သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယားအရေး အိုဘားမားနဲ့ ပူတင် သဘောထားကွဲ


ကမ္ဘာ့ခေါင်းဆောင်တွေရဲ့ အရေးပါတဲ့ G-20 ထိပ်သီး အစည်းအဝေးပွဲဘေးပန်းမှာ အမေရိကန်သမ္မတ ဘာရက်ခ် အိုဘားမားနဲ့ ရုရှားသမ္မတ ဗလာတီမီယာ ပူတင်တို့ သီးသန့်ဆွေးနွေးခဲ့ကြပေမဲ့ ဆီးရီးယားအပေါ် စစ်ရေးအရ အရေးယူနိုင်မယ့်ကိစ္စမှာတော့ သဘောထားကွဲနေကြဆဲဖြစ်ပါတယ်။
သမ္မတပူတင်နဲ့ဆွေးနွေးမှုဟာ ပွင့်လင်းပြီးတော့ အကျိုးရှိတယ်လို့ မကြာခင်တုန်းကပဲ စိန့်ပီတာစပတ်မြို့မှာ လုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ သမ္မတအိုဘားမားက ပြောခဲ့ပါတယ်။ ဒီဆွေးနွေးပွဲကြောင့် ဆီးရီးယားအပေါ် စစ်ရေးအရ တိုက်ခိုက်မှုလုပ်မယ့်အပေါ်မှာ ရုရှားဘက်က ကန့်ကွက်နေတဲ့သဘောထား ပြောင်းလဲသွားမယ်လို့တော့ သူ့အနေနဲ့မထင်ပါဘူးလို့လည်း အမေရိကန်သမ္မတက ပြောပါတယ်။

ဆီးရီးယားအရေးနဲ့ပတ်သက်လို့ လာမယ့် အင်္ဂါနေ့ညမှာ အမေရိကန်ပြည်သူတွေကို မိန့်ခွန်းပြောကြားဖို့ရှိသလို စစ်ရေးအရ အရေးယူမှုကို စစ်ရေးအရ ထောက်ခံမှုရရှိဖို့အတွက်ကိုလည်း ဆက်ပြီးတော့ ကြိုးစားသွားမယ်လို့ သမ္မတ အိုဘားမားက ပြောပါတယ်။

ဆီးရီးယားအရေး ဆွေးနွေးခဲ့တဲ့ ညစာစားပွဲမှာ G-20 ခေါင်းဆောင်တွေက ဓာတုလက်နက်သုံးတာဟာ နိုင်ငံတကာတားမြစ်ချက်တွေကို ချိုးဖောက်တယ်ဆိုတဲ့အချက်အပေါ်မှာ အားလုံးက တညီတညွတ်တည်း လက်ခံပြီး သဘောတူကြတယ်လို့ သမ္မတအိုဘားမားက ပြောပါတယ်။

ဒါပေမဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်မပါဘဲ ဆီးရီးယားအပေါ် စစ်ရေးအရတိုက်ခိုက်မယ့်အပေါ်မှာတော့ ကမ္ဘာ့ခေါင်းဆောင်တွေကြားမှာ သဘောထားကွဲနေကြသေးတယ်လို့ သတင်းစာရှင်းလင်းပွဲမှာ သမ္မတအိုဘားမားက ပြောကြားသွားပါတယ်။

ဓာတုလက်နက်သုံးခဲ့တယ်ဆိုတဲ့ ဆီးရီးယား အစိုးရအပေါ် နိုင်ငံခြားက စစ်ရေးအရ တုံ့ပြန်တာဟာ တရားမဝင်ဘူးလို့ ရုရှားသမ္မတ ဗလာတီမီယာပူတင်ကလည်း သူ့ရဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြော ပါတယ်။ ပြီးခဲ့တဲ့လက ဖြစ်ခဲ့တဲ့ ဓာတုလက်နက်သုံးတိုက်ခိုက်မှုကို ဆီးရီးယားအစိုးရအပေါ်ဆန့်ကျင်နေတဲ့ အတိုက်အခံတွေဘက်က ရန်စတိုက်ခိုက်တာလို့လည်း ရုရှားသမ္မတက ပြောပါတယ်။

အိန္ဒိယ၊ အင်ဒိုနီးရှား၊ တောင်အာဖရိကခေါင်းဆောင်တွေက ဘယ်လိုပုံစံနဲ့မဆို စစ်ရေးအရဆောင်ရွက်မှုကို ကန့်ကွက်နေတယ်လို့ ရုရှားသမ္မတက ပြောပါတယ်။
XS
SM
MD
LG