သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်ကြီး ပေါက်ကွဲမှုကြောင့် ရွေးကောက်ပွဲလုံခြုံရေး စိုးရိမ်


တောင်ကြီးမြို့ ရဲစခန်းရှေ့တိုက်တန်း ဗုံးပေါက်ကွဲမှုကြောင့် ထိခိုက်ပျက်စီးမှုမြင်ကွင်း။ (photo-MOI)
တောင်ကြီးမြို့ ရဲစခန်းရှေ့တိုက်တန်း ဗုံးပေါက်ကွဲမှုကြောင့် ထိခိုက်ပျက်စီးမှုမြင်ကွင်း။ (photo-MOI)

တောင်ကြီးမြို့ ဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှုနဲ့ပတ်သက်ပြီးလာမယ့်ရွေးကောက်ပွဲမှာ တစုံတခုဖြစ်မှာကို ဒေသခံပြည်သူတွေ စိုးရိမ်နေကြပြီး ဒီလို စိုးရိမ်နေတာကတော့ တိတိကျကျ သတင်းမထုတ်နိုင်သေးတာကြောင့်လို့ ဒေသခံတွေကသုံးသပ် ပြောဆိုပါတယ်။ ဒီ ပေါက်ကွဲမှုဟာ တနင်္ဂနွေနေ့ ညဦးပိုင်းကမြို့လယ်ခေါင် အမှတ် (၁) ရဲစခန်းအနီးမှာ ပေါက်ကွဲခဲ့တာဖြစ်ပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေ မြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ရွေးကောက်ပွဲကျင်းပဖို့ နီးကပ်လာချိန်၊ ရှမ်းပြည်နယ်အတွင်းမှာလည်း တိုက်ပွဲတွေ ဆက်တိုက်ဆိုသလို ဖြစ်ပွားနေချိန်မှာ တောင်ကြီးမြို့မှာ ပေါက်ကွဲမှု ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

တနင်္ဂနွေနေ့ညပိုင်းက ဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှုနဲ့ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တောင်ကြီးခရိုင်ဥက္ကဌ ဦးတင်မောင်တိုးက အခုလို ပြောပါတယ်။

“မနေ့က ၈ ခွဲကျော်ကျော်လောက်ပေါ့နော်။ ၈ ခွဲနဲ့ ၉ နာရီ ကြားလောက်မှာ။ နေရာကတော့ အမှတ် ၁ ရဲစခန်းတိုက်တန်း၊ ရဲစခန်းရှေ့တည့်တည့်ပဲ။ ရဲစခန်းမှာ တိုက်တန်းရှိတယ်၊ အဲဒီတိုက်တန်းအောက်ဆုံး တိုက်ခြေ။ သူရပ်ထားတဲ့ ပလက်ဖောင်းဘေးမှာရပ်ထားတာပေါ့နော်။ ကားအောက်ကို လက်ပစ်ဗုံး ပစ်ထည့်လိုက်တယ်ပေါ့ အဲဒီလိုပြောတယ်။ ထိခိုက်မှုကတော့ နည်းနည်း ပြင်းပြင်းထန်ထန်ဖြစ်တာတော့ လမ်းသွားတဲ့လူ ၂ ယောက်ထိတယ်။ ထိတာတော့ ၄ ယောက်လောက်ထိတယ်။ နည်းနည်း ပြင်းထန်တာကတော့ ၂ ယောက်ကတော့ ပြင်းထန်တယ်။ အခု စဝ်စံထွန်း ဆေးရုံမှာပဲ။ မစိုးရိမ်ရဘူးလို့တော့ ပြောတယ်။”

ဒီပေါက်ကွဲမှုမှာ ကား ၃ စီးနဲ့ ဆိုင်ကယ် ၂ စီး အနည်းဆုံးထိခိုက်ပျက်စီးခဲ့တယ်လို့ ပြောပါတယ်။

ဒီပေါက်ကွဲမှုနဲ့ပတ်သက်ပြီး တောင်ကြီးမြို့အမှတ် ၁ ရဲစခန်းနဲ့ သက်ဆိုင်ရာ မြို့နယ်၊ ခရိုင်၊ ပြည်နယ် ရဲတပ်ဖွဲ့ ရုံးတွေကို ဆက်သွယ်ခဲ့ပေမဲ့ ပြည်နယ်ရဲတပ်ဖွဲ့မှူး ကိုသာဆက်သွယ်ဖို့ ပြန်လည်ပြောဆိုခဲ့ကြပါတယ်။ ပြည်နယ်ရဲတပ်ဖွဲ့မှူးကို ဆက်သွယ်ရာမှာတော့ အစည်းအဝေးတွေနဲ့ မအားလပ်တာကြောင့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

ပြည်တွင်းထုတ် သတင်းစာတွေမှာတော့ ပေါက်ကွဲမှုဟာ အောက်တိုဘာလ ၂၅ ရက်နေ့ ည ၈ နာရီ မိနစ်၂၀ မှာ ဖြစ်ပွားပြီး လူ၄ ဦးထိခိုက်ခဲ့သလို ကား၄ စီးနဲ့ ဆိုင်ကယ် ၂ စီး ထိခိုက်ပျက်စီးခဲ့ကြောင်းနဲ့ ဒီပေါက်ကွဲမှုဟာ လက်ပစ်ဗုံးပေါက်ကွဲတာဖြစ်ကြောင်းကို ပြည်နယ်ရဲမှူးချုပ်က သုံးသပ်ကြောင်း ဖော်ပြကြပါတယ်။

ဒီပေါက်ကွဲမှုနဲ့ပတ်သက်ပြီး ဒီနေ့ညနေပိုင်းအထိတော့ ဘယ်သူ့လက်ချက်ဖြစ်ကြောင်းနဲ့ ဘယ်လိုရည်ရွယ်ချက်နဲ့ တိုက်ခိုက်တယ်ဆိုတာကို သတင်းထုတ်ပြန်နိုင်တာ မရှိသေးတာကြောင့် လူအများက ရွေးကောက်ပွဲမှာ တစုံတရာဖြစ်မှာကို စိုးရိမ်နေကြောင်းလည်း ဦးတင်မောင်တိုးက ပြောပါတယ်။

“ရွေးကောက်ပွဲနဲ့ ပက်သက်ပြီးတော့မှ လူတွေကတော့ ထိတ်လန့်မှုတော့ရှိတာပေါ့နော်။ အခုက မြို့လယ်ခေါင်ကြီးဗျာ၊ နောက်ပြီး ရဲစခန်းရှေ့၊ ပြီးတော့ သီးသီးသန့်သန့်လေး သတင်းမထုတ်ပြန်ပေးဘူး။ ဗုံးပေါက်ကွဲတာကြောင့် ဘေးကားတွေကော အများကြီးမှန်ထားတာကို။ လေး၊ ငါး စီးလောက်။ အဲဒါကို အခုထိ သူတို့က သတင်းလည်း မထုတ်ပြန်ပေးဘူးဆိုတော့ အများက ပိုပြီးတော့ သံသယဖြစ်တာလေနော်။”

အခြား တောင်ကြီးဒေသခံတယောက်ကလည်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်လိမ့်မယ်လို့ မျှော်လင့်ကြောင်း ပြောပါတယ်။

“လူထုတွေကတော့ အထိတ်တလန့်ဖြစ်တာပေါ့နော်။ ဒီကိစ္စကတော့ ပြည်သူတွေက သတင်းထုတ်ဖော်မယ်ထင်တာပဲ။”

အောက်တိုဘာလ ၂၁ ရက်နေ့ ညနေပိုင်းကလည်း ရှမ်းပြည်နယ် မိုင်းရှုးမြို့နယ်မှာ ဗုံးတစ်လုံးပေါက်ကွဲခဲ့တာကြောင့် ကိုရင်၂ ပါးအပါအဝင် လူ ၄ ယောက်ထိခိုက်ခဲ့ပြီး အသက် ၇၅ နှစ်အရွယ်အဖွားအိုကတော့ ခိုလမ်မြို့စစ်ဆေးရုံကို ပို့ဆောင်စဉ်မှာပဲ သေဆုံးခဲ့ပါတယ်။

ဒီရက်ပိုင်းတွေအတွင်းမှာတော့ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/ SSA မြောက်ပိုင်း ဌာနချုပ ်ဝမ်ဟိုင်းဒေသမှာ အစိုးရတပ်နဲ့ ရှမ်းတပ်အကြားတိုက်ပွဲတွေ ပြင်းထန်နေသလို ရှမ်းပြည်နယ်မြောက်ပိုင်းဒေသ ကွတ်ခိုင်နဲ့ ကုန်းကြမ်းဒေသဘက်တွေမှာလည်း ကချင်တပ်ဖွဲ့၊ ကိုးကန့်တပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေပါတယ်။

XS
SM
MD
LG