သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အထက်တန်းကျောင်းပစ်ခတ်မှု Texas လူမှုအသိုင်းအဝိုင်း ဝမ်းနည်းကြေကွဲ


အမေရိကန် ပြည်ထောင်စု တက္ကဆက် ပြည်နယ် Santa Fe အထက်တန်းကျောင်းမှာ လူစုလူဝေးတွင်း ပစ်ခတ်မှုကြောင့် အများစု ကျောင်းသားတွေ အပါအဝင် လူ ၁၀ ဦး သေဆုံးခဲ့ရပြီး ဒဏ်ရာရသူ ၁၃ ဦးထိ ရှိလာကြောင်း အာဏာပိုင်တို့ ပြောဆိုထားတာနဲ့ အတူ Sante Fe လူမှုအသိုင်းအဝိုင်းကြားမှာ ဝမ်းနည်းကြေကွဲ နေကြပါတယ်။

လွှတ်တော် အမတ် Randy Webner ကတော့ စည်းလုံးညီညွတ်မှုနဲ့ အတူတကွ ကျော်လွှားကြဖို့ မနေ့ စနေနေ့က သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားပါတယ်။ တက္ကဆက်စ်ပြည်နယ်၊ Santa Fe မြို့က အထက်တန်းကျောင်းတကျောင်းမှာ သေနတ်နဲ့ဝင်ပစ်တဲ့ အသက် ၁၇ နှစ်အရွယ် လူငယ်ကို တက္ကဆက်စ်ပြည်နယ် တာဝန်ရှိသူတွေက လူသတ်မှုနဲ့ တရားစွဲလိုက်ပါပြီ။

သေနတ်နဲ့ဝင်ပစ်သူဟာ Dimitrios Pagourtzis ဖြစ်တယ်လို့ တာဝန်ရှိသူတွေ ကပြောထားပြီး သောကြာမနက် ၈ နာရီမထိုးခင်မှာ ဝင်ပစ်တာလို့ ကျောင်းသားတွေကပြောပါတယ်။ သေနတ်နဲ့ဝင်ပစ်သူလို့ သံသယရှိထားသူရဲ့နေအိမ်၊ ကားတစင်းနဲ့ ပစ်ခတ်မှုဖြစ်တဲ့ Santa Fe အထက်တန်း ကျောင်း ပတ်ဝန်းကျင်ကို ရှာဖွေတာမှာ လက်လုပ်ပုလင်းဗုံးတလုံးအပါအဝင် ဖောက်ခွဲရေးပစ္စည်းတွေကို ရဲတပ်ဖွဲ့က ရှာတွေ့ခဲ့တယ်လို့ တက္ကဆက်စ် ပြည်နယ်အုပ်ချုပ်ရေးမှူး Greg Abbott ကပြောပါတယ်။

အခုအခါမှာ လူသတ်မှုစွဲချက်နဲ့ ဖမ်းဆီးထားတဲ့ Pagourtzis ဟာ ကနဦးတုန်းကတော့ ကျောင်းမှာ သေနတ်နဲ့ ဝင်ပစ်ပြီးရင် သူ့ကိုယ်သူသတ်သေဖို့ ရည်ရွယ်ထားပေမဲ့ ကိုယ့်ကိုယ်ကို သတ်သေရဲတဲ့သတ္တိမရှိခဲ့ဘူးလို့ ဖမ်းမိပြီးတဲ့နောက် ရဲတပ်ဖွဲ့ကို ပြောတဲ့အကြောင်း ပြည်နယ်အုပ်ချုပ်ရေးမှူး Abbot က ပြောပါတယ်။

ပစ်ခတ်မှုမှာ သေနတ်နှစ်လက်ကို အသုံးပြုခဲ့ပြီး နှစ်လက်စလုံးဟာ သူ့ရဲ့ဖခင်ပိုင်တွေဖြစ်တယ်လို့လည်း Abbot က ပြောပါတယ်။ ဒါပေမဲ့လည်း သားဖြစ်သူ သေနတ်ယူသွားတာကို ဖခင်သိသလား ဆိုတာကတော့ ရှင်းရှင်း လင်းလင်း မရှိသေးဘူးလို့ပြောပါတယ်။ ဘာ့ကြောင့် အခုလိုပစ်ခတ်တယ်ဆိုတာကိုလည်း ရှင်းရှင်း လင်းလင်း မသိရသေးပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG