သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွေးကောက်ပွဲအတွက် တိုင်းပြည်မှာတည်ငြိမ်မှုရှိဖို့ ဒေါ်စုသတိပေး


မြန်မာ့အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ (ယာ) နဲ့ နာယက ဦးတင်ဦးတို့ကို ပါတီရဲ့ ပဉ္စမအကြိမ်မြောက် ဗဟိုကော်မတီအစည်းအဝေး ပထမနေ့မြင်ကွင်း။ (ဇွန် ၂၀၊ ၂၀၁၅)
မြန်မာ့အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ (ယာ) နဲ့ နာယက ဦးတင်ဦးတို့ကို ပါတီရဲ့ ပဉ္စမအကြိမ်မြောက် ဗဟိုကော်မတီအစည်းအဝေး ပထမနေ့မြင်ကွင်း။ (ဇွန် ၂၀၊ ၂၀၁၅)

ရွေးကောက်ပွဲ မဖြစ်မနေ ကျင်းပနိုင်ရေးအတွက် နိုင်ငံတည်ငြိမ်ရေးကို သတိထားကြဖို့ မြန်မာ့အတိုက်အခံခေါင်းဆောင်က တိုက်တွန်းလိုက်ပါတယ်။ အတိုက်အခံ NLD ပါတီ ရွေးကောက်ပွဲ ဝင်မလားဆိုတာကိုလည်း မကြာခင်မှာ ကြေညာမယ်လို့ ပြောဆိုပြီး NLD ရဲ့ ကိုယ်စားလှယ်လောင်းတွေ အဂတိ လိုက်စားမှု လုံးဝ ကင်းရှင်းစေဖို့ ပိုင်ဆိုင်မှုတွေကို ကြေညာရမယ်လို့လည်း ပြောဆိုလိုက်ပါတယ်။ မသိင်္ဂီထိုက် စုစည်းတင်ပြထားပါတယ်။

ဒီနှစ်ကုန်ပိုင်းမှာ ကျင်းပပါမယ်လို့ ပြောဆိုထားတဲ့ ရွေးကောက်ပွဲနီးလာချိန်မှာ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်တို့ထဲမှာ တိုင်းရင်းသား လက်နက်ကိုင်တို့နဲ့ မြန်မာ့တပ်မတော်တို့ကြား ထိပ်တိုက်တွေ့မှုတွေ ခပ်စိပ်စိပ်ဖြစ်လာနေတဲ့ အချိန်မှာပဲ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည် က နိုင်ငံမတည်ငြိမ်မှုကို အကြောင်းပြုပြီး ရွေးကောက်ပွဲတွေ နှောင့်နှေးသွားစေနိုင်မယ့် အခြေအနေကို သတိပေးလိုက်ပါတယ်။

“အခုဆိုလို့ရှိရင် ရွေးကောက်ပွဲများအတွက် သတ်မှတ်ထားတဲ့ နိုဝင်ဘာလ ပထမအပတ်ဆိုတာကတော့ နောက်ဆုံးအချိန်လို့သတ်မှတ်ထားတဲ့အချိန်က တဖြည်းဖြည်း နီးလာပါပြီ။ ဒီအချိန်မရောက်ခင်ကာလမှာ ကျမတို့နိုင်ငံမှာ တည်ငြိမ်ဖို့ အင်မတန်မှ အရေးကြီးပါတယ်။ အဲဒါကိုတော့ ကျမက ဒီမှာ သတိပေးပါရစေ။ နိုင်ငံရဲ့မတည်ငြိမ်မှုကို အကြောင်းပြပြီးတော့ ရွေးကောက်ပွဲလမ်း လွဲသွားမှာကို မဖြစ်ပါစေနဲ့လို့ ကျမတို့ရဲ့အဖွဲ့ချုပ်အနေနဲ့ အားလုံးကို ကျမ မှာချင်ပါတယ်။ ပြည်သူလူထုကိုလည်း ဒီကနေပဲ တဆင့်မှာချင်ပါတယ်။”

စနေနေ့ ရန်ကုန်မြို့မှာ ကျင်းပတဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ဗဟိုကော်မတီ အစည်းအဝေးမှာ ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောဆိုလိုက်တာပါ။ ဒေါ်အောင်ဆန်းစုကြည် စိုးရိမ်ပူပန်သလိုပဲ တခြား နိုင်ငံရေးပါတီတွေကြားမှာလည်း တည်ငြိမ်ရေးကြောင့် ရွေးကောက်ပွဲ နှောင့်နှေးမယ့်အရေးအပေါ် စိုးရိမ်မှုတွေကတော့ ရှိနေတာပါ။ သောကြာနေ့တုန်းက ရခိုင်အမျိုးသားပါတီရဲ့ လွှတ်တော်အမတ် ဒေါက်တာအေးမောင်က ပြောထားပါတယ်။

“မြန်မာ့ဒီမိုကရေစီခေတ်ရဲ့လာမယ့် ၅ နှစ်က တော်တော်အရေးကြီးပါတယ်။ အခုကာလက ကြားခံကာလတခုကို ဖြတ်သန်းနေသလိုမျိုး…လို့ပဲ သုံးသပ်ပါတယ်။ အဲဒါကြောင့် လာမယ့်ရွေးကောက်ပွဲကြီးမတိုင်ခင်ကာလ တည်ငြိမ်မှုနဲ့ ရွေးကောက်ပွဲအလွန်ကာလ တည်ငြိမ်မှုက အင်မတန် အရေးကြီးကြောင်းကို ကျနော်တို့လည်း သဘောပေါက်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရော၊ ဦးရွှေမန်းရော ခနခန ပြောကြပါတယ်။ အဲဒါကြောင့် ရွေးကောက်ပွဲကာလ၊ ဒီမိုကရေစီခေတ်ဦးအစိုးရရဲ့နောက်ဆုံးကာလလေးနဲ့ လွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲကို ကျင်းပနိုင်ဖွယ်ဖြစ်အောင် ကျနော်တို့ ပံ့ပိုးနေကြတဲ့ကာလမှာ ဒီရွေးကောက်ပွဲကာလမတိုင်ခင် တည်ငြိမ်ဖို့က အလွန်အရေးကြီးပါတယ်။ ရွေးကောက်ပွဲအလွန်ကာလ တည်ငြိမ်မှု ကတော့ဖြင့် အာဏာအပြောင်းအလဲနဲ့သက်ဆိုင်ပါတယ်။ အဲဒါကြောင့် ဖွဲ့စည်းပုံကာလ အခြေခံဥပဒေကို ပြင်ဆင်ဖို့ အခု ကြိုးစားတဲ့ကာလမှာ ညှိညှိနှိုင်းနှိုင်းနဲ့ ကျနော်တို့လိုလားတဲ့ ဖွဲ့စည်းပုံတဆစ်ချိုးကို ပြုပြင်ပြောင်းလဲနိုင်အောင် ဆောင်ရွက်ဖို့ အင်မတန်အရေးကြီးပါတယ်။”

လက်ရှိ တိုက်ပွဲတွေဖြစ်နေတဲ့ ကိုးကန့်ဒေသနဲ့ စစ်ရေးတင်းမာနေတဲ့ ဝ ဒေသတို့မှာတော့ ရွေးကောက်ပွဲကျင်းပဖို့ မသေချာဘူးလို့ ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌကလည်း ပြောထားပြီး ဖြစ်ပါတယ်။ ဒီနှစ် အောက်တိုဘာလ နှောင်းပိုင်းနဲ့ နိုဝင်ဘာလဆန်းအတွင်းမှာ ရွေးကောက်ပွဲကျင်းပဖို့ စီစဉ်ထားပေမယ့် အခုချိန်ထိတော့ ကျင်းပမယ့်ရက်ကို မသတ်မှတ်နိုင်သေးပါဘူး။ နိုင်ငံမတည်ငြိမ်ဖြစ်စေမယ့် စိုးရိမ်ချက်အပေါ်မှာ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က အသေးစိတ် ထုတ်ဖော်ပြောဆိုခဲ့ခြင်း မရှိပါဘူး။ ဒါပေမယ့် လက်ရှိနိုင်ငံတွင်းမှာလည်း တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်တို့ကြား စစ်ရေးတင်းမာနေဆဲဖြစ်သလို တနိုင်ငံလုံး အပစ်အခတ်ရပ်စဲနိုင်ရေးကလည်း ရှေ့မတိုး နောက်မဆုတ်သာ အခြေအနေနဲ့ ရင်ဆိုင်နေရတာပါ။ နိုင်ငံတွင်းက ဒေသတချို့မှာ ဘာသာရေး အဓိကရုဏ်းတွေ၊ ဆန္ဒပြကန့်ကွက်မှုတွေလည်း ပေါ်ပေါက်ခဲ့တာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီဝင်တွေ နိုင်ငံတော်အလံကို အလေးပြုစဉ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီဝင်တွေ နိုင်ငံတော်အလံကို အလေးပြုစဉ်။

NLD ပါတီကတော့ မကြာခင်မှာပဲ ရွေးကောက်ပွဲကို ဝင်မယ်၊ မဝင်ဘူးဆိုတာကို ကြေညာမှာဖြစ်ပြီး ပါတီရဲ့ ကိုယ်စားလှယ်လောင်းတွေအဖြစ် ဝင်ရောက် ယှဉ်ပြိုင်သူတွေကိုလည်း ရွေးချယ်တော့မှာ ဖြစ်တယ်လို့ စနေနေ့ ပါတီရဲ့ ဗဟိုကော်မတီ အစည်းအဝေးမှာ ဒေါ်အောင်ဆန်းစုကြည်က ကြေညာခဲ့ပါတယ်။

“ကိုယ်စားလှယ်လောင်းများအဖြစ် ဝင်ပြီးတော့ယှဉ်ပြိုင်ချင်တဲ့ပုဂ္ဂိုလ်တွေကို ထပ်ပြီးတော့ သတိပေးပါရစေ။ ကိုယ်နိုင်ရေးအတွက်လုပ်ဖို့ မဟုတ်ပါဘူး။ နိုင်ငံအရေးအတွက်၊ ဒီမိုကရေစီအောင်နိုင်ရေးအတွက် လုပ်ဖို့ဖြစ်ပါတယ်ဆိုတာ ကျမ သတိပေးချင်ပါတယ်။”

ပါတီကိုယ်စားလှယ်တွေ အဂတိလိုက်စားမှု ကင်းရှင်းရေးအတွက် ပိုင်ဆိုင်မှုအားလုံးကို တင်ပြထားရမှာဖြစ်သလို ပိုင်ဆိုင်မှုတွေ တိုးပွားလာခဲ့ရင်လည်း ပါတီရဲ့စုံစမ်းစစ်ဆေးမှုကို လက်ခံရမယ်ဆိုတဲ့ ကတိခံဝန်ချက်ထားရှိရမှာလည်း ဖြစ်ပါတယ်။ လက်ရှိ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ကိုလည်း ဆက်လက်လုပ်သွားမယ့်အကြောင်းလည်း စနေနေ့ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးမှာ ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်း ပြောဆိုခဲ့ပါတယ်ရှင်။

XS
SM
MD
LG