သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်ဝမ်ငလျင် ၆ဦးသေဆုံး ၂၀၀ ကျော်ထိခိုက်ဒဏ်ရာရ


ထိုင်ဝမ်ကျွန်းမှာ မနေ့တုန်းက အင်အားပြင်း ငလျင်ဒဏ်ကြောင့် သေဆုံးသူ အနည်းဆုံး ၆ ဦးရှိခဲ့ပြီး၊ အဆောက်အဦး ၂ ခုဟာလည်း တစိတ်တပိုင်းပြိုကျသွားခဲ့သလို၊ အန္တရာယ်ရှိလောက်အောင် တိမ်းစောင်းနေပါတယ်။ ထိုင်ဝမ်ကျွန်း အရှေ့ဘက်ကမ်းရိုးတန်းက လူဦးရေ တသိန်းလောက်ရှိတဲ့ Hualien မြို့မှာ မနေ့ည သန်းခေါင်ယံ အချိန်မတိုင်ခင် လှုပ်ခတ်ခဲ့တဲ့ ငလျင်ဟာ ပြင်းအား ၆.၄ ရှိခဲ့ကြောင်းလည်း အမေရိကန် ဘူမိဗေဒတိုင်းတာရေးဌာနက ပြောဆိုထားတာပါ။

ငလျင်ကြောင့် လမ်းမတွေ အက်ကွဲကုန် ပျက်စီးခဲ့သလို၊ အိမ်ခြေ ၄ သောင်းလောက် ရေပြတ်လပ်ခဲ့ရပြီး၊ နောက်ထပ် ၂ ထောင် နီးပါးဟာလည်း လျှပ်စစ်မီးတွေ ပြတ်တောက်ခဲ့ပါတယ်။ ငလျင်ဒဏ်ကြောင့် မြေညီထပ် မြေအောက်ထဲကျွံကျပြီး၊ အဆောက်အဦးဟာလည်း တဖက်ကိုစောင်းသွားတဲ့ Marshal ဟိုတယ်မှာ နောက်ထပ် အလောင်း ၂ လောင်းကို ထပ်မံတွေ့ရှိခဲ့တာပါ။

အရေးပေါ် ကယ်ဆယ်ရေးဝန်ထမ်းတွေကတော့ တစိတ်တပိုင်းပြိုကျခဲ့ပြီး၊ အန္တရာယ်ရှိလောက်အောင် တိမ်းစောင်းနေတဲ့ အထပ် ၁၂ ထပ်ပါ တိုက်ခန်းတွဲ တခုရဲ့ အပျက်အစီးတွေကြားမှာ အသက်မသေ ကျန်နေသူတွေကို ဆက်လက် ရှာဖွေနေကြပါတယ်။ အဆောက်အဦးကို ပြိုမကျအောင် ထိန်းထားဖို့လည်း အလွယ်တကူ ရွှေ့ပြောင်းနိုင်တဲ့ ဝန်ချီစက်ကရိန်းတွေကို သုံးနေရပါတယ်။

ငလျင်ဒဏ်ကြောင့် လူပေါင်း ၂၀၀ ကျော် ဒဏ်ရာရခဲ့ပြီး၊ ၈၈ ယောက်ထက်မနည်းဟာလည်း ပျောက်ဆုံးနေပါတယ်။ ထိုင်ဝမ်သမ္မတ Tsai Ing-wen ကတော့ ကယ်ဆယ်ရေး လုပ်ငန်းတွေကို ကွင်းဆင်းကြည့်ရှုဖို့ Hualien မြို့မှာရောက်ရှိနေတာပါ။ ငလျင်ပြတ်ရွေ့ကြော ၂ ခုအနီး တည်ရှိနေတဲ့ ထိုင်ဝမ်ကျွန်းဟာ မကြာခဏဆိုသလို ငလျင်ဒဏ် ခံရလေ့ ရှိတတ်ပါတယ်။ ပြင်းအား ၆.၄ ရှိတဲ့ ငလျင်ကြောင့် လူပေါင်း ၁၁၇ ယောက် သေဆုံးခဲ့တာ ၂ နှစ်ပြည့်နဲ့ တိုင်ဆိုင်ပြီး မနေ့တုန်းက အလားတူ အားပြင်းတဲ့ ငလျင်လှုပ်ခတ်ခဲ့တာပါ။

၁၉၉၉ ခုနှစ်က ထိုင်ဝမ်ကျွန်း အလယ်ပိုင်းမှာ ပြင်းအား ၇.၆ ရှိတဲ့ ငလျင်လှုပ်ခတ် ခဲ့ချိန်မှာတော့ လူပေါင်း ၂ ထောင်ကျော် သေဆုံးခဲ့ဖူးပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG