ဂျာမနီရေတပ် သင်္ဘော ၂ စင်းဟာ တောင်တရုတ်ပင်လယ်ပြင်ကို ဖြတ်ပြီး တောင်ကိုရီးယားကနေ ဖိလစ်ပိုင်ကို ဦးတည်မောင်းနှင်တာဟာ ဒီပင်လယ်ပြင်ဒေသတွင်း တရုတ်ရဲ့ ခြိမ်းခြောက်မှုကို ဂျာမနီပါ ရင်ဆိုင် ဖြေရှင်းလိုတဲ့ ဆန္ဒရှိတာကိုတွေ့ရပြီး ဒီကိစ္စဟာ ဥရောပ အထိ ကျယ်ပြန့်လာတာကို ပြနေတယ်လို့ အကဲခတ်တွေက သုံးသပ်ကြပါတယ်။
ဂျာမနီ သင်္ဘော ၂ စင်းဟာ အင်္ဂါနေ့က တောင်ကိုရီးယား Incheon ဆိပ်ကမ်းမြို့ကနေ ဖိလစ်ပိုင် မနီလာမြို့ကို ထွက်ခွါသွားကြောင်း တောင်ကိုရီးယား ရေတပ်က ပြောပါတယ်။ ဒီသင်္ဘောတွေဟာ မနီလာမှာ မရပ်နားခင် တိုင်ဝမ်ရေလက်ကြားကိုဖြတ်မယ်လို့ ခန့်မှန်းရကြောင်း ရိုက်တာသတင်းမှာ ဖေါ်ပြပါတယ်။
ဂျာမနီကာကွယ်ရေး ဌာန ပြောခွင့်ရကတော့ ဒီသင်္ဘောတွေဟာ စက်တင်ဘာ ၁၆ ရက်မှာ မနီလာမှာ ဆိုက်ကပ်မှာ ဖြစ်ကြောင်း VOA ကို သောကြာနေ့မှာ အတည်ပြု ပြောဆိုပါတယ်။ ဒါဟာ ကုလသမဂ္ဂ ရဲ့ ပင်လယ်ရေကြောင်းဆိုင်ရာ လိုက်နာရမယ့် ဥပဒေနဲ့ အညီသွားလာတာ ဖြစ်သလို လုံခြုံရေးကြောင့် သင်္ဘောတွေရဲ့ လှုပ်ရှားမှုနဲ့ ပတ်သက်တဲ့ အသေးစိတ် အချက်လက်တွေကို ကြိုတင် ကြေညာတာမျိုး လုပ်မှာ မဟုတ်ဖူး လို့လည်း ပြောပါတယ်။
ပင်လယ်ရေကြောင်း လွတ်လပ်စွာ သွားလာမှုအတွက် အကာကွယ်ပေးတဲ့ အနေနဲ့ ၂၀၂၁ သြဂုတ်လကနေ ၂၀၂၂ ဖေဖေါ်ဝါရီလ အထိ တောင်တရုတ်ပင်လယ်ပြင်ဒေသမှာ ဂျာမနီဖျက်သင်္ဘောကြီး Bayern ကို ချထားခဲ့ချိန်က စပြီး အခု ဂျာမနီစစ်သင်္ဘောတွေ ဒီဒေသတွင်း ပထမဆုံးအကြီး ပြန်လည် ဖြတ်သန်းတာလည်း ဖြစ်ပါတယ်။
အဲဒီအချိန်က Bayern ဟာ တောင်ကိုရီးယားကနေ စင်္ကာပူကို သွားတာ ဖြစ်ပြီး တိုင်ဝမ်ရေလက်ကြား ကိုတော့ ဖြတ်မသွားခဲ့ပါဘူး။ တကယ်လို့ ဒီရေလက်ကြားကို ဖြတ်မယ် ဆိုရင်တော့ ဒါဟာ ၂၂ နှစ် အတွင်း ဂျာမနီစစ်သင်္ဘောတွေ ပထမဆုံး ပြန်ပြီး ဖြတ်သန်းတာ ဖြစ်လာမှာပါ။ အမေရိကန်နဲ့ ကနေဒါတို့ကတော့ သူတို့ရဲ့ စစ်သင်္ဘောတွေကို ဒီရေလက်ကြားကနေ ဖြတ်ပြီး ရေကြောင်း လွတ်လပ်စွာ သွားလာမှု ကို ပြသခဲ့တာ ဖြစ်ပါတယ်။
Forum