သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒု-သမ္မတဦးဉာဏ်ထွန်း ထားဝယ်စီမံကိန်းကိစ္စ ထိုင်းနဲ့ဆွေးနွေး


တနင်္သာရီတိုင်း၊ ထားဝယ် အထူးစီးပွားရေးစီမံကိန်းကို အုပ်ချုပ်ခန့်ခွဲဖို့ ထိုင်း-မြန်မာပူးတွဲကော်မတီကို ဒီကနေ့ ထိုင်းနိုင်ငံမှာ ဖွဲ့စည်းလိုက်ပါတယ်။

မြန်မာနိုင်ငံ၊ တနင်္သာရီတိုင်းထဲမှာရှိတဲ့ ထားဝယ် အထူးစီးပွားရေးစီမံကိန်းကို အုပ်ချုပ်စီမံ ခန့်ခွဲ သွားမယ့် ထိုင်း-မြန်မာပူးတွဲကော်မတီကို ဒီကနေ့ ထိုင်းနိုင်ငံမှာ ဖွဲ့စည်းလိုက်ပါတယ်။ မြန်မာနဲ့ ထိုင်း နှစ်နိုင်ငံ ပူးတွဲဆောင်ရွက်သွားမဲ့ ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းတွေ ကိစ္စကို မြန်မာ ဒုတိယသမ္မတ ဦးဉာဏ်ထွန်းနဲ့ ထိုင်းဝန်ကြီးချုပ် Yinluck Shinawatra တို့ဆွေးနွေးခဲ့ကြပြီးနောက်မှာ ပူးတွဲကော်မတီကို တရားဝင် ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။ အကြောင်းစုံကို ဘန်ကောက်ရုံးက မစုမြတ်မွန်က တင်ပြပေးထားပါတယ်။

မြန်မာအစိုးရနဲ့ ထိုင်းအစိုးရတို့ ပူးတွဲ အကောင်အထည်ဆက်ဖော်သွားမယ့် ထားဝယ်ရေနက်ဆိပ်ကမ်း ပါဝင်တဲ့ ထားဝယ် အထူးစီးပွားရေး စီမံကိန်းတွေကိစ္စကို ထိုင်းအစိုးရ တာဝန်ရှိသူတွေနဲ့ ဆွေးနွေး ဖို့ မြန်မာ ဒုတိယသမ္မတ ဦးဉာဏ်ထွန်းဟာ အင်္ဂါနေ့ ညနေပိုင်းကတည်းက ထိုင်းနိုင်ငံမှာ ရောက်ရှိနေ တာ ဖြစ်ပါတယ်။ ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာတော့ ထိုင်းဝန်ကြီးချုပ် ယင်းလပ် ရှင်နာဝပ်နဲ့ တွေ့ ဆုံ ဆွေးနွေးခဲ့ပါတယ်။ မနေ့ညကလည်း ထိုင်းဒုတိယဝန်ကြီးချုပ် ကီတီရတ် နာ ရနောင်း (Kittiratt Na Ranong) နဲ့ တွေ့ဆုံဆွေးခဲ့တဲ့အကြောင်း ထားဝယ် စီမံကိန်းတွေအတွက် ဆောက်လုပ်ရေး လုပ်ငန်း ကံထရိုက်ရထားတဲ့ Italian Thai အများပိုင် လုပ်ငန်းကြီးရဲ့ တာဝန်ရှိသူတယောက်က VOA မြန်မာပိုင်းကို ခုလိုပြောပါတယ်။

“အဓိက ကတော့ ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းကြီးကို အကောင်အထည်ဖော်ဖို့ရာကိစ္စပါပဲ။ အဲဒီမှာ နှစ်ဦးနှစ်ဖက် သဘောတူညီမှု ရပြီးတော့ မနေ့ကတော့ ကော်မတီလေးတွေ ဖွဲ့ပြီးတော့ နှစ်နိုင်ငံဆောင်ရွက်ကြဖို့ အစီအစဉ်လုပ်ကြပါတယ်။ ကနေ့ မနက်ပိုင်းတော့ ဒု-သမ္မတနဲ့အဖွဲ့ဟာ ယိုးဒယားနိုင်ငံ၊ Government House ကိုသွားပြီးတော့ ဝန်ကြီးချုပ် မစ္စ် ယင်းလပ်၊ ရှင်နာဝပ်နဲ့ သွားတွေ့ပါတယ်။ သွားတွေ့ပြီးတော့ ဒီကိစ္စကိုပဲ ထပ်မံရှင်းလင်းပြခဲ့ပါတယ်။ ဒု-သမ္မတနဲ့အဖွဲ့ဟာ ဒီနေ့ ညနေပဲ ပြန်လည် ထွက်ခွာပါလိမ့်မယ်ခင်ဗျာ။”

ဒု-သမ္မတဦးဉာဏ်ထွန်းနဲ့ ထိုင်းဝန်ကြီးချုပ် Yinluck Shinawatra တို့ရှေ့မှာပဲ ထားဝယ် အထူး စီးပွားရေး စီမံကိန်းကို အုပ်ချုပ်စီမံခန့်ခွဲ သွားမယ့် ပူးတွဲကော်မတီ ဖွဲ့စည်းမှု သဘောတူစာချုပ်ကို နှစ် ဖက် သက်ဆိုင်သူတွေ လက်မှတ်ထိုးခဲ့ကြတာဖြစ်ပါတယ်။ ထားဝယ် အထူး စီးပွားရေးဇုန် တည်ဆောက်ရေးအတွက် ထိုင်းနိုင်ငံက အကြီးဆုံး ဆောက်လုပ်ရေး လုပ်ငန်းကြီးဖြစ်တဲ့ Italian Thai လုပ်ငန်းကြီးက တာဝန်ယူထားပေမယ့် ထားဝယ်စီမံကိန်း ဆောက်လုပ်ရေးလုပ်ငန်းတွေ အတွက် ငွေကြေး အခက်အခဲရှိနေပါတယ်။ ဒါပေမဲ့ ထိုင်းအစိုးရက Italian Thai ကုမ္ပဏီကို ထောက်ခံ မှု ပေးထားပြီး လောလောဆယ် ထားဝယ်စီမံကိန်းတွေအတွက် ထိုင်းနဲ့မြန်မာအစိုးရနှစ်ရပ် ပူးပေါင်း ဆောင်ရွက်သွားမှာဖြစ်တယ်လို့ Italian Thai ကုမ္ပဏီတာဝန်ရှိသူက ပြောပါတယ်။

“နှစ်ဦးနှစ်ဖက် ဒီစီမံကိန်းကြီးကို အကောင်အထည်ဖော်ကြမယ်။ တခြားနိုင်ငံတွေက ငွေကြေး အကူ အညီယူပြီးတော့ နှစ်နိုင်ငံ benefit ပထမစပါမယ်။ Mechanism ပေါ့လေ။ အဲဒါနဲ့ အပေါ်ကနေ အုပ်ချုပ်သွားပြီးတော့ အီတာလီယံ-ထိုင်းကို ကံထရိုက်တာအဖြစ်ထားပြီး ဆက်လက် ဆောင်ရွက်ကြပါ လိမ့်မယ်။ အကယ်၍များ တခြားတနိုင်ငံက ငွေအရင်းအနှီးထုတ်ပြီး လာမယ်ဆိုရင်တော့ Tri-lateral mechanism နဲ့ ကျနော်တို့ ဆက်လုပ်ကြပါမယ်။”

အရှေ့တောင်အာရှမှာ အဓိက ကုန်သွယ်ရေးပေါင်းကူးနေရာတခုဖြစ်လာနိုင်တယ်လို့ ဆိုနေတဲ့ ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်း ဆောက်လုပ်မှု အခြေအနေကရော လက်ရှိမှာ ဘယ်လောက် ခရီးရောက်နေပြီလို့ ပြောနိုင်ပါသလဲ။

“လမ်းတွေကတော့ အကြမ်းအားဖြင့် ဖောက်လို့ ပြီးသွားပါပြီ။ Port တွေကလည်း စပြီး တူးဖော်နေ ပါပြီ။ အဲဒီအရင် ပစ္စည်းတွေ တင်ဖို့ ချဖို့အတွက် small port တွေက ဒီလကုန်လောက်၊ နောက် လဆန်းဆို ပြီးပါပြီခင်ဗျ။ ဇန်နဝါရီကို ကျနော်တို့က စတင် ဆောင်ရွက်နိုင်ပါပြီ။ အဲဒီ small port လေး ကလည်း တန်ချိန် တသောင်းနှစ်ထောင်လောက်ထိအောင် ကုန်တင်ကုန်ချ လုပ်နိုင်ပါတယ်။”

ထားဝယ်အထူးစီးပွားရေးစီမံကိန်းတွေအတွက် စုစုပေါင်း အမေရိကန်ဒေါ်လာ ဘီလျံ ၅၀ လောက် ကုန်ကျမယ်လို့ ခန့်မှန်းထားပြီး ရေနက် ဆိပ်ကမ်းအပါအဝင် သံမဏိစက်ရုံ၊ ရေနံချက်စက်ရုံ၊ လျှပ်စစ် ဓာတ်အားပေး စက်ရုံတွေလည်း တည်ဆောက်ဖို့ အစီအစဉ်တွေရှိပါတယ်။
ဒီလိုဆောက်လုပ်မှုတွေကြောင့် ဒေသခံပြည်သူတွေ နေအိမ်တွေကနေ ဖယ်ရှားပေးခဲ့ရတာ ရှိတယ် လို့ ဒေသခံတွေရဲ့ ပြောဆိုမှုတွေ ထွက်ပေါ်ခဲ့သလို သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်မှုတွေ ရှိနိုင်တဲ့အတွက် ကန့်ကွက်မှုတွေလည်း ရှိနေပါတယ်ရှင်။
XS
SM
MD
LG