သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တာချီလိတ်မြို့ ကြံ့ခိုင်ရေးရုံးနား ဗုံး ၅ လုံးပေါက်ကွဲ 


တာချီလိတ်မြို့
တာချီလိတ်မြို့

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့က ပြည်ထောင်စု ကြံံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ရုံးအနီးမှာ တနင်္လာနေ့ညပိုင်းက ဗုံး ၅လုံး ပေါက်ကွဲခဲ့တာကြောင့် မကာအိုခမ်းရပ်ကွက် အုပ်ချုပ်ရေးမှူးးအပါအဝင် ၇ ယောက်လောက် ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။ ထိုင်းမြန်မာနယ်စပ်မြို့ဖြစ်တဲ့ တာချီလိတ်မှာ ဗုံးပေါက်ကွဲတဲ့ အခြေအနေအကြောင်း သတင်းပေးပို့ချက်ကို ကိုငြိမ်းချမ်းက ဆက်ပြီး ပြောပြပါမယ်။

တာချီလိတ်မြို့အတွင်း ဗုံးတွေ ပေါက်ကွဲမှုဟာ ၂၇ ရက်နေ့ တနင်္လာနေ့ည ၉နာရီကျော်အချိန်မှာဖြစ်ပွားခဲ့တာပါ။ တာချီလိတ် ဒေသခံတစ်ဦးက ဗုံး ၃လုံး ဆက်တိုက်ပေါက်ကွဲသံ သူကိုယ်တိုင် ကြားခဲ့ရပြီး ၇ ယောက် ထိခိုက်ဒဏ်ရာရခဲ့တဲ့အကြောင်း အခုလို ပြောပြပါတယ်။

“မနေ့ညက ၉ နာရီခွဲ။ ဆက်တိုက်ပေါက်တာ။ ၃ချက်လောက်ကြားလိုက်ရတယ်။ ၃ ချက်။ တော်တော်ကျယ်တယ် အသံက ။ အထိအခိုက်ကျ အားလုံး ၇ ယောက်။ မိန်းကလေး တစ်ယောက်ပါတယ်။”

အခင်းဖြစ်ပွားရာအနီးက အခြားဒေသခံတစ်ဦးကလည်း မကာအိုခမ်းရပ်ကွက်က ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရုံးအနီးမှာ ပေါက်ကွဲတာဖြစ်ကြောင်းနဲ့ စုစုပေါင်းဗုံး ၅ လုံးပေါက်ကွဲတာဖြစ်ကြောင်း ပြောပါတယ်။

“မကာအိုခမ်းရပ်ကွက်၊ ကြံ့ခိုင်ရေးရုံးနဲ့ မြဝတီဘဏ်ရှေ့ အနီးပေါ့နော် အဲဒီမှာ ဖြစ်တာဗျ။ ၉နာရီကျော်ကျော်လောက်မှာ ဖြစ်တာဗျာ။ ပထမ တစ်လုံးကွဲတယ်ပေါ့နော်။ မိနစ်ပိုင်းပဲ ရှိတာဗျ။ ၃ လုံးထပ်ကွဲတာ။ အားလုံးပေါင်း ကျနော်တို့ ၅ လုံးကွဲတယ်ဗျ။ ”

နောက်ဆုံးတစ်လုံးကတော့ ည ၁၁နာရီကျော်မှာ ကွဲတာဖြစ်ပါတယ်။ ဒီပေါက်ကွဲမှုကြောင့် မကာအိုခမ်းရပ်ကွက် အုပ်ချုပ်ရေးမှူးအပါအဝင် ၇ ဦး ထိခိုက် ဒဏ်ရာရခဲ့ကြပါတယ်။

“ဒဏ်ရာရတဲ့လူလောက်ပဲ ရှိပါတယ်။ သိပ်ပြီး စိုးရိမ်စရာတော့ မရှိပါဘူး။ အားလုံးပေါင်း ၇ ဦးဗျ။ မိန်းကလေးက တစ်ဦး၊ ယောက်ျားလေးက ၆ဦးပေါ့။ မကာအိုခမ်း ဥက္ကဌ ကတော့ ရင်ဘတ်ရှပ်ထိသွားတဲ့ ဒဏ်ရာပေါ့နော်။ ဒါလည်း မစိုးရိမ်ရပါဘူး။ ကျန်တဲ့သူတွေတော့ ပေါင်တို့၊ ခြေသလုံးလောက်ပဲ အနည်းအကျဉ်းပဲ ထိတာပါ။”

ဗုံးခွဲမှုတွေကို ဘယ်သူလုပ်သလဲဆိုတာတော့ လောလောဆယ် မသိရသေးပါဘူး။ ဒေသတွင်း အခြေစိုက် Tachileik News Agency ကတော့ ဒီပေါက်ကွဲမှုနဲ့ပတ်သက်ပြီး အရှေ့ပိုင်း နဂါးအဖွဲ့က သူတို့ လုပ်ဆောင်တာလို့ သတင်းထုတ်ပြန်ထားကြောင်း ဖော်ပြပါတယ်။ လွန်ခဲ့တဲ့ ၂၀၂၂ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တုန်းကလည်း တာချီလိတ်မြို့မှာ ပြုလုပ်တဲ့ တပ်မတော်ထောက်ခံပွဲမှာ အလားတူ ဗုံးပေါက်ကွဲမှုဖြစ်ခဲ့ပါတယ်။ အဲဒီတုန်းကပေါက်ကွဲမှုမှာ လူ ၂ ဦးပွဲချင်းပြီး သေဆုံးခဲ့သလို လူ ၂၀ ကျော်ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

{Unicode}










XS
SM
MD
LG