သုံးရလွယ်ကူစေသည့် Link များ

၆၆ ဃ အပါအဝင် ဆက်သွယ်ရေးဥပဒေ ပြင်ဆင်သည့်ဥပဒေမူကြမ်း ပြည်သူ့လွှတ်တော်မှာ မဲခွဲဆုံးဖြတ်


ပြည်သူ့လွှတ်တော်။

အခြေအတင် အငြင်းပွားမှုတွေ ရှိနေတဲ့ ၆၆(ဃ) အပါအ၀င် ဆက်သွယ်ရေးဥပဒေ ပြင်ဆင်ရေး မူကြမ်းကို ဒီကနေ့ ပြည်သူ့လွှတ်တော်မှာ မဲခွဲ ဆုံးဖြတ်လိုက်ပါတယ်။ အစောပိုင်း အမျိုးသားလွှတ်တော်မှာ အတည်ပြုထားတဲ့ မူကြမ်းနဲ့ အခု ပြည်သူ့လွှတ်တော် မှာ အတည်ပြုလိုက်တဲ့ မူကြမ်းကတော့ မတူတာကြောင့် ပြည်ထောင်စု ဥပဒေကြမ်း ပူးပေါင်းကော်မတီမှာ ဆက်လက် ဆွေးနွေး ဆုံးဖြတ်ရဖို့ရှိနေပါတယ်။ ပြည်တွင်း ပြည်ပ လူ့အခွင့်အရေး အဖွဲ့တွေနဲ့ တက်ကြွလှုပ်ရှားသူတွေ ကတော့ - ဒီဥပဒေဟာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ကန့်သတ်ပြီး တက်ကြွလှုပ်ရှားသူ တွေကို ဖိနှိပ်ရာမှာ အသုံးပြုနေတယ်လို့ ဆိုပြီး အပြီးတိုင် ဖျက်သိမ်းဖို့ တောင်းဆိုနေကြတာပါ။ အပြည့်စုံကို မခင်ဖြူထွေးက ပြောပြပေးပါမယ်ခင်ဗျာ။

တက်ကြွလှုပ်ရှားသူတွေနဲ့ သတင်းမီဒီယာသမားတွေ အတော်များများ မကြာခဏ အရေးယူခံနေရတဲ့ ၆၆(ဃ) အပါအ၀င် ဆက်သွယ်ရေး ဥပဒေကို အပြီးတိုင်ဖျက်သိမ်းဖို့ တောင်းဆိုမှုတွေ ကျယ်ကျယ်လောင်လောင် ရှိနေချိန်မှာပဲ ဒီကနေ့ ပြည်သူ့လွှတ်တော် မှာတော့ ဒီဥပဒေကို ဖျက်သိမ်းဖို့ထက် ပြင်ဆင်ပြဌာန်းမယ့် ဥပဒေမူကြမ်းတရပ်ကို မဲခွဲ ဆုံးဖြတ်လိုက်ပါတယ်။

"ထောက်ခံဆန္ဒမဲပေါင်း ၃၇၂မဲ၊ ကန့်ကွက်ဆန္ဒမဲပေါင်း ၁၇မဲ ကြားနေဆန္ဒမဲပေါင်း ၅ မဲဖြစ်ပါတယ်။ လွှတ်တော်ကိုယ်စားလှယ်တော်များခင်ဗျာ ထောက်ခံဆန္ဒမဲက များတဲ့အတွက် အပိုဒ် ၄ ပုဒ်မ ၆၆ ပုဒ်မခွဲ ဃ သည် ဥပဒေကြမ်းကော်မတီ ရဲ့အဆိုပြုချက် အတိုင်း ဒီဥပဒေကြမ်း၏ အစိတ်အပိုင်းဖြစ်ကြောင်း အတည်ပြုကြေညာပါတယ်။"

ဒီကနေ့ ပြည်သူ့လွှတ်တော်မှာ မဲခွဲဆုံးဖြတ်ချက် ရလဒ်ကို လွှတ်တော်ဥက္ကဋ္ဌက ကြေညာသွားတာပါ။

အမျိုးသားလွှတ်တော်မှာ ဒီလဆန်းပိုင်းတုန်းက မဲခွဲ ဆုံးဖြတ်ခဲ့တဲ့ ဆက်သွယ်ရေး ဥပဒေမူကြမ်းကို ပြည်သူ့လွှတ်တော် ဥပဒေကြမ်း ကော်မတီမှာ ပြင်ဆင်ချက်တချို့လုပ်ပြီး တင်ပြခဲ့သလို၊ ဒီအပေါ်မှာ လွှတ်တော်အမတ်တွေက အခြေအတင် ပြန်လည် ဆွေးနွေးခဲ့ကြပြီး နောက်ထပ် ပြင်ဆင်မှုတွေ လုပ်ပြီးတော့မှ အခုနောက်ဆုံး ပြည်သူ့လွှတ်တော်ရဲ့ ပြင်ဆင်ချက်မူကြမ်းကို မဲခွဲ ဆုံးဖြတ် အတည်ပြုတာ ဖြစ်ပါတယ်။

ဒါနဲ့ပတ်သက်လို့ ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီရဲ့ အဆိုပြုချက်ကို ပြင်ဆင်ဖို့ အဆိုပြုခဲ့ကြတဲ့ လွှတ်တော်အမတ်တွေထဲက တဦးဖြစ်တဲ့ မြေပုံမြို့နယ် မဲဆန္ဒနယ်က ပြည်သူ့လွှတ်တော်အမတ် ဦးဖေသန်းက ရှင်းပြပါတယ်။

" ဒီနေ့ ဥပဒေကြမ်းကော်မတီက သုံးနှစ်အောက် ဆိုတဲ့ပြစ်ဒဏ်နဲ့ ကျနော်တို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များက ၆၆ ဃ ကျတော့ ၂နှစ်အထိ ပြစ်ဒဏ်ဆိုပြီး ပြန်ပြီးပြင်ဆင်လိုက်တယ် အဲ့ဒီ့တော့ ဥပဒေကြမ်းကော်မတီနဲ့ ကျနော်တို့ လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ သဘောမတူတဲ့အတွက် ဒီနေ့လွှတ်တော်မှာ မဲခွဲတဲ့အခါမှာ လွှတ်တော်ကိုယ်စားလှယ်တွေက အနိုင်ရသွားတယ်။

အခြေအတင် အငြင်းပွားစရာတွေ ရှိနေတဲ့ ၆၆ (ဃ) အပါအ၀င် ဆက်သွယ်ရေးဥပဒေ ပြင်ဆင်မယ့် ဥပဒေမူကြမ်း အသီးသီးကို လွှတ်တော် နှစ်ရပ်စလုံးမှာ မဲခွဲ ဆုံးဖြတ်ခဲ့ကြပြီး ဖြစ်ပေမဲ့၊ လူ့အခွင့်အရေးအဖွဲ့တွေနဲ့ တက်ကြွလှုပ်ရှားသူတွေကတော့ ဒီဥပဒေဟာ ဒီမိုကရေစံနှုန်းတွေနဲ့ နိုင်ငံသားတွေရဲ့ လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ပြောဆိုခွင့်ကို ထိခိုက်စေတာကြောင့် အပြီးတိုင် ဖျက်သိမ်းပစ်ဖို့ တောင်းဆိုနေကြတာပါ။ အဲ့ဒီ့အတွက်နဲ့ အမျိုးသားလွှတ်တော်က သုံးနှစ်အထိဆိုတဲ့ပြစ်ဒဏ်ကို ကျနော်တို့ပြည်သူ့လွှတ်တော်က ဘယ်လိုပြန်ပြင်လိုက်လဲဆိုတော့ ၆၆ က ရယ် ခရယ် ဂရယ်ကို သုံးနှစ်အထိ ၆၆ ဃ ကျတော့ နှစ်နှစ်အထိဆိုပြီး ပြင်လိုက်ပါတယ်။ အဲ့ဒီ့တော့ အမျိုးသားလွှတ်တော် နဲ့ပြည်သူ့လွှတ်တော်က အဲ့ဒီ့မှာ သဘောထားကွဲလွဲတဲ့အတွက် အဲ့တာကို ပြည်ထောင်စုလွှတ်တော်ကို ပို့ရမှာဖြစ်ပါတယ်။ ပြည်ထောင်စုလွှတ်တော်မှာမှ ပြည်ထောင်စုလွှတ်တော်ဥပဒေကြမ်း ပူးပေါင်းကော်မတီ သဘောဆန္ဒနဲ့ တခုခုကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုပေး ရမယ့်သဘောမျိုး ရှိပါတယ်ခင်ဗျ။"

အများပြည်သူ ရွေးချယ်ထားတဲ့ လွှတ်တော်အမတ်တွေ အနေနဲ့ ပြည်သူအများအပေါ် ဖိနှိပ်နေတဲ့ ဒီဥပဒေကို အပြီးတိုင် ဖျက်သိမ်းဖို့မဆောင်ရွက်နိုင် သေးတဲ့အပေါ် စိတ်ပျက်မိတယ်လို့ လူ့အခွင့်အရေးဆိုင်ရာ အာဆီယံလွှတ်တော်အမတ်များအဖွဲ့ (APHR) ဥက္ကဋ္ဌ၊ မလေးရှားလွှတ်တော်အမတ် Charles Santiago က ပြောပါတယ်။

“ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) ကို လုံးဝ ဖျက်သိမ်းတာ မဟုတ်ဘဲ ပြင်ဆင်ရုံသာ လုပ်ထားတဲ့ ဥပဒေမူကြမ်းကို ဒီကနေ့ ပြည်သူ့ လွှတ်တော်မှာ အတည်ပြုလိုက်တာနဲ့ပတ်သက်လို့ ကျနော်တို့ အင်မတန် စိတ်ပျက်ရပါတယ်။ ဒီဥပဒေဟာ အသရေဖျက်မှုကို ရာဇ၀တ်မှုလုပ်ပြီး အင်တာနက် အွန်လိုင်းပေါ်မှာ ကိုယ့်ရဲ့အယူအဆကို လွတ်လွတ်လပ်လပ် ထုတ်ဖော်ပြောဆိုကြတဲ့ သူတွေကို ထောင်သွင်း အကျဉ်းချဖို့ သုံးနေတဲ့ဥပဒေပါ။ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ကန့်သတ်တဲ့ ဥပဒေဖြစ်ပါတယ်။ လွှတ်တော်အနေနဲ့ ဒီဥပဒေ လုံးဝ ဖျက်သိမ်းဖို့အထိ မဆောင်ရွက်နိုင်တာဟာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ဖိနှိပ်ဖို့ လမ်းကျယ်ကျယ် ဖွင့်ပေးလိုက်တာပါပဲ။ ဒါကြောင့် လွှတ်တော်အမတ်တွေ အနေနဲ့ရော၊ မြန်မာအစိုးရအနေနဲ့ရော ဖိနှိပ်မှုတွေရှိနေတဲ့ ဒီဥပဒေကို အမြန်ဆုံး ဖျက်သိမ်းပြီး လူ့အခွင့်အရေးနဲ့ တရားဥပဒေစိုးမိုးရေးကို အကာအကွယ် ပေးနိုင်အောင် ဆောင်ရွက်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။”

ဒီကနေ့ ပြည်သူ့လွှတ်တော်မှာ အတည်ပြုလိုက်တဲ့ ဥပဒေမူကြမ်းဟာ အမျိုးသားလွှတ်တော် မှာ အတည်ပြုထားတဲ့ ဥပဒေမူကြမ်းနဲ့ ကွဲလွဲနေတာကြောင့် ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီမှာ ဆက်လက်ဆွေးနွေးပြီး နောက်ဆုံး အတည်ပြုနိုင်ရင်တော့ ဥပဒေအဖြစ် အတည်ဖြစ်လာမှာပါ။

လက်ရှိ NLD အရပ်သား အစိုးရလက်ထက်မှာကိုပဲ ဆက်သွယ်ရေးဥပဒေနဲ့ တရားစွဲဆိုထားတဲ့ အမှု ၈၀ ကျော် ရှိပါတယ်။

XS
SM
MD
LG