သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Pita Limjaroenrat အစိုးရဖွဲ့ဖို့ မဟာမိတ် ၈ပါတီ ဆက်ထောက်ခံ


Pita Limjaroenrat
Pita Limjaroenrat

ပြီးခဲ့တဲ့ထိုင်းရွေးကောက်ပွဲမှာ အများစုအနိုင်ရထားတဲ့ Move Forward Party ရှေ့သို့ချီပါတီခေါင်းဆောင် Pita Limjaroenrat ကို ပြီးခဲ့တဲ့အပတ် လွှတ်တော်မှာ ဝန်ကြီးချုပ်ရွေးချယ်မှု မဲခွဲရာမှာ ရှုံးနိမ့်ခဲ့ပေမယ့်၊ သူ့ရဲ့မဟာမိတ်ပါတီ ရှစ်ပါတီကတော့ သူ့ကို ဝန်ကြီးချုပ်အဖြစ် အစိုးရသစ်ဖွဲ့နိုင်ဖို့ ထောက်ခံထားတုန်းပဲလို့ Pita က တနင်္လာနေ့မှာ ပြောပါတယ်။ ရှေ့သို့ချီပါတီခေါင်းဆောင် Pita ပါတီဟာ ပြီးခဲ့တဲ့မေလ ၁၄ ရွေးကောက်ပွဲမှာ အများစုအနိုင်ရထားပေမယ့်လည်း၊ တည်ဆဲဖွဲ့စည်းပုံအရ ရွေးကောက်ခံ အောက်လွှတ်တော်ရော စစ်တပ်ကခန့်ထားတဲ့ အထက်လွှတ်တော်ပါပေါင်းတဲ့ အမတ်တဝက်ကျော်ရဲ့ ထောက်ခံမဲမရတာကြောင့် ဝန်ကြီးချုပ်အဖြစ် ပထမအကြိမ်မဲခွဲမှုမှာ ရှုံးနိမ့်ခဲ့ရတာပါ။

ဒါပေမယ့် အခု ဗုဒ္ဓဟူးနေ့မှာတော့ နောက်တကြိမ် လွှတ်တော်နှစ်ရပ်ပေါင်းပြီး ဒုတိယအကြိမ်မဲခွဲဖို့ ရှိနေပါတယ်။ ဝန်ကြီးချုပ်အဖြစ် သူ့ကိုလျာထားမှုကို အထက်လွှတ်တော်ကနေ ထပ်ပြီး ပိတ်ပင်ထားလို့ မရနိုင်ဘူးလို့ Mr. Pita က သူ့ မဟာမိတ်တွေနဲ့ စည်းဝေးအပြီး ပြောဆိုတာပါ။ သူနဲ့ပတ်သက်လို့ ထိုင်းဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးကို တိုင်ကြားထားမှုကြောင့်လည်း သူ့ကို ဝန်ကြီးချုပ်အဖြစ် လျာထားချက်ထိခိုက်စေမှာမဟုတ်ဘူးလို့ ပြောပါတယ်။

ဒါပေမယ့်လည်း ဒီတခေါက် မဲခွဲမှုမှာ ထပ်ပြီး ရှုံးနိမ့်မယ်ဆိုရင် သူ့မဟာမိတ်ပါတီတခုဖြစ်တဲ့ The Pheu Thai ပါတီကို အစိုးရဖွဲ့စေဖို့ အလှည့်ပေးမယ်လို့ ပြောပါတယ်။ တိုင်းပြည်ကို ငဲ့ကွက်သောအားဖြင့် သူအနေနဲ့ ဘေးဖယ်ပြီး ဒုတိယအများစုအနိုင်ရပါတီဖြစ်တဲ့ Pheu Thai ပါတီကု အစိုးရဖွဲ့နိုင်ဖို့ အလှည့်ပေးမှာဖြစ်တယ်လို့ အသက် ၄၂နှစ်အရွယ် Pita က သတင်းထောက်တွေကို ပြောပါတယ်။ ပြီးခဲ့တဲ့ အပတ်ဝန်ကြီးချုပ်အဆိုပြုမှု မဲခွဲရာမှာ Pita က ၃၂၄ မဲ ထောက်ခံမှုရပေမယ့် အထက်လွှတ်တော်က သူ့ကို ထောက်ခံမဲပေးသူက ၁၃မဲပဲ ရှိခဲ့ပါတယ်။

Pita ရဲ့ မဲဆွယ်စည်းရုံးမှုအတွင်း ထိုင်းနိုင်ငံပြုပြင်ပြောင်းလဲရေးအစီအစဉ်တွေအပေါ် ထိုင်းလူငယ် အများအပြားရဲ့ ထောက်ခံမှုရခဲ့ပါတယ်။ အဲဒီ ပြောင်းလဲရေးအစီအစဉ်တွေထဲ ထိုင်းတော်ဝင်မိသားစုကို ထိပါးစော်ကားမှုတားမြစ်ထားတဲ့ ဥပဒေပြင်ဆင်ဖို့လည်းပါဝင်ပြီး ဒီအချက်ကပဲ Pita ဝန်ကြီးချုပ်ဖြစ်ရေး အထက်လွှတ်တော်မဲတွေရဖို့ အကြီးမားဆုံးစိန်ခေါ်ချက်ဖြစ်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG