သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းလူသတ်မှု စွပ်စွဲခံနှစ်ဦး ရုံးထုတ်ရမန်ယူ


ထိုင်းနိုင်ငံအတွင်း ဗြိတိသျှလူမျိုးနှစ်ဦး သတ်မှုနဲ့ စွပ်စွဲခံရသူ မြန်မာအလုပ်သမားနှစ်ဦး။ (ရှေ့တန်းမှ ဆိုင်ကယ်ဦးထုတ်များနှင့်)
ထိုင်းနိုင်ငံအတွင်း ဗြိတိသျှလူမျိုးနှစ်ဦး သတ်မှုနဲ့ စွပ်စွဲခံရသူ မြန်မာအလုပ်သမားနှစ်ဦး။ (ရှေ့တန်းမှ ဆိုင်ကယ်ဦးထုတ်များနှင့်)

ထိုင်းနိုင်ငံ၊ ကော့တောင်လို့ခေါ်တဲ့ လိပ်ကျွန်းမှာ အသတ်ခံရသူ ဗြိတိသျှနိုင်ငံသားနှစ်ဦးနဲ့ပတ်သက်လို့ တရားခံတွေအဖြစ် စွပ်စွဲခံရသူ မြန်မာအလုပ်သမားနှစ်ဦးကို ရိုက်နှက်စစ်ဆေးမှုတွေရှိတဲ့အကြောင်း ပြန်လွတ်လာသူတစ်ဦးက ပြောပါတယ်။ ဒီကနေ့ ရုံးထုတ် ရမန်ယူခဲ့ကြတဲ့ မြန်မာနိုင်ငံသားတွေကို အခုလို လူသတ်မှုနဲ့စွဲဆိုခံရတဲ့အပေါ် မြန်မာသံရုံးဘက်က စုံစမ်းစစ်ဆေးအုံးမှာဖြစ်ကြောင်း ပြောပါတယ်။ အပြည့်အစုံကို ဆက်သွယ်စုံစမ်းထားတဲ့ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

အခု စွပ်စွဲခံရသူ မြန်မာအလုပ်သမား နှစ်ဦးဟာ စက်တင်ဘာ ၁၆ ရက် DNA စစ်ဆေးမှုမှာ ပါဝင်ခဲ့ပြီး ပြန်လွှတ်ပေးထားသူများ ဖြစ်ကြပါတယ်။ သူတို့ကို ဒုတိယအကြိမ်ဖမ်းဆီးပြီး အခု တရားခံတွေအဖြစ် ထိုင်းရဲတွေက ထုတ်ဖော် ပြောဆိုခဲ့တာပါ။ သူတို့နဲ့အတူ ဖမ်းဆီးခံထားရသူတွေကို အောက်တိုဘာ ၃ ရက်နေ့က ပြန်လွှတ်ပေးလိုက်ပြီး တရားခံအဖြစ် စွပ်စွဲခံရသူတွေဟာ စစ်ဆေးမေးမြန်းမှုတွေအတွင်း ရိုက်နှက်ခံရတာတွေ ရှိတဲ့အကြောင်း သူတို့နဲ့ နီးစပ်တဲ့ ကျွန်းပေါ်မှာ အလုပ်လုပ်နေသူ မြန်မာအလုပ်သမားတစ်ဦးက ပြောပြပါတယ်။

“လွန်ခဲ့တဲ့လေးရက်လောက်က သူတို့ကို ဖမ်းလိုက်တာ။ တစ်ယောက်က တော်တော်ကြီးကို အရိုက်ခံထားရတာပေါ့။ ဒါပေမယ့် သတင်းထဲမှာ အဲဒီကောင် ပုံမထွက်ဘူး။ သုံးယောက်ဖမ်းပြီးတော့ နှစ်ယောက်ပုံပဲ ထွက်တယ်။ ရဲစခန်းထဲမှာ မသင်္ကာလို့ ဖမ်းထားတာ ဆယ်ယောက်လောက် ရှိတယ်။ မသင်္ကာပြီးဖမ်းထားတဲ့သူတွေကိုတော့ မနေ့ညက ပြန်လွှတ်လိုက်တယ်။ သူတို့ကပြန်ပြောပြတာ။ အဲဒီ (သူတွေက) အချုပ်ခန်းထဲက မြင်နေရတာ။ သူတို့ကို ထုတ်သွားလိုက်၊ ရိုက်လိုက် မြင်နေရတာကို သူတို့က ပြောပြတာ။ ဟုတ်ပါတယ်ဆို ဝန်ခံလိုက်တယ်ဆိုပြီးမှ ဘယ်ပုံ ဘယ်နည်းလုပ်တယ်- ဘာညာဆိုပြီးတော့ အမလည်း တွေ့မှာတော့ သတင်းစာထဲမှာ တောင်ပြ၊ မြောက်ပြ၊ ရဲက ဒီဘက်ပြ၊ သူတို့က ဟိုဘက်ပြဖြစ်နေတာ။ အဲဒါနဲ့ သူတို့ကို မနေ့က ကော့စမွီအကျဉ်းထောင်ကို ခေါ်သွားပြီးတော့ ဒီနေ့ သူတို့ကို တရားရုံးထုတ်တယ်။ ရမန်ယူဖို့ပေါ့။”

အဓမ္မပြုကျင့် အသတ်ခံရတယ်လို့ ယူဆထားတဲ့ ဗြိတိန်နိုင်ငံသူရဲ့ ကိုယ်ခန္ဓာမှာ တွေ့ရတဲ့ DNA ၂ မျိုးအရ အာရှနိုင်ငံသားတွေဖြစ်တယ်လို့ ထိုင်းရဲတွေက စက်တင်ဘာလ ၂၀ ရက်နေ့ကတည်းက ကောက်ချက်ချထားခဲ့တာပါ။ ထိုင်းနိုင်ငံ၊ မြန်မာသံရုံးက အလုပ်သမား သံအရာရှိ ဦးသိန်းနိုင်ကတော့ ခိုင်မာတဲ့ စုံစမ်းစစ်ဆေးမှုတွေ လုပ်သွားမှာဖြစ်ကြောင်း ပြောပါတယ်။

အဲဒီ DNA ဟာ ဘယ်ကရတဲ့ DNA လဲ။ အဲဒါကို ခိုင်မာအောင်တော့ ကျနော်တို့ကလည်း သံအမတ်ကြီးကတော့ ဥပဒေကြောင်းအရ ဆောင်ရွက်နေပါတယ်။ ကျနော်တို့ကတော့ တကယ်လို့ ကိုယ့်ဘက်က အစွပ်စွဲခံရတယ်၊ မဟုတ်ဘူးဆိုလို့ရှိရင်လည်းပဲ ကျနော်တို့က တရားဝင်ဖြစ်စေရမှာပေါ့နော်။ အဲဒါလေးတွေကို ကျနော်တို့က ဆောင်ရွက်နေပါတယ်။”

လိပ်ကျွန်းမှာရှိတဲ့ မြန်မာနိုင်ငံသားအများစုကတော့ အခု စွပ်စွဲခံထားရတဲ့ လူငယ်တွေက ဒီလို သတ်ဖြတ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်ကို မယုံကြည်နိုင်ကြဘဲ ဖြစ်နေသလို မြန်မာသံရုံးကနေ ဒီအမှုမှန်ပေါ်ရေး သေချာ စိစစ်ဆောင်ရွက်ပေးစေချင်တယ်လို့ ပြောကြပါတယ်။ အခုဆိုရင် ဖမ်းဆီးမှုက ပြန်လည် လွတ်မြောက်လာ သူတွေရော၊ လက်ရှိနေထိုင်နေသူ မြန်မာနိုင်ငံသားတွေဟာ ကြောက်ရွံ့ထိတ်လန့်မှုတွေ ရှိနေကြပါတယ်။ အောက်တိုဘာ ၃ ရက်နေ့က လိပ်ကျွန်းပေါ်မှာ မှုခင်းမှတ်တမ်းတွေရယူဖို့ တရားခံတွေကို လိုက်လံပြသခိုင်းချိန်မှာ အရပ်သားတွေက သူတို့မြင်တွေ့ရတဲ့ သံသယဖြစ်စရာ မြင်ကွင်းတွေ အကြောင်း အခုလို ပြောပြပါတယ်။

“ဒီကောင်လေးတွေ လူသတ်တဲ့ပုံစံတွေ လုပ်ပြနေတာက ပိုပြီး သံသယရှိတယ်ဗျ။ ဒီကောင်လေးတွေက ဒီ ဘက်ထိုးပြ၊ ဒီဘက်ထိုးပြတယ်။ စကားပြန်က ဟ- အဲဒီဘက် မဟုတ်ဘူး၊ ဟိုဘက်… အဲဒီလိုမျိုးတွေပေါ့။ ပုလိပ်နဲ့ စကားပြန်နဲ့ လူသတ်တဲ့တရားခံတွေဟာ တယောက်နဲ့တယောက်ကို အချက်အလက်တွေ ကွဲပြားနေတာပေါ့နော်။”

လိပ်ကျွန်းလူသတ်မှုဟာ ရက်အတော်ကြာတဲ့အထိ အမှုမှန်မပေါ်နိုင်တဲ့အတွက် ရဲတွေအနေနဲ့လည်း ဖိအားပေးတာ၊ ဝေဖန်တာတွေကို ခံနေကြရပါတယ်။ အခု အမှုမှန်ပေါ်ပြီလို့ ပြောဆိုနေချိန်မှာပဲ ထိုင်းနိုင်ငံအတွင်းက မြန်မာပြည်သားတွေကတော့ ဝေဖန်မှုတချို့ရှိနေပြီး မယုံကြည်နိုင်ပဲဖြစ်နေသလို ကော့စမွီ အကျဉ်းထောင်ကို ပို့ဆောင်ခံထားရတဲ့ တရားခံအဖြစ် စွပ်စွဲခွံရသူတွေကတော့ သူတို့ သတ်ခဲ့ကြောင်း ဝန်ခံနေကြပါတယ်။ ထိုင်းနိုင်ငံမှာရှိတဲ့ မြန်မာသံရုံးအနေနဲ့ အလုပ်သမားရေး ဆောင်ရွက်သူတွေ၊ ဥပဒေပညာရှင်တွေနဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေကတော့ ဒီအမှုနဲ့ပတ်သက်လို့ သေချာ စုံစမ်းစစ်ဆေးသွားနိုင်ရေးအတွက် တရားခံတွေအဖြစ် စွပ်စွဲခံထားရသူတွေကို မကြာခင်မှာ သွားရောက်တွေ့ဆုံကြဖို့ ရှိပါတယ်ရှင်။

XS
SM
MD
LG