ထိုင်းနဲ့ ကမ္ဘောဒီးယား နယ်စပ်မှာ နယ်မြေဒေသ ပိုင်ဆိုင်မှုနဲ့ ပတ်သက်ပြီး ဒီနှစ်အစောပိုင်းက နှစ်နိုင်ငံ တပ်ဖွဲ့တွေ တိုက်ပွဲတွေ ဖြစ်ကြတော့ ထိုင်းက ဆင့်ကွဲပေါက်ကွဲဗုံးတွေ အသုံးပြုခဲ့တယ်လို့ လွတ်လပ်တဲ့ လူ့အခွင့်အရေး အဖွဲ့တခုက ပြောပါတယ်။
ဆင့်ကွဲပေါက်ကွဲဗုံးတွေ ဆက်ပြီး အသုံးမပြုရေး လှုပ်ရှားနေတဲ့ CMC ဆင့်ကွဲပေါက် ခဲယမ်းများ ညွန့်ပေါင်းအဖွဲ့က တိုက်ပွဲတွေဖြစ်တဲ့ ဖရာ့ ဝိဟာရ (Preah Vihear) ဘုရားကျောင်း ပတ်ဝန်းကျင်မှာ စစ်ဆေးမှုတွေ နှစ်ခေါက်တောင် ပြုလုပ်ခဲ့ကြပြီး အဲဒီမှာ မပေါက်ကွဲရသေးတဲ့ ဗုံးတွေ အများအပြားနဲ့ ပေါက်ကွဲထားတဲ့ အရာတွေ တွေ့ခဲ့ရတယ်လို့ ပြောပါတယ်။
အဲဒီဗုံးတွေ အသုံးပြုခဲ့တယ် ဆိုတာကိုလည်း CMC နဲ့ အင်္ဂါနေ့က အစည်းအဝေးမှာ ထိုင်းအရာရှိတွေက အတည်ပြု ပြောကြားခဲ့တယ်လို့လည်း ဆိုပါတယ်။
ဆင့်ကွဲပေါက်ကွဲဗုံးနဲ့ ပတ်သက်လို့ ၂၀၁၀ မှာ ကမ္ဘာလုံးဆိုင်ရာ ပဋိညာဉ် စတင် အကျုံးဝင်ပြီး နောက်ပိုင်းမှာ ပေါက်ကွဲရင် နေရာအကျယ်ကြီးထဲမှာ လူတွေကို သေစေနိုင်၊ ဒဏ်ရာရစေနိုင်တဲ့ ဆင့်ကွဲပေါက်ကွဲဗုံး အသုံးပြုတာ ဒါ ပထမဆုံး အကြိမ်ပါလို့ CMC က ပြောပါတယ်။
ထိုင်းရဲ့လုပ်ရပ်ဟာ အလွန်အကျွံလုပ်ရပ် ဖြစ်တယ်လို့ CMC ညွှန်ကြားရေးမှူး လော်ရာ ချိစ်မန်း (Laura Cheeseman) က ပြောပါတယ်။ အဲဒီ ပဋိညာဉ်ကို နိုင်ငံပေါင်း ၅၀ ကျော်က အတည်ပြုခဲ့ကြပြီး နိုင်ငံ ၅၀ ကျော်ကတော့ လက်မှတ်မထိုးရသေး၊ ဒါမှမဟုတ် သဘောမတူကြသေးပါဘူး။
ထိုင်းကတော့ ကမ္ဘာလုံးဆိုင်ရာ မြေမြှုပ်မိုင်း တားဆီးရေးမှာ ဦးဆောင်ပါဝင်ပြီး ဆင့်ကွဲပေါက်ကွဲဗုံး ပဋိညာဉ်ကိုတော့ လက်မှတ်မထိုးရသေးပါဘူး။