက်ပြီး လွှတ်တော် ဥက္ကဌ ဟာလီမာ ယာကော့ (HaliamahYacob)၊ စင်္ကာပူသမ္မတ ဒေါက်တာ တိုနီတန် ခန် ယမ်း (Tony Tan Keng Yam)၊ စင်္ကာပူ ဂုဏ်ထူးဆောင် ဝန်ကြီး ဂိုခြောက်ထောင်နဲ့လည်း တွေ့ဆုံပါတယ်။

စင်္ကာပူနိုင်ငံနဲ့ မြန်မာနိုင်ငံကြား စီးပွားရေး၊ ပညာရေး၊ ရင်းနှီးမြှုပ်နှံမှု စတဲ့ နှစ်နိုင်ငံ ချစ်ကြည်မှု ဆက်ဆံရေး အခြေအနေနဲ့ ပတ်သက်လို့ စင်္ကာပူ-မြန်မာအသင်းရဲ့ ဥက္ကဌအဖြစ် တာဝန်ယူ လုပ်ဆောင်ခဲ့ဖူးသူ အခု လက်ရှိ စင်္ကာပူ-မြန်မာအသင်းရဲ့ ဂုဏ်ထူးဆောင် အကြံပေးပုဂ္ဂိုလ်လည်းဖြစ်၊ စင်္ကာပူ နမ့်ယမ်းတက္ကသိုလ်မှာ ၂၃ နှစ်ကြာ တွဲဖက်ပါမောက္ခအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဦး Daniel Tint Lwin က စင်္ကာပူ-မြန်မာ ဆက်ဆံရေးနဲ့ ပတ်သက်လို့ သူ့အမြင် သဘောထားကို အခုလို စပြောပါတယ်။

“စင်္ကာပူ-မြန်မာ ဆက်ဆံရေးကတော့ အစကတည်းကပဲ ကောင်းပါတယ် တော်တော်လေး။ ဘာလို့လဲဆိုတော့ ကျနော်လည်း စင်္ကာပူ-မြန်မာ Training Center မှာ တနှစ်ကို နှစ်ခါ၊ သုံးခါ စာသွားသွားပြပါတယ်။ သင်တန်းတွေမှာ စာပြနေကြပဲ။ ဒီလကုန်မှာ တခါသွားရဦးမယ်။ ဆိုတော့ စင်္ကာပူနဲ့ မြန်မာနဲ့က အစကတည်းက ကောင်းပြီးသား။ အခုကျတော့ ပိုတောင် ကောင်းသွားသေးတာပေါ့လေ။ အခုက စင်္ကာပူသမ္မတကလည်း သွားတယ်။ နောက်တခါ Senior Minister ဂိုခြောက်တောင် တို့လည်း သွားတယ်။ ဒေါ်စုလာတော့လည်း သူတို့နဲ့ တွေ့တယ်ဆိုတော့ ဆထက်တပိုး ပိုပြီးတော့ တိုးတက်နေတာပေါ့လေ။”

မေး။ ။ ဟုတ်ကဲ့။ ဆိုတော့ ဒီဟာ ပထမဆုံးအကြိမ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ စင်္ကာပူနိုင်ငံ ခရီးစဉ်မှာပေ့ါနော် ဆရာ။ စီးပွားရေးနဲ့ ရင်းနှှီးမြှုပ်နှံမှုတွေရဲ့ အတိုင်းအတာနဲ့ အလားအလာအပေါ်မှာ ဘယ်လိုများ အမြင်ရှိပါသလဲ။

ဖြေ။ ။ “သူ့မိန့်ခွန်းထဲမှာလည်း ပြောသွားပါတယ်။ ဒါပေမဲ့လို့ FDI ပေါ့လေ Foreign Direct Investment က စောင့်နေလို့မရဘူးတဲ့။ သူက လုပ်ဖို့ပေါ့လေ အစိုးရအနေနဲ့ လုပ်ဖို့အများကြီး ရှိတယ်ပေါ့လေ။ ဥပဒေတွေလည်း ပြင်တော့ပြင်နေတယ်။ ဒါပေမဲ့ တချို့လူတွေက နည်းနည်းနှေးတယ်ပေါ့။ အဲ့ဒီအကြောင်း ပြောသွားတယ်။”

မေး။ ။ ဟုတ်ကဲ့ ဒီစင်္ကာပူနဲ့ မြန်မာနိုင်ငံအကြား ရင်းနှီးမြှုပ်နှံမှု အခြေအနေတွေကရော ဘယ်လောက်အတိုင်းအတာအထိ အလားအလာကောင်းတွေ ရှိလာနိုင်မယ်လို့ ဆရာ့အနေနဲ့ ထင်မြင်မိပါသလဲ။

ဖြေ။ ။ “ဆရာသိရသလောက်တော့ စင်္ကာပူက ကုမ္ပဏီတွေ၊ နိုင်ငံခြားက ကုမ္ပဏီတွေက အများကြီးပဲ စိတ်ဝင်စားကြတယ်။ ဒါပေမဲ့ အခက်အခဲလေးတွေပေါ့လေ ဟိုမှာ ဆိုင်ခန်းခ ဈေးကြီးတာတို့၊ လမ်းပန်းဆက်သွယ်ရေး မကောင်းတာတို့၊ နောက် အင်တာနက်၊ တယ်လီဖုန်း၊ Communication အဲ့ဒါတွေ ချို့ယွင်းတာကျတော့ သူတို့လည်း နည်းနည်း စဉ်းစားနေတာပေါ့။ ဝင်သင့်သလောက် မဝင်ဘူးဖြစ်နေတာပေါ့။ စိတ်ဝင်စားတာကတော့ တအားပဲ။”

မေး။ ။ အခုလို ဒေါ်အောင်ဆန်းစုကြည် ရောက်လာတဲ့အပေါ်မှာ စင်္ကာပူရောက် မြန်မာနိုင်ငံသားတွေအပေါ်မှာရော စင်္ကာပူအစိုးရကနေပြီးတော့ ဘယ်လောက်အတိုင်းအတာအထိ ရှိလာနိုင်မယ်လို့ ဆရာ့အနေနဲ့ ထင်ပါသလဲရှင်။

ဖြေ။ ။ “စင်္ကာပူကတော့ သူ့ဥပဒေနဲ့သူ သွားမှာပဲလေ။ စည်းမျဉ်းအတိုင်းသွားမှာပဲပေါ့။ အရင်အတိုင်းပဲ ပေါ်လစီနဲ့သွားမှာလေ။”

မေး။ ။ နောက်တခုပေါ့ဆရာ စင်္ကာပူနဲ့ မြန်မာကြားထဲမှာ ပညာရေးနဲ့ ပတ်သက်ပြီးတော့ရော ပူးပေါင်းဆောင်ရွက်ဖို့ အလားအလာတွေရော ရှိပါသလား။

ဖြေ။ ။ “ရှိပါတယ်။ ရှိပါတယ်။ အဲ့ဒီဟာတွေက လုပ်နေကြတုန်းပါ။ အရင်တုန်းကဆိုရင် MTU နဲ့ MOU ထိုးထားတယ်လေ။ Yangon Technological University – YTU ပေါ့။ အဲ့ဒါကိုလည်း ဆက်လက်ကြိုးပမ်းနေကြပါတယ်။ MOU နဲ့ ပြန်ထိုးဖို့ ဘာညာပေ့ါ။ နောက်ပြီးတော့လည်း ပညာရေးဘက်မှာ အများကြီး ကူညီပံ့ပိုးဖို့အတွက်ကိုလည်း လုပ်နေကြပါတယ်။ တခါတုန်းက သတင်းစာထဲလည်း ပါပါတယ်။ Singapore Polytechnic က ဦးဆောင်ပြီး အဖွဲ့အစည်းတွေ ဖွဲ့ပြီး ကြည့်နေကြတယ်ဆိုတဲ့အကြောင်း တွေ့မိမှာပေါ့။”

မေး။ ။ အခု ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်နဲ့ပတ်သက်ပြီးတော့ ဆရာ့အနေနဲ့ ဘယ်လိုများ အမြင်သုံးသပ်ချက် ရှိပါသလဲဆရာ။

ဖြေ။ ။ “ဟုတ်ကဲ့ မြန်မာမိသားစုတွေကတော့ အရမ်းကို ကျေနပ်ပြီးတော့ သူ ပြောတဲ့စကားလေးတွေ၊ ဆုတောင်းသွားတာလေးတွေ၊ အမေးအဖြေလေးတွေ အရမ်းကို ကျေနပ်သွားကြပါတယ်။ ဒီရုံကြီးကို ပြည့်လျှံသွားကြတာပဲ။ ကျနော့်အထင်တော့ ၆ ထောင်လောက်တော့ ရှိလိမ့်မယ်ထင်ပါတယ်။ တက်တဲ့လူတွေကလည်းလေ စည်းကမ်းတကျနဲ့ နေကျတော့ ဒေါ်စုကလည်း တော်တော့်ကို ကျေနပ်သွားတယ်။”

ဒါကတော့ စင်္ကာပူ-မြန်မာအသင်းရဲ့ ဥက္ကဌအဖြစ် တာဝန်ယူလုပ်ဆောင်ခဲ့ဖူးသူ အခု လက်ရှိ စင်္ကာပူ-မြန်မာအသင်းရဲ့ ဂုဏ်ထူးဆောင်အကြံပေးပုဂ္ဂိုလ် ဦး Daniel တင့်လွင် ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ကတော့ စင်္ကာပူနိုင်ငံရောက် မြန်မာမိသားစုတွေနဲ့ တွေ့ဆုံခဲ့သလို စင်္ကာပူစီမံခန့်ခွဲမှုတက္ကသိုလ် SMU မှာလည်း အမျိုးသားပြန်လည်သင့်မြတ်ရေး ဆိုတဲ့ခေါင်းစဉ်နဲ့ ဆွေးနွေးပွဲ ပြုလုပ်ခဲ့ပါတယ်။

စနေနေ့ကတော့ စင်္ကာပူထိပ်သီးညီလာခံမှာ “မြန်မာနိုင်ငံရဲ့ အသွင်ကူးပြောင်းမှု” နဲ့ပတ်သက်လို့ မိန့်ခွန်းပြောဆိုခဲ့ပါတယ်။ စက်တင်ဘာလ ၂၀ ရက်နေ့က စတင်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပထမဆုံးအကြိမ် စင်္ကာပူနိုင်ငံ လေးရက်တာခရီးစဉ်ကတော့ အင်္ဂါနေ့ စက်တင်ဘာလ ၂၄ ရက်နေ့မှာ အဆုံးသတ်မှာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့နှောင်းပိုင်းမှာလည်း သတင်းစာရှင်းလင်းပွဲတခု ပြုလုပ်ဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။
XS
SM
MD
LG