သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်ကြီးမှာ ပေါက်ကွဲ မှုဖြစ်ပွား


ရှမ်းပြည်နယ် တောင်ကြီးမြို့မှာ တနင်္ဂနွေနေ့ညက ပေါက်ကွဲမှုတခုဖြစ်ပွားပြီး လူတယောက် ခြေထောက်မှာ ထိခိုက်ဒဏ်ရာရခဲ့တာကြောင့် ဆေးရုံမှာ အတွင်းလူနာ အဖြစ်ကုသနေရပါတယ်။ ဒီပေါက်ကွဲမှုဟာ ဗုံးပေါက်ကွဲတာဖြစ်တယ်လို့ အတည်မပြုနိုင်သေးဘဲ ပေါက်ကွဲမှုအဖြစ်နဲ့သာ အမှုဖွင့်ထားတယ်လို့ တောင်ကြီးမြို့ အမှတ်၁ ရဲစခန်းက တာဝန်ကျ ရဲဝန်ထမ်းတဦးက ပြောပါတယ်။ သတင်းအပြည့်အစုံကို ဗွီအိုအေမြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

တောင်ကြီးမြို့ပေါက်ကွဲမှုဟာ ရန်ကုန်၊ နေပြည်တော်၊ မန္တလေးနဲ့ ချောင်းသာ မှာ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကျင်းပနေတာကြောင့် လုံခြုံရေးအရ အထူး သတိထားချိန်မှာ ပေါက်ကွဲခဲ့တာဖြစ်ပါတယ်။
ဒီပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး တောင်ကြီးမြို့ခံတဦးက အခုလို ပြောပါတယ်။

"မနေ့ည ၁၀နာရီ ၄၀၊ ဖြစ်တဲ့နေရာက တောင်ကြီးမြို့ မြို့မရပ်ကွက် အမှတ် မ/၁၈၈ မြောက်ကျောင်း နဲ့ အုတ်ဖိုလမ်းဒေါင့်၊ ဖြစ်သွားတဲ့ လူက ခြေထောက်ပြတ်သွားတယ်။ အဲ့လိုတော့ကြား တယ်ပေါ့။ လောလောဆယ် တောင်ကြီးမြို့စဝ်စံထွန်းဆေးရုံမှာ အရေးပေါ် လူနာအဖြစ်တင်ထားတယ်"

ပေါက်ကွဲတာဟာ တန်ဆောင်တိုင်ပွဲအပြီး သိမ်းဆည်းထားတဲ့ ယမ်းတွေက လောင်ကျွမ်း စတင်တာလို့ ဒေသခံတွေက ပြောဆိုတာတွေလည်း ရှိနေပါတယ်။ ဒီအမှုကို ကိုင်တွယ်နေတဲ့ တောင်ကြီးမြို့ အမှတ်၁ ရဲစခန်းက တာဝန်ကျ ရဲဝန်ထမ်းတဦးကတော့ ဗုံးလို့ အတည်မပြုနိုင်သေးဘူး လို့လည်း ပြောပါတယ်။

"မနေ့ညကဖြစ်တာပေါ့ဗျာ။ ဗုံးလို့လည်း ယူဆလို့ တစ်ယောက်မှ ပြော မရသေးဘူးဗျ။ ကျနော်တို့ သူတို့ကို စစ်ဆေးနေတယ်။ အမှုကတော့ ကျနော်တို့ ဖွင့်ထားပြီဗျ။ မီးယမ်းတွေ လက်ကျန်တွေနဲ့ ပစ္စည်းကို
ထိန်းသိမ်းဆည်း ထားတဲ့အချိန်မှာ မတော်တဆ ပေါက်ကွဲတာပေါ့ဗျာ။ အဲဒီ့အိမ်ရှင်ကတော့ ခြေထောက်မှာ နဲနဲဒဏ်ရာနဲနဲရသွားတယ်။ သိပ်များများ မဟုတ်ပါဘူး။ သူ့ ကိုစစ်ဆေးပြီးမှ ကျနော်တို့ ဆက်စပ်ပြီး ဖော်ထုတ်ပြီး အရေးယူမှာပေါ့ဗျာ။ အခုလောလောဆယ်ကတော့ သူကိုပဲ အရေးယူဖို့ လုပ်ထားပါတယ်ခင်ဗျ"

ဒီလ ၆ရက်နေ့ကတော့ ဆီးဂိမ်းပြိုင်ပွဲကာလအတွင်း အဖျက်အမှောင့် လုပ်ငန်းတွေ လုပ်ဆောင်ဖို့ ကချင်လွတ်လပ်ရေးအဖွဲ့ KIAက အကြမ်းဖက်သမား ၃ဦးကို စေလွှတ်ထားကြောင်း နေပြည်တော်မြို့မဈေးမှာ ကြေညာထားပါတယ်။ ဒီကြေညာချက်နဲ့ပတ်သက်ပြီး မြန်မာနိုင်ငံ ရဲချုပ်ရုံးနဲ့ ပြန်ကြားရေးဝန်ကြီးဌာနက အတည်ပြုချက်မပေးသလို KIAကလည်း ငြင်းဆိုထားပါတယ်။

ဒီကြေညာချက်ကိုတော့ မြို့မဈေးတာဝန်ခံက အထက်က ညွှန်ကြားတာကြောင့် ကြေညာတာဖြစ်တယ်လို့ 7days သတင်းစာ မှာ ဖော်ပြထားပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်းကတော့ ရန်ကုန်မြို့မှာ ဗုံး၃လုံး၊ စစ်ကိုင်းမြို့မှာ ၂လုံး၊ တောင်ငူမြို့မှာ တလုံး ၊ နမ့်ခမ်းမြို့မှာ ၂လုံး ဆက်တိုက်ဆိုသလို ပေါက်ကွဲခဲ့ပြီး ရန်ကုန်မြို့နဲ့ မန္တလေးမြို့ နေရာအတော်များများ မှာ ဗုံးလန့်တာတွေဖြစ်ခဲ့ပါတယ်။

ဒီပေါက်ကွဲမှုတွေဟာ ကရင်အမျိုးသားအစည်းအရုံး KNU အဖွဲ့ဝင်ဟောင်းတွေနဲ့ ပတ်သက်နေကြောင်း အစိုးရက သတင်းထုတ်ပြန်ခဲ့ပေမဲ့ ဒီကနေ့အထိတော့ ဒီပေါက်ကွဲမှုတွေရဲ့ အဓိက လက်သည်တရားခံကို ဖမ်းဆီးရမိတာ မရှိသေးပါဘူး။
XS
SM
MD
LG