သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီယားလေတပ်စခန်းကို အစ္စရေးတိုက်ခိုက်ဟု ဆီးရီယားနဲ့ရုရှားစွတ်စွဲ


ဆီးရီးယား နိုင်ငံ Homs ပြည်နယ်
ဆီးရီးယား နိုင်ငံ Homs ပြည်နယ်

ဆီးရီးယား အလယ်ပိုင်းက လေတပ်အခြေစိုက် စခန်းတခု အပေါ် ဒီကနေ့ တနလာၤနေ့မှာ အစ္စရေးလ် စစ်လေယာဉ် နှစ်စင်းက လက်ဘနွန် ဝေဟင်ပိုင်နက်ထဲကနေ တိုက်ခိုက်ခဲ့တယ်လို့ ဆီးရီးယားနဲ့ ရုရှားတို့က ပြောဆိုလိုက်ပါတယ်။ ဆီးရီးယား နိုင်ငံ Homs ပြည်နယ် T4 အခြေစိုက် စခန်းပေါ် တိုက်ခိုက်ခဲ့တယ်ဆိုတာနဲ့ ပတ်သက်လို့ အစ္စရေးလ် စစ်တပ်ဘက်ကတော့ မှတ်ချက်ပေး ပြောဆိုခြင်း မရှိပါဘူး။

အီရန်တပ်ဖွဲ့ဝင်တွေ အပါအဝင် ၁၄ ဦး သေဆုံးတယ်လို့ ဗြိတိန် အခြေစိုက် ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့က ပြောပါတယ်။ အီရန် တပ်ဖွဲ့တွေက အဲဒီဒေသကနေ အစ္စရေးလ် ပိုင်နက်ထဲကို အဝေးထိန်း ဒရုန်းယာဉ်တစင်း စေလွှတ်ခဲ့တယ်လို့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ တုန်းက အစ္စရေးလ်ဘက်က စွပ်စွဲခဲ့တာပါ။

ဆီးရီးယားနိုင်ငံတွင်းက အီရန် စစ်ရေး ပစ်မှတ်တွေနဲ့ ဆီးရီးယား လေကြောင်းကာကွယ်ရေး ပစ်မှတ်တွေကို အစ္စရေးလ်ဘက်က တိုက်ခိုက် တုံ့ပြန်ခဲ့ပြီး အစ္စရေးလ် ဝန်ကြီးချုပ် Benjamin Netanyahu ကလည်း အန္တရာယ်ပေးဖို့ ကြိုးပမ်းသူတွေ ဆက်ပြီး အထိနာစေရမယ်လို့ ကတိပြု ပြောဆိုထားတာပါ။ ဆီးရီးယား နိုင်ငံပိုင် မီဒီယာက တိုက်ခိုက်မှုဟာ အမေရိကန်၊ ပြင်သစ်တို့ လက်ချက်လို့ အစောပိုင်းမှာ ပြစ်တင် ပြောဆိုခဲ့တာ ဖြစ်ပေမယ့် အမေရိကန်နဲ့ ပြင်သစ်တို့က ငြင်းဆိုခဲ့တာပါ။

အမေရိကန် စစ်ဌာနချုပ် ပင်တဂွန် ပြောခွင့်ရ Christopher Sherwood ကတော့ အခြေအနေကို အနီးကပ် စောင့်ကြည့်နေကြောင်း၊ ဆီးရီးယား နိုင်ငံမှာ ဓာတုလက်နက်သုံးစွဲနေသူတွေကို သံတမန် လမ်းကြောင်းနဲ့ ထိန်းချုပ်ထားနိုင်ဖို့ ကြိုးစားမှုကို ထောက်ခံကြောင်းနဲ့ ဒီလိုမှမဟုတ်ရင်တော့ တာဝန်ခံကြရမယ်လို့ ကြေညာချက်မှာ ပြောဆိုထားပါတယ်။

ပြီးခဲ့တဲ့ စနေနေ့က မြို့တော် Damascus ဆင်ခြေဖုံးက သူပုန်တို့ ထိန်းချုပ်ရာ ဒေသမှာ အနည်းဆုံး လူပေါင်း ၄၀ သေဆုံးခဲ့ရတဲ့ ဓာတုလက်နက်နဲ့ တိုက်ခိုက်မှုလို့ သံသယ ရှိထားတဲ့ တိုက်ခိုက်မှု အပါအဝင် ၂၀၁၁ ခုနှစ်မှာ စတင်ခဲ့တဲ့ ဆီးရီးယားစစ်ပွဲ အတွင်း ဓာတုလက်နက် အသုံးမပြုဘူးလို့ ဆီးရီးယား အစိုးရက အကြိမ်ကြိမ် ငြင်းဆိုထားတာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG