သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာပြည်အတွက် အကျိုးပြုခဲ့တဲ့ telenor ဘာကြောင့် နှုတ်ထွက်သလဲ


Myanmar Telenor
Myanmar Telenor

{{Zawgyi/Unicode}}
မြန်မာနိုင်ငံမှာ လွန်ခဲ့တဲ့ ၇ နှစ်ထဲက မိုဘိုင်းလ်ဆက်သွယ်ရေးလုပ်ငန်းတွေ လုပ်ကိုင်ခဲ့တဲ့ နော်ဝေးအခြေစိုက် Telenor ကုမ္ပဏီက Telenor Myanmar လုပ်ငန်းအားလုံးကို ဘက်ဘနွန်အခြေစိုက် M1 ကုမ္ပဏီကိုရောင်းချဖို့ သဘောတူလိုက်ပါတယ်။ စစ်အာဏာသိမ်းခဲ့ပြီးနောက် အင်တာနက်ဆက်သွယ်ရေးအပေါ် အကြီးအကျယ်ကန့်သတ် ပိတ်ပင်မှုတွေ လုပ်နေချိန် Telenor ကုမ္ပဏီက မြန်မာနိုင်ငံမှာလုပ်နေတဲ့ သူ့ရဲ့ လုပ်ငန်းအားလုံးကို ရောင်းချဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ အပြည့်အစုံကို မစုမြတ်မွန်က တင်ပြပါမယ်။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းလိုက်တဲ့အတွက် လုပ်ငန်းဝင်ငွေ ဒေါ်လာ သန်း ၇၀၀ ကျော် ထိခိုက်ဆုံးရှုံးတယ်လို့ ပြောထားတဲ့ Telenor Group က မြန်မာနိုင်ငံမှာ လုပ်ကိုင်နေတဲ့ Telenor Myanmar လုပ်ငန်းအားလုံးကို ရောင်းချဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

M1 Group ဆိုတဲ့ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းကြီးကို မိုဘိုင်းလ်ဝန်ဆောင်မှုလုပ်ငန်း ၁၀၀% အတွက် ဒေါ်လာ ၁၀၅ သန်းနဲ့ ရောင်းချဖို့ သဘောတူလိုက်ပြီလို့ Telenor Group က ဇူလိုင် ၈ ရက်နေ့က ကြေညာချက်ထုတ်ပြန်ပါတယ်။

သဘောတူရောင်းချငွေ ဒေါ်လာ ၅၅ သန်းကို ၅ နှစ်အတွင်း ပေးခြေဖို့ သဘောတူခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ရေးထားပါတယ်။ အပြီးသတ်ရောင်းချပြီးရင် Telenor Myanmar ရဲ့ အစုရှယ်ယာအားလုံးနဲ့ လုပ်ငန်းလည်ပါတ်မှုအားလုံးကို M1 Group ကပိုင်ဆိုင်မှာဖြစ်တယ်လို့ Telenor Group ကပြောပါတယ်။

ပြီးခဲ့တဲ့လတွေအတွင်း Telenor ကုမ္ပဏီအနေနဲ့ လုံခြုံရေး၊ စည်းကမ်းသတ်မှတ်ချက်တွေနဲ့ လိုက်နာသင့် မသင့် အကြောင်းအချက်စတဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်ခဲ့ရပြီး ဒီအခြေအနေမှာ ကုမ္ပဏီကိုရောင်းချခြင်းသာ အကောင်းဆုံး နည်းလမ်းဖြစ်တယ်လို့ သုံးသပ်ခဲ့တယ်လို့ Telenor Group ရဲ့ ဥက္ကဋ္ဌလည်းဖြစ် အမှုဆောင်အရာရှိချုပ်လည်းဖြစ်သူ Sigve Brekke (Sig Var Brik Yar) ကပြောပါတယ်။

မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် လူတိုင်း မိုဘိုင်းဆက်သွယ်မှုကို လက်လှမ်းမှီနိုင်ရမယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ မြန်မာနိုင်ငံမှာ လာရောက် ရင်းနှီးမြှုပ်နှံခဲ့တာဖြစ်တယ်လို့ သူကပြောပါတယ်။ Telenor ကုမ္ပဏီဟာ မြန်မာနိုင်ငံကို ၂၀၁၃ ခုနှစ်မှာ ဝင်ရောက်လာခဲ့ပြီး Mobile ဆက်သွယ်ရေးလုပ်ငန်းတွေကို ၂၀၁၄ ခုနှစ်မှာ စတင်ဝန်ဆောင်မှုပေးခဲ့ပါတယ်။

Telenor ကုမ္ပဏီ မြန်မာနိုင်ငံမှာ စတင်ထူထောင်စဉ်က ပါဝင်ခဲ့သူ ကျွမ်းကျင်ဝန်ထမ်းဟောင်းတယောက်က Telenor ကုမ္ပဏီအနေနဲ့ မြန်မာနိုင်ငံမှာ တယ်လီဖုန်း၊ အင်တာနက် ဆက်သွယ်ရေးတိုးတက်ကောင်းမွန်ဖို့ လုပ်ပေးနိုင်ခဲ့သလို အများပြည်သူအတွက် ပရဟိတအလုပ်တွေလည်း တော်တော်များများ လုပ်ပေးခဲ့တယ်လို့ ပြောပါတယ်။

"လူတိုင်းဖုန်းကိုင်နိုင်တယ်။ ဆက်စပ် စီးပွားရေးလုပ်ငန်းတွေ ဝန်ဆောင်မှုတွေ တိုးတက်လာတယ်။ စီးပွားရေးအကျိုးအမြတ်ကို အဓိကလုပ်ပေမဲ့ လူထုအကျိုးပြုအလုပ်တွေလည်း လုပ်ပေးခဲ့တယ် "

Telenor ကုမ္ပဏီထွက်သွားတာဟာ ဈေးကွက်မှာ မ ျှမ ျှတတ ပြိုင်ဆိုင်နိုင်သူတယောက် လျော့သွားတာဖြစ်တယ်လို့ မြန်မာနိုင်ငံမှာ Telecom ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းတွေလုပ်နေတဲ့ Blue Ocean ကုမ္ပဏီအမှုဆောင်အရာရှိချုပ် ကိုထွန်းထွန်းနိုင်က ပြောပါတယ်။

" ဈေးကွက်အပြိုင်အဆိုင်လုပ်ကြတဲ့အတွက် သုံးသူတွေအတွက် ဈေးသက်သာတယ်၊ ဝန်ဆောင်မှုတွေ ပိုကောင်းလာခဲ့တယ်။ ထိပ်တန်းဝန်ဆောင်မှုလုပ်ငန်းတခုဖြစ်လို့ အကျိုးအမြတ်တော့ ရှိပါလိမ့်မယ်။ အာဏာသိမ်းနောက်ပိုင်း တယ်လီနောအနေနဲ့ မလုပ်နိုင်တဲ့ အခြေအနေတွေဖြစ်ခဲ့လို့ ထွက်သွားရတယ်"

Telenor Group က မြန်မာနိုင်ငံမှာ ၁၅ နှစ် လုပ်ငန်းလုပ်ခွင့် စာချုပ်နဲ့ လုပ်ကိုင်နေတာဖြစ်တာမို့ သက်တမ်းမပြည့်ခင် နောက်ကုမ္ပဏီတခုကို ရောင်းချတာဖြစ်ပါတယ်။ ခုလိုလုပ်ငန်းလွှဲပြောင်းရောင်းချတာကို မြန်မာ့ဆက်သွယ်ရေးရဲ့ အတည်ပြုချက်ရဖို့လိုပါသေးတယ်။ အပြောင်းအလဲကာလ ၆ လကနေ ၁ နှစ်လောက်ကြာနိုင်တယ်လို့ ကိုထွန်းထွန်းနိုင်က သုံးသပ်ပါတယ်။

Telenor Myanmar လုပ်ငန်းတွေကို ဝယ်ယူမယ့် M1 Group ကတော့ လက်ဘနွန်အခြေစိုက် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းကြီးတခုဖြစ်ပါတယ်။ စစ်တပ်ပိုင် Mytel ဆက်သွယ်ရေးလုပ်ငန်းအတွက် အလုပ်လုပ်ပေးနေတဲ့ Irrawaddy Green Towers ဆိုတဲ့ မိုဘိုင်းဖုန်းတာဝါတိုင်လုပ်ငန်းကုမ္ပဏီမှာ ရှယ်ယာအများစုထည့်ဝင်ထားတဲ့ လုပ်ငန်းကြီးလည်းဖြစ်တယ်လို့ မြန်မာ့အရေးလှုပ်ရှားနေတဲ့ Burma Campaign U.K ကပြောပြီး နာမည်ပျက်စာရင်းသွင်းထားပါတယ်။

စစ်တပ်အာဏာသိမ်းခဲ့တဲ့ ဖေဖော်ဝါရီလ ၁ ရက်နောက်ပိုင်း Telenor အပါအဝင် မြန်မာနိုင်ငံမှာ အင်တာနက်ဆက်သွယ်ရေးဝန်ဆောင်မှုပေးနေတဲ့ လုပ်ငန်းတွေ အကြီးအကျယ် ကန့်သတ်ခံခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ဆိုဝါးလာတဲ့ စီးပွားရေးနဲ့ စီးပွားရေးလုပ်နိုင်မယ့် အနေအထား၊ ယိုယွင်းလာတဲ့ လုံခြုံရေးနဲ့ လူ့အခွင့်အရေး အခြေအနေတွေကြောင့် လုပ်ငန်းတိုးတက်နိုင်ဖို့ အခြေအနေ အကန့်အသတ်တွေရှိနေတယ်လို့ တယ်လီနောရဲ့ အစောပိုင်းထုတ်ပြန်ချက်တွေမှာလည်း ဖော်ပြထားပါတယ်။

အခုတော့ တယ်လီနောရဲ့ လုပ်ငန်းတွေ မြန်မာနိုင်ငံကနေ ထွက်သွားတော့မယ်ဆိုတဲ့အတွက် မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးကို မချိုးဖောက်ဘဲ ဘယ်ကုမ္ပဏီမှ လုပ်ငန်းလည်ပါတ်ဖို့ မဖြစ်နိုင်ဘူးဆိုတာ ပြသနေတယ်လို့ အမေရိကန်အခြေစိုက် Human Rights Watch လူ့အခွင့်အရေးအဖွဲ့က ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။
..................................

Telenor Telecommunication company
please wait

No media source currently available

0:00 0:05:00 0:00
တိုက်ရိုက် လင့်ခ်

{{Unicode}}















XS
SM
MD
LG