သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းတောင်ပိုင်းကမ်းရိုးတန်း သင်္ဘောမှောက် ၅၃ ဦးပျောက်ဆုံး


ထိုင်းနိုင်ငံ တောင်ဘက် ကမ်းရိုးတန်းမှာ ကြာသပတေးနေ့က ကမ္ဘာလှည့် ခရီးသွားတွေ လိုက်ပါလာတဲ့ သင်္ဘောတစင်း တိမ်းမှောက်သွားခဲ့ပြီး လူပေါင်း ဒါဇင်နဲ့ချီ ပျောက်ဆုံးနေတယ်လို့ ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။

တရုတ်ခရီးသွား အများစုလိုက်ပါလာတဲ့ သင်္ဘောဟာ ဖူးကက်ကျွန်း နားမှာ တိမ်းမှောက်သွားခဲ့တာပါ။ ညပိုင်းမှာတော့ ပျောက်ဆုံး ခရီးသွားတွေကို ရှာဖွေမှု ခဏရပ်ဆိုင်းထားပြီး မနက်မှာ ရှာဖွေတဲ့ လုပ်ငန်း ပြန်စမယ်လို့ ခရိုင်အုပ်ချုပ်ရေးမှုး Norraphat Plodthong က သတင်းထောက်တွေကို ပြောပါတယ်။ အခုထိ ပျောက်ဆုံးနေတဲ့ ခရီးသည်က ၅၃ ယောက် ရှိနေသလို လူပေါင်း ၄၈ ယောက်ကို ပြန်ကယ်ဆယ် နိုင်ခဲ့တယ်လို့ ပြောပါတယ်။

ပထမ လှိုင်းလုံးရိုက်တာ ခံခဲ့ရတဲ့နောက် ရေစုပ်ထုတ်ပစ်တဲ့ သင်္ဘောအင်ဂျင်ထဲကို အမှိုက်သရိုက်တွေ ဝင်သွားခဲ့တယ်လို့ သင်္ဘော ကက်ပတိန် Phoenix Somjing Boontham ကပြောပါတယ်။ ဒါ့အပြင် လှိုင်းဒဏ်ခံရတဲ့ သင်္ဘောကလည်း ပြန်ငြိမ်အောင် အမြန်မထိမ်းနိုင်ခဲ့ ပဲ နောက်ထပ် လှိုင်းတွေ ဆင့်ကဲဆင့်ကဲ ရိုက်လာချိန်မှာ သင်္ဘောက တဖက်ကို တိမ်းစောင်းသွားပြီး မှောက်သွားတာလို့ ပြောပါတယ်။

ဖူးကက် ကမ်းလွန်နေရာမှာပဲ အစောပိုင်းတုန်းကလည်း တရုတ်နဲ့ ဥရောပ ခရီးသွား ၃၉ ယောက် လိုက်ပါလာတဲ့ နောက်သင်္ဘော တစင်း တိမ်းမှောက်ခဲ့ပေမယ့်အဲဒီ သင်္ဘောပေါ်က နိုင်ငံခြား ခရီးသွား တွေကိုတော့ ပြန်ကယ်ဆယ်နိုင်ခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

အဲဒီဒေသမှာ ရာသီဥတုဟာ နောက်သီတင်းပတ် အင်္ဂါနေ့အထိ ဆိုးဝါးနိုင်တယ်လို့ ခန့်မှန်းထားကြောင်း အုပ်ချုပ်ရေးမှုး Norraphat နဲ့ ဖူးကက် က အရာရှိတွေက ပြောကြားခဲ့ပြီး ဒေသခံတွေအတွက် မုန်တိုင်း သတိပေးချက် ထုတ်ပြန်ထားပါတယ်။

ဖူးကက် ကျွန်းဟာ နိုင်ငံခြားခရီးသွားတွေ အလာများတဲ့ နေရာဖြစ်ပြီး ဒီနှစ်ထဲ ထိုင်းနိုင်ငံကို လာရောက်လည်ပတ်မယ့် ခရီးသွားက ၃၅ သန်း လောက် ရှိမယ်လို့ ခန့်မှန်းထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG