သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းနဲ့ကမ္ဘောဒီးယားနယ်စပ် အပစ်ရပ်ဖို့သဘောတူ


ထိုင်းနဲ့ကမ္ဘောဒီးယားနယ်စပ် အပစ်ရပ်ဖို့သဘောတူ
ထိုင်းနဲ့ကမ္ဘောဒီးယားနယ်စပ် အပစ်ရပ်ဖို့သဘောတူ

အနည်းဆုံး စစ်သားတယောက် သေဆုံးခဲ့ရတဲ့ နှစ်နိုင်ငံ နယ်စပ်အငြင်းပွားမှုနဲ့ပတ်သက်လို့ တိုက်ပွဲတွေ ထပ်မံဖြစ်ခဲ့ပြီးတဲ့နောက် စနေနေ့မှာပဲ ထိုင်းနဲ့ကမ္ဘောဒီးယား နိုင်ငံတို့ဟာ အပစ်အခတ်ရပ်စဲရေးလုပ်ဖို့ သဘောတူခဲ့ကြပါတယ်။ ဒီအကြောင်း ဘန်ကောက် မြို့တော်ကနေ ဗွီအိုအေ သတင်းထောက် Ron Corben က သတင်းပေးပို့ထားတာကို မနန္ဒာချမ်း က အပြည့်အစုံ တင်ပြထားပါတယ်။

နှစ်နိုင်ငံ နယ်စပ်တလျှောက် ထိုင်းနဲ့ ကမ္ဘောဒီးယားတပ်တွေဟာ လက်နက်ကြီးတွေနဲ့ အပြန်အလှန် ပစ်ခတ်ခဲ့ကြပြီးတဲ့နောက်ပိုင်း မနေ့က စနေနေ့နှောင်းပိုင်းမှာတော့ ရေရေရာရာမရှိလှတဲ့ အပစ်အခတ် ရပ်စဲရေး ထွက်ပေါ်လာပါတယ်။ တနှစ်အတွင်း ဒီနယ်မြေမှာ ပထမဆုံး အသေအပျောက်တွေရှိခဲ့တဲ့ တိုက်ခိုက်မှုတွေ ဖြစ်ပွားရတဲ့အတွက် နှစ်နိုင်ငံ စစ်တပ်အရာရှိတွေကတော့ တဖက်ကိုတဖက် အပြစ်တင်နေ ကြတာပါ။ ထိုင်းအစိုးရပြောခွင့်ရသူ ပန်နိတန် ဝါတန်ရာဂွန် ကတော့ စစ်တပ်မှာ ပစ်ခတ်ခွင့်အတွက် တိတိကျကျ သတ်မှတ်ပြဌာန်းထားတာတွေ ရှိတဲ့အကြောင်းနဲ့ ဒါကိုလည်း ကမ္ဘောဒီးယားနိုင်ငံကို အသိပေးထားတယ်လို့ ဆိုပါတယ်။

“စစ်ဘက်ဆိုင်ရာ ပစ်မှတ်တွေကို တိုက်ခိုက်ခံရတဲ့အခါမျိုးကိုသာ ဘယ်လိုလက်တုံ့ပြန်ရမလဲ ဆိုတာကို ကျနော်တို့က ညွှန်ကြားထားပြီးသား ဖြစ်ပါတယ်။ ဒီရည်ရွယ်ချက်နဲ့ပတ်သက်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက တာဝန်ရှိသူတွေအနေနဲ့ ကမ္ဘောဒီးယားနိုင်ငံက ရှင်းရှင်းလင်းလင်းသိနိုင်အောင် ဆက်သွယ်အကြောင်းကြားဖို့ အတွက်လည်း ဝန်ကြီးချုပ်က ပြောထားပါတယ်။ ငြိမ်းချမ်းတဲ့ အဖြေတရပ်ရဖို့အတွက်လည်း ကမ္ဘောဒီးယား နိုင်ငံနဲ့ အတူပူးတွဲ ဆောင်ရွက်သွားနိုင်မယ်လို့လည်း ဝန်ကြီးချုပ်က မျှော်လင့်ထားတာပါ။ နှစ်ဘက်စလုံးမှာ ထိခိုက်ဒဏ်ရာရတာတွေ ရှိခဲ့တဲ့အတွက်ကတော့ ဝမ်းနည်းစရာ ဖြစ်ပါတယ်။”

ထိုင်း-ကမ္ဘောဒီးယား နှစ်နိုင်ငံနယ်စပ်က အချေအတင်ဖြစ်နေတဲ့ နေရာက နှစ်ပေါင်း ၉၀၀ သက်တမ်းရှိပြီ ဖြစ်တဲ့ ပရဝိဟာရ (Preah Vihear) ဘုရားကျောင်းအနီးမှာ ပြီးခဲ့တဲ့သောကြာနေ့နှောင်းပိုင်းက တိုက်ပွဲတွေ စတင်ဖြစ်ပွားခဲ့တာပါ။ ရှေးဟောင်း ဟိန္ဒူဘုရားကျောင်းကို ပိုင်ဆိုင်နိုင်ဖို့နဲ့ အငြင်းပွားစရာ နယ်မြေပိုင်နက် ကိစ္စတွေနဲ့ပတ်သက်ပြီး အိမ်နီးချင်းနှစ်နိုင်ငံကြားမှာ ဖြစ်ပွားတဲ့ တိုက်ပွဲတွေအနက် ဒါဟာနောက်ဆုံး ဖြစ်ရပ်တခုလည်း ဖြစ်ပါတယ်။ ကမ္ဘောဒီးယားရော ထိုင်းနိုင်ငံကပါ ဒီဘုရားကျောင်းကို သူပိုင်ကိုယ်ပိုင် တောင်းဆိုနေခဲ့ကြတာဖြစ်ပါတယ်။ ဒါပေမဲ့လည်း ၁၉၆၂ ခုနှစ် ကမ္ဘာ့ခုံရုံးကနေ ဒီဘုရားကျောင်းကို ကမ္ဘောဒီးယားက ပိုင်ဆိုင်ကြောင်း ဆုံးဖြတ်ထားခဲ့တာ ဖြစ်သလို ၂၀၀၈ ခုနှစ်မှာ ဒီဘုရားကျောင်းဟာ ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်တခုအဖြစ် ကြေညာထားခဲ့တာပါ။

ဒါပေမဲ့လည်း ဘုရားကျောင်းအနီး နယ်မြေကိုတော့ ၂ ဖက်အကြား သဘောတူညီမှု မရနိုင်သေးတဲ့အတွက် မကြာခဏဆိုသလို တိုက်ခိုက်မှုတွေ ဖြစ်ပွားလေ့ရှိပါတယ်။ နယ်စပ် အငြင်းပွားမှုတွေနဲ့ ပတ်သက်လို့ ထိုင်းဝန်ကြီးချုပ် အဘိဆစ် ဝိဂျာဂျီ၀ အနေနဲ့ ခပ်တင်းတင်း ကိုင်တွယ်ဖို့ နိုင်ငံရေးမှာ သြဇာညောင်းတဲ့ ထိုင်းအမျိုးသားရေးဝါဒီ အုပ်စုကတောင်းဆို ဆန္ဒပြမှုတွေ ထွက်ပေါ်ခဲ့တဲ့အတွက် မကြာသေးခင် ရက်တွေအတွင်း တင်းမာမှုတွေ ပိုပြီးကြီးထွားလာတာပါ။

နှစ်နိုင်ငံစလုံး အသင်းဝင်အဖြစ်ပါဝင်နေတဲ့ အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ထဲမှာ နိုင်ငံရေးအရ လုံခြုံစိတ်ချရမှုတွေ ရှိစေဖို့နဲ့ ဆက်ဆံရေးတွေ ပိုမိုတိုးမြှင့်သွားဖို့ အစီအစဉ်တွေအပေါ် အခုတိုက်ခိုက်မှုတွေက ထိခိုက်စရာတွေ ဖြစ်ခဲ့ရတယ်လို့လည်း နိုင်ငံရေးအကဲခတ်တွေက မြင်ကြပါတယ်။ အာဆီယံ အတွင်းရေးမှူးချုပ် ဆူရင် ပီဆူဝမ် ကလည်း ပဋိပက္ခဖြစ်ခဲ့တဲ့အပေါ် အလွန်အမင်း စိုးရိမ်မကင်းဖြစ်ရကြောင်း ပြောဆိုခဲ့သလို သွေးထွက်သံယိုမှုတွေကို ရပ်တန့်ဖို့နဲ့ ဆွေးနွေးမှုတွေ လုပ်ဖို့အတွက်လည်း တောင်းဆိုခဲ့တာပါ။ နှစ်ဖက်စလုံးကတော့ အာဆီယံအသင်းက ကြားဝင် စေ့စပ်ပေးဖို့အတွက် လိုလားပုံရတယ်လို့လည်း အတွင်းရေးမှူးချုပ်က ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG