သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Texas ပစ်ခတ်သူ တပ်မှထုတ်ပယ် အရေးယူခံရဖူး


Devin Kelley
Devin Kelley

အမေရိကန်ပြည်ထောင်စုတက္ကဆက်ပြည်နယ်တောင်ပိုင်းက မြို့လေးတခုမှာရှိတဲ့ ဘုရားကျောင်းမှာ ဝတ်ပြုနေတဲ့သူတွေကို တနင်္ဂနွေနေ့ မနက်က သေနတ်နဲ့ ဝင်ရောက်ပစ်ခတ်ခဲ့တဲ့သူဟာ ၊ အသက် ၂၆ နှစ်အရွယ် လူဖြူအမျိုးသား Devin Kelley ဖြစ်တယ်လို့ ပြောပါတယ်။ San Antonio မြို့ကနေ မိုင် ၃၀ ခန့်အကွာမှာရှိတဲ့ Sutherland Springs မြို့က First Baptist ဘုရာကျောင်းအတွင်း တနင်္ဂနွေမနက် ၁၁ နာရီ ဝတ်ပြုဆုတောင်းပွဲကျင်းပနေချိန်မှာ သေနတ်သမားရဲ့လက်ချက်ကြောင့် ၂၆ ယောက်သေဆုံးပြီး၊ အနည်းဆုံး ၂၀ ကျော်ဒဏ်ရာရသွား ခဲ့ပါတယ်။

သေနတ်သမား Kelley ဟာ ဘုရားကျောင်းမှာဝင်ရောက်ပစ်ခတ်ခဲ့ချိန်မှာ ကျည်ကာအင်္ကျီအပါအဝင် အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားတယ်လို့ Texas ပြည်နယ်လုံခြုံရေးဌာနရဲ့ ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Freeman Martin က ပြောပါတယ်။ ဒ့ါအပြင် သူ့ရဲ့ ကားအတွင်းကနေ သေနတ်အတော်များများကို တွေ့ရှိခဲ့တယ်လို့လည်း အာဏာပိုင်တွေက ပြောပါတယ်။

သေနတ်သမား Devin Kelley ဟာ San Antonio မြို့ဆင်ခြေဖုံးမှာနေုထိုင်တဲ့သူဖြစ်ပြီး၊ အကြမ်းဖက်အဖွဲ့တွေနဲ့တော့ ဆက်စပ်မှုရှိပုံမရဘူးလို့ အာဏာပိုင်တွေက ပြောပါတယ်။ Kelley ဟာ သူ့ရဲ့ ဇနီး နဲ့ ကလေးအပေါ်မှာ ကိုယ်ထိလက်ရောက်ပြုလုပ်ခဲ့မှုတွေနဲ့ ခုံရုံးတင်ခံခဲ့ရပြီး၊ သူ့ကို ပြစ်ဒဏ်အဖြစ်နဲ့ ရာထူးကနေချပြီး ၁၂ လ အချုပ်ချခံသလို၊ တပ်ကနေလည်း ထုတ်ပယ်ခဲ့တယ်လို့ လေတပ်တာဝန်ရှိသူတဦးက ပြောပါတယ်။

Kelley ဟာ နယူးမက္ကဆီကိုပြည်နယ်မှာရှိတဲ့ Holloman လေတပ်အခြေစိုက်စခန်းက ထောက်ပံ့ပို့ဆောင်ရေးဌာနမှာ အလုပ်လုပ်ခဲ့တယ်လို့ တာဝန်ရှိသူတွေကပြောပါတယ်။ သေနတ်သမား Kelley ဟာ ဘုရားကျောင်းအဖွဲ့ဝင်တဦးဖြစ်တယ်လို့ ဘုရားကျောင်းအကြီးအကဲတဦးက ဗွီအိုအေကို ပြောပါတယ်။

XS
SM
MD
LG