ပြင်သစ်နိုင်ငံ၊ ပါရီမြို့တော်ကနေ အီဂျစ်နိုင်ငံ၊ ကိုင်ရိုမြို့တော်ကို ဒီကနေ့ပျံသန်းတဲ့ ခရီးစဉ်အတွင်း ပျက်ကျသွားတဲ့ EgyptAir လေကြောင်းလိုင်းက ခရီးသည်တင်လေယာဉ်ဟာ စက်ချို့ယွင်းမှုကြောင့်ထက် အကြမ်းဖက်ဝါဒီတွေရဲ့ တိုက်ခိုက်မှု တခုကြောင့် ပျက်ကျသွားတာ ဖြစ်နိုင်ခြေပိုများတယ်လို့ အီဂျစ် လေကြောင်းသွားလာရေးဆိုင်ရာဝန်ကြီးက ပြောလိုက်ပါတယ်။
လေယာဉ်ပျက် အပိုင်းအစတွေကို မြေထဲပင်လယ်ထဲမှာ ရှာဖွေရေး ဆက်လုပ်နေတာ နဲ့ အမျှ ဝန်ကြီး Sherif Fathy က ပြောဆို တာပါ။ လူပေါင်း ၆၆ ယောက်ပါသွားတဲ့ အဲဒီလေယာဉ်ဟာ ပြင်သစ်နိုင်ငံကနေ လေးနာရီကြာမယ့် ဒီကနေ့ခရီးစဉ်အတွင်း အီဂျစ်လေကြောင်းပိုင်နက်ထဲ ဝင်သွားအပြီး သိပ်မကြာခင်မှာပဲ ရေဒါပေါ် ကနေ ပျောက်သွားတာပါ။
လေယာဉ်က အပျက်အစီးအပိုင်းအစလို့ ယူဆနိုင်စရာ ရှိတာတွေကို လေထဲ မှာ တွေ့ရတယ်လို့ ဂရိကလာတဲ့ အစောပိုင်းသတင်း တွေမှာ ဖော်ပြပါတယ်။ အမေရိကန်ပြည်ထောင်စုက P-3 Orion ခရီးဝေးသွားလေယာဉ်တစင်းပို့ပြီး ရှာဖွေ ကယ်ဆယ်ရေး လုပ်ငန်းမှာ ကူညီ လုပ်ဆောင်ပေးနေပါတယ်။
ဘာဖြစ်သွားတယ်ဆိုတဲ့ အကြောင်းရင်းတွေနဲ့ပတ်သက်ပြီး အစစအရာရာသိအောင် လုပ်ရမယ့်အကြောင်း၊ ဘယ်လိုယူဆချက်မျိုးကိုမှ ပယ်မချသလို ယူဆချက် တခုခုအပေါ် အသားပေး စဉ်းစားတာမျိုးလည်း မရှိပါဘူးလို့ ပြင်သစ်သမ္မတ ဖရွန်ဆွာ အော်လန်းဒ်က ပါရီမြို့တော်မှာ သတင်းထောက်တွေကို ပြောပါတယ်။
လေယာဉ်ဟာ ရေဒါကပျောက်မသွားခင်မှာ ရုတ်တရက် ချိုးကွေ့တာတွေ လုပ်ခဲ့သလို အောက်ကို ထိုးဆင်းခဲ့တယ်လို့ ဂရိ ကာကွယ်ရေးဝန်ကြီး Panos Kamennos က ပြောပါတယ်။