သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းအာဏာသိမ်း စစ်ခေါင်းဆောင် ဘုရင်အတည်ပြုချက်ရယူ


ထိုင်းအာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ် Prayuth Chan-ocha ထိုင်းဘုရင့်ပန်းချီကားချပ်ရှေ့မှာ စစ်ကောင်စီအကြီးအကဲရာထူးကို ထောက်ခံမှု ရယူစဉ်။
ထိုင်းအာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ် Prayuth Chan-ocha ထိုင်းဘုရင့်ပန်းချီကားချပ်ရှေ့မှာ စစ်ကောင်စီအကြီးအကဲရာထူးကို ထောက်ခံမှု ရယူစဉ်။
ထိုင်းစစ်တပ် အာဏာသိမ်းခေါင်းဆောင် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Prayuth Chan-ocha က တိုင်းပြည်ကို စီမံခန့်ခွဲမယ့် စစ်ကောင်စီ အကြီးအကဲ ရာထူးကို ဘုရင့်ရဲ့ တရားဝင် ထောက်ခံမှုနဲ့ ရယူခဲ့တာလို့ ပြောလိုက်ပါတယ်။

"ကျေးဇူးပြုပြီး စိတ်အေးအေး ထားကြပါ။ ဒါဟာ စစ်တပ်ကောင်းစားဖို့ လုပ်နေတာ မဟုတ်ပါဘူး။ ထိုင်းပြည်သူတွေရဲ့ ဂုဏ်သိက္ခာ နဲ့ အကျိုးကို ကာကွယ်ဖို့ ဖြစ်ပါတယ်။ ကျနော်တို့ ဘယ်လိုမှ ဝင်မပါလို့ မဖြစ်လို့ပါ။ တိုက်ခိုက်မှုတွေ ရပ်ပြီး စေ့စပ်ညှိနှိုင်း အဖြေရှာရေး လုပ်ဆောင်သွားကြရမှာဖြစ်ပါတယ်။" လို့ ဗိုလ်ချုပ်ကြီး Prayuth Chan –ocha ပြောသွားတာပါ။

နိုင်ငံရေး ဆန္ဒပြပွဲတွေ နောက်တကြိမ် ပြန်ပြီး ထကြွလာရင် အင်အားသုံးဖို့ကလွဲလို့ တခြား ရွေးစရာမရှိဘူးလို့လည်း ရုပ်မြင်သံကြားကနေ ထုတ်လွှင့်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဗိုလ်ချုပ်ကြီး Prayuth Chan-ocha က ပြောပါတယ်။ တနင်္ဂနွေနေ့က နိုင်ငံတဝှမ်းမှာ ဆန္ဒပြသူတွေနဲ့ စစ်တပ်ကြား ထိပ်တိုက် ရင်ဆိုင်မှုတွေ ဆက်တိုက် ဖြစ်ပွားခဲ့ပြီးတဲ့နောက် မစ္စတာ ပရာရွတ်က ခုလို သတိပေးလိုက်တာ ဖြစ်ပါတယ်။

ဒီအတောအတွင်း ထိန်းသိမ်းခံထားရတဲ့ ဝန်ကြီးချုပ်ဟောင်း ယင်းလပ်ရှင်နဝပ်ကို ပြန်လွှတ်ပေးခဲ့ပေမယ့် လွတ်လွတ်လပ်လပ် သွားလာခွင့် ရှိမရှိ ဆိုတာကိုတော့ အခုချိန်ထိ အတိအကျမသိရသေးပါဘူး။ အလားတူ အတိုက်အခံခေါင်းဆောင် ဆူသက်ပ် သောင်ဆူဘန်ကိုလည်း အမာခံနဲ့ ပြန်လွှတ်ခဲ့ပါတယ်။

မစ္စတာ ပရာရွတ် ဝန်ကြီးချုပ်အဖြစ် ကြေညာခဲ့ပြီး နောက်တနေ့ စနေနေ့မှာ ပြည်သူတွေ ရွေးကောက် တင်မြှောက်ထားတဲ့ အမတ်တချို့ ပါဝင်တဲ့ လွှတ်တော်ကိုလည်း စစ်တပ်က ဖျက်သိမ်းလိုက်ပါတယ်။ ရွေးကောက်ပွဲတွေ အတတ်နိုင်ဆုံး အမြန်ဆုံး ကျင်းပပေးသွားမယ်လို့ မစ္စတာ ပရာရွတ် က ပြောခဲ့ပေမယ့် ဘယ်တော့လဲ ဆိုတာကိုတော့ သူက ပြောမသွားခဲ့ပါဘူး။ တိုင်းပြည် အာဏာသိမ်းလိုက်တဲ့ ထိုင်းစစ်တပ်ကို နိုင်ငံတကာကတော့ ပြစ်တင်ဝေဖန်နေကြပါတယ်။
XS
SM
MD
LG