ဆီးရီးယားသမ္မတ ဘက်ရှာအယ်လ် အာဆဒ် (Bashar al-Assad) ဦးဆောင်တဲ့ အစိုးရအပေါ် ဥရောပသမဂ္ဂက ပိတ်ဆို့အရေးယူမှု အသစ်တွေ ချမှတ်လိုက်ပါတယ်။ ဆီးရီးယားနိုင်ငံတ၀ှမ်း အစိုးရဆန့်ကျင်ရေး ဆန္ဒပြကြသူတွေ အပေါ် အကြမ်းဖက် နှိမ်နင်းခဲ့တာကြောင့် လူပေါင်း ၃၀ လောက် သေဆုံးပြီး နောက်တစ်နေ့မှာ အီးယူက အခုလို ပိတ်ဆို့မှု အသစ်တွေ ချမှတ်လိုက်တာပါ။
ဆီးရီးယား ဗဟိုဘဏ်နဲ့ အစိုးရအရာရှိ တချို့အပေါ် အီးယူက ပိတ်ဆို့ အရေးယူလိုက်တာပါ။ အီးယူအနေနဲ့ ဆီးရီးယားနိုင်ငံ လုပ်ငန်းတွေနဲ့ လူပုဂ္ဂိုလ် ၁၅၀ လောက်ကို အရေးယူ ပိတ်ဆို့ထားပြီး ဖြစ်ပါတယ်။
ဒီမိုကရေစီအရေး ဦးတည်တဲ့ လုပ်ရပ်အဖြစ် အယောင်ပြထားတဲ့ ဖွဲ့စည်းပုံအသစ်ကို အစိုးရက လူထုဆန္ဒခံယူပွဲ ကျင်းပတဲ့ တနင်္ဂနွေနေ့မှာပဲ အကြမ်းဖက် နှိမ်နင်းမှုတွေ ဖြစ်ပွားခဲ့တာပါ။
အခု အဆိုပြုထားတဲ့ ဖွဲ့စည်းပုံသစ်အရ ၁၉၆၃ ခုနှစ်ကတည်းက တိုင်းပြည်အာဏာကို Baath ပါတီ တခုတည်းက ချုပ်ကိုင်လာတာ အဆုံးသတ်ပြီး ပါတီစုံစနစ်ကို ဖန်တီးပေးမှာ ဖြစ်သလို သမ္မတရဲ့ သက်တမ်းလည်း ကန့်သတ်ထားပါတယ်။ ဒါပေမဲ့ အဲဒီ ဖွဲ့စည်းပုံ မူကြမ်းကို အတည်ပြုလိုက်တယ် ဆိုရင်တောင် သမ္မတ ဘက်ရှာ အယ်လ် အာဆဒ် အနေနဲ့ သြဇာအရှိန်အ၀ါ ကြီးမားနေဦးမှာ ဖြစ်ပါတယ်။
အဲဒီ လူထုဆန္ဒခံယူပွဲကို သပိတ်မှောက်ကြဖို့ အတိုက်အခံ အင်အားစုတွေက တိုက်တွန်းလိုက်ပြီး တိုင်းပြည်အတွင်း လတ်တလော ရင်ဆိုင်နေရတဲ့ အခက်အခဲတွေ ဖြေရှင်းနိုင်မယ့် တခုတည်းသော နည်းလမ်းကတော့ သမ္မတ အာဆဒ် ရာထူးက ဆင်းပေးမှ ဖြစ်နိုင်မယ်လို့ ဆိုပါတယ်။