သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တနင်္သာရီတိုင်းစစ်ဘေးရှောင်တွေ စစ်သားစုဆောင်းခံနေရ


စစ်မှုထမ်းသင်တန်းအပတ်စဉ်(၃) တက်ရောက်ရန်ရောက်ရှိလာကြသူများကိုတွေ့ရစဉ် (ဇွန်၊ ၂၀၂၄)
စစ်မှုထမ်းသင်တန်းအပတ်စဉ်(၃) တက်ရောက်ရန်ရောက်ရှိလာကြသူများကိုတွေ့ရစဉ် (ဇွန်၊ ၂၀၂၄)

တနင်္သာရီတိုင်းထဲက စစ်ကောင်စီဆက်လက်အုပ်ချုပ်ထားနိုင်တဲ့ နေရာတွေမှာ စစ်မှုထမ်းဖို့အတွက် လူငယ်တွေကို အတင်းအကြပ် ဖမ်းဆီးခေါ်ဆောင်ခံရတာတွေ ဆက်ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်နေကြသူတွေကိုလည်း ဧည့်စာရင်းစစ်ပြီး ဖမ်းဆီးနေပါတယ်။ တနင်္သာရီတိုင်းထဲက စစ်သားစုဆောင်းနေတဲ့ အခြေအနေသတင်းပေးပို့ချက်ကို အခြေခံပြီး တင်ပြထားပါတယ်။

ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ နေရာတော်တော်များများ စိုးမိုးထားတဲ့ တနင်္သာရီတိုင်းထဲမှာ စစ်ကောင်စီ ဆက်လက်အုပ်ချုပ်ထားတဲ့ နေရာတွေမှာ စစ်သားစုဆောင်းမှုတွေ လုပ်နေပါတယ်။ တိုက်ပွဲဖြစ်တဲ့နေရာတွေကနေ စစ်ဘေးရှောင်လာသူတွေကိုတောင် ဧည့်စာရင်းစစ်ပြီး စစ်မှုထမ်းဖို့ ခေါ်သွားနေတယ်လို့ ထားဝယ်ဒေသခံတယောက်က ပြောပြပါတယ်။

"အာဏာသိမ်း စစ်ကောင်စီကတော့ အပတ်စဉ် ၁ ကနေစပြီးတော့ အခု အပတ်စဉ် ၉ လောက်အထိ ရပ်ကွက်ထဲမှာ လိုက်ဖမ်းတဲ့ဟာမျိုးတွေ၊ ပြီးတော့ ရပ်ကွက်အုပ်ချုပ်ရေးမှူးရှိတဲ့ ရပ်ကွက်တွေဆိုလို့ရှိရင် သူတို့မဲဖောက်ခိုင်းတာမျိုးတွေ၊ မဲဆွယ်ခိုင်းပြီးတော့ စစ်မှုထမ်းခိုင်းတာမျိုးတွေတော့ တောက်လျှောက်လုပ်နေတယ်ဗျာ။ နောက်တခုက အထူးသဖြင့် နယ်ဘက်ကနေ စစ်ရှောင်ကြတဲ့ မိသားစုတွေကို ဧည့်စာရင်းအကြောင်းပြ ဖမ်းဆီးတာမျိုးတွေက တောက်လျှောက်လုပ်နေတာမျိုး တွေ့ရတယ်ဗျ။"

အခုလို စစ်သားစုဆောင်းမှုတွေ အများစုလုပ်နေတာက စစ်ကောင်စီ ထိန်းချုပ်ထားနိုင်တဲ့ မြို့ပေါ်ရပ်ကွက်တွေမှာ ဖြစ်နေတာပါ။

"ကျနော်တို့ တနင်္သာရီဒေသမှာဆိုရင် မြို့ပေါ်ဧရိယာကျတော့ သူတို့ ထိန်းချုပ်ထားနိုင်တယ်လို့ ပြောလို့ရတဲ့ အနေအထားပေါ့ဗျာ။ အဲလိုဆိုတော့ မြို့ပေါ်မှာရှိတဲ့ စစ်မှုထမ်းနဲ့ အကျုံးဝင်တဲ့ လူငယ်တွေဆိုလို့ရှိရင် လုံခြုံရေးအရ တော်တော်လေးစိုးရိမ်စရာ အနေအထားမျိုးပေါ့။ တချို့လူငယ်တွေဆိုရင် ပြည်ပထွက်ပြေးသွားတဲ့ လူငယ်တွေရှိတယ်။ ဒါပေမဲ့ ဒီဒေသမှာပဲ ရရာအလုပ်လေး လုပ်ပြီးတော့ မိသားစုစားဝတ်နေရေး ဖြေရှင်းနေရတဲ့ လူငယ်တွေရှိတယ်။ အဲလိုလူငယ်တွေဆိုရင် တော်တော်လေးခက်ခဲတဲ့ အနေအထားမျိုးပေါ့။ ဥပမာ တကိုယ်ရည်စာ လွတ်မြောက်မှုအတွက် ထွက်ပြေးလို့ရတယ် ဆိုပေမယ့်လည်း မိသားစုတွေက စစ်ကောင်စီရဲ့ ထိန်းချုပ်မှုအောက်မှာ ကျန်ခဲ့တယ်ဆိုတော့ စိန်ခေါ်မှုကြီးကြီးမားမား ဖြစ်စေတာပေါ့၊ လူငယ်တွေအတွက်။"

စစ်မှုထမ်းဥပဒေကို အသက်သွင်းခဲ့ပြီးနောက်ပိုင်းမှာ စစ်သင်တန်းအပတ်စဉ် ၉ အထိရှိနေပြီး စစ်ကောင်စီဘက်က လူအင်အားရော၊ လက်နက်အင်အားပါ အသာစီးရှိနေတယ်လို့ တော်လှန်ရေးရဲဘော်တဦးက ပြောပါတယ်။

"စစ်ကောင်စီက အခုသင်တန်းဆင်းတဲ့ အပတ်စဉ်က ၈၊ ၉ ပြီးသွားပြီလေ။ ဆိုတော့ သူတို့မှာ စစ်အင်အားတွေ တော်တော်လေးများနေတယ်။ အဲတော့ ကျနော်တို့ဘက်က လုပ်ရကိုင်ရတာ ကျပ်တည်းတာလည်း ရှိတာပေါ့ဗျာ။ သူတို့က လက်နက်အင်အားလည်း သာတယ်။ လူအင်အားလည်း ထိုက်သင့်သလောက် ရှိတယ်ဆိုတော့ သူတို့က ကျနော်တို့ထက် အစစအရာရာ သာနေတဲ့ဘက်မှာ ရှိတယ်။ ဒါကြောင့်မို့ ကျနော်တို့ အခက်အခဲတွေ့တာပေါ့ဗျ။ အရင် ၂၀၂၄ တုန်းကတော့ ကျနော်တို့က သူသေကိုယ်သေ ယှဉ်နိုင်ပေမယ့် အခုချိန်မှာတော့ ထိပ်တိုက်တွေ့ဖို့က တော်တော်လေးတော့ ကြိုးစားနေရတာပေါ့ဗျာ။"

စစ်မှုထမ်းဥပဒေကြောင့် ဖမ်းဆီးခံရမှာစိုးရိမ်လို့ လူငယ်တချို့လည်း နယ်စပ်ဘက်ကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြပါတယ်။ တချို့ကလည်း ဒေသတွင်းတော်လှန်ရေး အဖွဲ့တွေထဲ ဝင်ရောက်သူတွေလည်း ရှိနေပါတယ်။ မြန်မာနိုင်ငံ ဒေသတော်တော်များများမှာ တိုက်ပွဲတွေရင်ဆိုင်နေရတဲ့ စစ်ကောင်စီဘက်ကတော့ ဥပဒေအရ အကြုံးဝင်တဲ့ အသက်ပြည့်ပြီး လူငယ်တွေကို စစ်မှုထမ်းဖို့ အတင်းအကြပ်ဆောင်ရွက်မှုတွေလုပ်နေတယ်လို့ နေရာတော်တော်များများက ဒေသခံတွေက VOA ကိုပြောပြကြပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG