သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြဝတီမြို့ ရေဘေးဒဏ်ကြောင့် ဒုက္ခသည်စခန်း ၉ ခုဖွင့်


မြဝတီမြို့က ဒုက္ခသည်များ (၉ နိုဝင်ဘာ ၂၀၁၀)
မြဝတီမြို့က ဒုက္ခသည်များ (၉ နိုဝင်ဘာ ၂၀၁၀)
သောင်ရင်းမြစ် မြစ်ရေလျှံတဲ့အတွက် မဲဆောက်-မြဝတီ နှစ်နိုင်ငံ နယ်စပ်တလျှောက် ထောင်နဲ့ချီရှိတဲ့ မြန်မာနိုင်ငံသားတွေဟာ ရေဘေးဒဏ်ကို ခံစားနေရပါတယ်။ မြဝတီမြို့ဘက်မှာတော့ ကယ်ဆယ်ရေးစခန်း ၉ ခု ဖွင့်ထားပေမဲ့ တမြို့လုံးနီးပါး ရေဘေးဒဏ် ခံနေရပါတယ်။ အပြည့်အစုံကိုတော့ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာ က သတင်းပေးပို့ခဲ့ပါတယ်။

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့နဲ့ မြဝတီမြို့မှာ မိုးသည်းထန်စွာ ရွာသွန်းမှုနဲ့ တောင်ကျရေ ကျဆင်းမှု၊ ဆည်ရေတွေ ဖောက်လုပ်လိုက်တဲ့အတွက်လည်း ရေဘေးဒဏ်ကို နှစ်နိုင်ငံနယ်စပ်မှာရှိတဲ့ ပြည်သူတွေ ခံစားနေရတာပါ။ ဒါပေမဲ့လည်း မြဝတီမြို့ဘက်မှာတော့ ဒုက္ခသည်စခန်း ၉ ခု ဖွင့်ထားပြီး ကယ်ဆယ်ရေး လုပ်ငန်းတွေ လုပ်နေပေမဲ့ လူတွေအများအပြား နေထိုင်ဖို့ အခက်အခဲတွေရှိနေကြောင်း ရေဘေးဒဏ်ခံနေရတဲ့ မြဝတီမြို့ခံတဦးက ပြောပြပါတယ်။

“ပထမတုန်းက ကယ်ဆယ်ရေးစခန်းမှာ သွားနေတယ်။ အခုက ကယ်ဆယ်ရေးစခန်းမှာ နေလို့ မရတော့ဘူး။ ရေတွေ တအားပြည့်နေတယ်။ စခန်း ၉ ခုအပြင်ကို နောက်ထပ် ဒီလို အိမ်ငယ်တွေမှာလည်း အိမ်တွေကတော့ ပိုက်ဆံရှိတာမဟုတ်ပေမဲ့ အိမ်မြင့်မြင့်တွေ၊ မိုးရေလုံတဲ့၊ ရေမတက်ဘူးဆိုတဲ့ နေရာတွေက ကယ်ဆယ်ရေး စခန်းငယ်တွေလို အဲ့လို အကူအညီပေးထားတဲ့အိမ်တွေ အများကြီးရှိတယ်အမ။ ကယ်ဆယ်ရေးစခန်းတွေ အကုန်လုံး ပြည့်တဲ့အပြင် လမ်းဘေးတွေမှာ အဲ့ဒီ အမိုးရှိတဲ့ အိမ်တွေမှာ လူတွေ ငုတ်တုတ်နေနေရတယ်။ အာရှလမ်းမကြီးပေါ်တောင် ရေကျော်တယ်။ အမ ဆိုးတာပေါ့ အများကြီး။ ကျမတို့အိမ် ၂ ထပ်ကိုတောင် ဘယ်တုန်းကမှ ရေမှ မရောက်တာ။ အခုက အပေါ်ထပ်ထိတောင် ရောက်တယ်ဆိုတော့ ရေက မနည်းဘူးပဲ တက်မယ်။ ရေတက်တဲ့ဟာတွေ အကုန်လုံးလည်း ပိတ်ထားတယ်။ မတက်တဲ့ ကုန်းပေါ်က ကျောင်းတွေလည်း ပိတ်ထားတယ်။ ဘာဖြစ်လို့လဲဆိုတော့ ရေအတွက်နဲ့ ဘယ်သူမှ မလာနိုင်ကြဘူး။ ဟိုး မြို့လယ်ခေါင်က ဘယ်တုန်းကမှ ရေမတက်တဲ့ ဘုရားနားက နေရာတွေပါ အကုန်လုံး ပြောင်းပြေးရတာလေ။ တန်းလျားတွေဆို အကုန် မြုပ်ကုန်ပြီ။ ခေါင်တွေ မပေါ်တော့တဲ့ အိမ်တွေလည်း မပေါ်တော့ဘူး။ အကုန်လုံး ဒုက္ခရောက်တယ်။ ကျမတို့တောင်မှ ဘာပစ္စည်းမှ မပါဘူးအမ။ စောင်တထည်နဲ့ ဝတ်ဖို့ အဝတ်အစားပဲပါတယ်။ ကလေးငယ်နဲ့ဆိုတော့။ ဘာပစ္စည်းမှကို ကျမတို့ မသယ်နိုင်ဘူး။ သူတို့ သယ်ပေးတယ်ဆိုရင်တောင် ထားစရာ နေရာ မရှိဘူးအမ။ လူတယောက်ကို တဆွဲတပိုးနဲ့ ဆိုရင်တောင် လူတွေကလည်း ပြည့်။”

အမှတ် ၅ ရပ်ကွက်မှာဆိုရင် ကျွန်းတောဈေး၊ ရေပူဘုန်းတော်ကြီးကျောင်း၊ ကိုးနဝင်းကျောင်း၊ သမ္မတသုခ၊ ဖားခြောက်ကောင်၊ ရက်ကွက် ၃ မှာတော့ ဓမ္မရန်အောင်ဘုန်ကြီးကျောင်း၊ အမှတ် ၂ ရက်ကွက်မှာတော့ တေဇသက်ကီဘုန်းကြီးကျောင်း၊ အမှတ် ၄ ရက်ကွက်မှာတော့ တောရကျောင်း ကြခတ်တောကျောင်း၊ ကျောက်ဖျာဓမ္မာရုံတွေမှာ ဒုက္ခသည်စခန်းတွေ ဖွင့်ထားခဲ့တာပါ။

ဒါ့အပြင် ရေမဝင်တဲ့ ချန်းသာတဲ့ မိသားစုတွေ နေထိုင်ရာ အိမ်တွေမှာပါ ရေဘေး ဒုက္ခသည်တွေကို နေထိုင်ခွင့် ပေးထားပါ။ တမြို့လုံးနီးပါး ရေဘေးဒဏ် ကြုံနေရတဲ့ အတွက် တချို့လူတွေကတော့ လမ်းမေတွေပေါ်က အကာအကွယ်ရှိတဲ့ နေရာတိုင်းမှာ ခိုလှုံနေကြရပါတယ်။ အလားတူ မြဝတီ အင်ကြင်းမြိုင်ဆိုတဲ့ နေရာနဲ့နီးတဲ့ ထိုင်းနိုင်ငံဘက်ခြမ်း မယ်ကုမိုင် ဆိုတဲ့နေရာမှာလည်း ရာနဲ့ချီရှိတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေ နေထိုင်ရာ နေရာတွေမှာ တဲအိမ်တွေဟာ ရေစီးနဲ့အတူ မျောပါသွားခြင်း၊ အိမ်ခေါင်မိုးအထိ ရေနစ်မြုပ်တဲ့အတွက် ထိုင်းလူထုတွေထံမှာ အကူအညီတွေ တောင်းခံနေရပါတယ်။ မယ်ကုမိုင်ဘက်က ရွှေ့ပြောင်းမြန်မာ အလုပ်သမားတွေ ပြောပြတာကတော့ -

“ညနေ ၄ နာရီလောက်မှာ ရေတွေက ဒူးခေါင်လောက်အထိ ရှိတယ်။ ကျမတို့ကလည်း ဒီလောက်အထိ ရေတက်မယ်လို့ မထင်ဘူးပေါ့။ တဖြည်းဖြည်းနဲ့ ရေက ခါးစောင်းထိ ရှိလာတော့ နိုင်သလောက်လေးပဲ ရွှေ့ရတော့တယ်။ အဲ့အချိန်မှာ ၉ နာရီကျော် ၁၀ နာရီလောက် ရှိနေပြီ။ အဲ့လောက်ကျတော့ ကျမတို့လည်း လူပဲ ရုန်းရတော့တာပေါ့။ ရှိတဲ့ဆန်တွေကတော့ အကုန်လုံး ပါသွားတော့တာပေါ့။ အိမ်တွေကတော့ အကုန်မြုပ်တယ်အမ။ ခေါင်မိုးတွေမြုပ် တတောင်လောက်ပဲ ပေါ်တော့တယ်။ အိမ်နှစ်လုံးကတော့ မျောသွားတယ်။ ရွှေ့လိုက်လို့။ မရွှေ့လို့ရှိရင်တော့ လူ အသက်အန္တရာယ်ရှိတယ်လေ။ အားလုံးလည်း ဒုက္ခရောက်တာပေါ့နော်။ ရှိတဲ့ဟာတွေတော့ မျောတာပေါ့နော်။ တိရစ္ဆာန်တွေကအစပေါ့။ ဒါပေမဲ့ ဒီလိုမျိုး ကြုံဖူးတာကတော့ ၂ ခါရှိပါပြီ။ ဒီတခါကတော့ တော်တော်လေးကို အခက်အခဲ ကြုံရတယ်။ လူက အသက်နဲ့လုပြီးတော့ လာရတဲ့ ပုံစံမျိုးမှာ ရှိတာပေါ့။”

မြဝတီ - မဲဆောက်မြို့ဟာ နှစ်နိုင်ငံနယ်စပ် ကုန်သွယ်ရေးတွေ လုပ်တဲ့မြို့တွေ ဖြစ်တဲ့အတွက် တဘက်နဲ့တဘက် ကုန်ပစ္စည်းတွေကို တင်ပို့သိုလှောင်တဲ့ နေရာတွေ အများအပြား ရှိနေတာပါ။ ကုန်သည်တွေရဲ့ကုန်ပစ္စည်း သိုလှောင်တဲ့နေရာ တချို့လည်း ရေဘေးဒဏ် ခံရတဲ့အတွက် ကုန်ဈေးနှုန်းပါ ထပ်ကြီးလာမှာကို စိုးရိမ်မိတယ်လို့ မြဝတီမြို့က ပြည်သူတဦးက ဆက်ပြောသွားပါတယ်။

“ကုန်သည်တွေဆိုလည်း အများကြီး ဆုံးရှုံးတယ်လေ။ သိုလှောင်တဲ့ကုန်တွေဆို စိုရွှဲနစ်ကုန်ပြီဖြစ်တဲ့အတွက် ရှေ့ကိုတော့ သိပ်မမျှော်မှန်းရဲပါဘူး။ ကုန်ဈေးနှုန်းတွေ တက်မယ်လို့ ကျမတို့ ထင်တယ်လေ။ ဘာဖြစ်လို့လဲဆိုတော့ ဆိုင်တွေမှာလည်း ကုန်ပစ္စည်းတွေက တော်တော်များများ ကုန်ကုန်ပြီလေ။ ဆိုင်တွေဆို အများကြီးပဲ ရေမြုပ်သွားတယ်။ အိမ်တွေမှာ ရွှေ့ထားတဲ့ ပစ္စည်းတွေလည်း မြုပ်တယ်။ ဂိုဒေါင်က ပစ္စည်းတွေလည်း မြုပ်တယ်။ အိုးမဲ့ အိမ်မဲ့တွေလည်း တော်တော်များများ ဖြစ်နေပြီ။ အခုဆို သောင်စပ်က အိမ်တွေဆို အကုန်မျောတယ်။”

မိုးအဆက်မပြတ် ရွာသွန်းခြင်း၊ တောင်ကျရေ ကျဆင်းခြင်း၊ ဆည်ရေများ ဖောက်ထုတ်ခြင်းတွေကြောင့် နယ်စပ်တလျှောက်မှာ ရေဘေးဒဏ်ကို ကြုံနေကြရတာပါ။ မြဝတီမြို့ဘက်မှာ ဇူလိုင်လ ၂၉ ရက်နေ့ကထက် ဇူလိုင်လ ၃၀ ရက်နေ့က အခြေအနေ ပိုဆိုးလာတဲ့အကြောင်း မဲဆောက်မြို့ဘက်မှာတော့ ရေဆိုးရေညစ်တွေကို ဖောက်ထုတ်မှုတွေကြောင့် ဇူလိုင်လ ၂၉ ရက်နေ့ကထက်စာရင် မြို့ထဲက လမ်းမပေါ်မှာ ရေတွေ လျော့ကျသွားပြီး ကားအသွားအလာတွေ ပိုလုပ်လာနိုင်တာကို တွေ့ရပါတယ်။ ဒါပေမဲ့လည်း မိုးရေးမြစ်အနီး နယ်စပ်တလျှောက်မှာ နေထိုင်နေရတဲ့ နှစ်နိုင်ငံ ပြည်သူတွေကတော့ ရေဘေးဒဏ်ကို ခံစားနေရဆဲဖြစ်ပါတယ်။
XS
SM
MD
LG