သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘောဒီးယားနယ်စပ် ရှေးဟောင်း ဝိဟာရအရေး ထိုင်းနိုင်ငံ ဘဝင်မကျ


ကုလသမဂ္ဂရဲ့ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှုဆိုင်ရာ အဖွဲ့ (UNESCO) အနေနဲ့ ထိုင်းနိုင်ငံနဲ့ ကမ္ဘောဒီးယား ၂ နိုင်ငံကြားက ဟိန္ဒူဘုရားကျောင်း ပဋိပက္ခကို ကမ္ဘောဒီးယားဘက်က စီမံခန့်ခွဲမယ့်ကိစ္စကို ထောက်ခံသွားမယ်ဆိုရင် ထိုင်းနိုင်ငံအနေနဲ့ ယူနက်စ်ကို အဖွဲ့ကနေ နှုတ်ထွက်သွားမယ်လို့ ခြိမ်းခြောက်လိုက်ပါတယ်။ ဒီ ဟိန္ဒူဘုရားကျောင်းဟာ သက်တမ်းအားဖြင့် နှစ်ပေါင်း ၉၀၀ ရှိပြီ ဖြစ်ပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီးတော့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကနေ ဗွီအိုအေ သတင်းထောက် ရွန် ကော်ဘန် (Ron Corben) သတင်းပေးပို့ထားတာကို ကိုရန်နိုင်က တင်ပြပေးထားပါတယ်။

ယူနက်စ်ကိုခေါ် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှုဆိုင်ရာ အဖွဲ့ရဲ့ ဘုတ်အဖွဲ့က သက်တမ်းအားဖြင့် နှစ်ပေါင်း ၉၀၀ ရှိတဲ့ ခမာ ဘုရားရှိခိုးကျောင်းနဲ့ ပတ်သက်ပြီး ကမ္ဘောဒီးယား နိုင်ငံဘက်က အဆိုပြုတဲ့ စီမံခန့်ခွဲမှု အစီအစဉ်ကို မဲခွဲဆုံးဖြတ်ပြီး အတည်ပြုခဲ့မယ်ဆိုရင် ထိုင်းနိုင်ငံအနေနဲ့ ယူနက်စ်စကိုအဖွဲ့ကနေ နှုတ်ထွက်မယ်လို့ ခြိမ်းခြောက်လိုက်ပါတယ်။

ပရာဝိဟာ ဘုရားကျောင်း အနီးပတ်ဝန်းကျင်က ၂ နိုင်ငံ နယ်နိမိတ် အငြင်းပွားမှု ပြဿနာကို ဖြေရှင်းလို့ မပြီးမချင်း မဲခွဲဆုံးဖြတ်မယ့် ကိစ္စကို ရွှေ့ဆိုင်းဖို့ ထိုင်းအစိုးရက ယူနက်စ်ကို ကော်မတီအဖွဲ့ဝင် နိုင်ငံတွေကို စည်းရုံး ပြောဆိုခဲ့ကြပါတယ်။

ထိုင်းနိုင်ငံရဲ့ သဘာ၀ အရင်းအမြစ်ဆိုင်ရာ ဝန်ကြီး ဆူဝစ် ခွန်ကီတီ (Suvit Khunkiti) ဟာ အစည်းအဝေးကို တက်ရောက်ခဲ့ပြီး ကမ္ဘာ့ ရှေးဟောင်းအမွေအနှစ် ထိန်းသိမ်းရေး ကော်မတီကနေ ထိုင်းနိုင်ငံ နှုတ်ထွက်ဖို့ကိစ္စနဲ့ ပတ်သက်ပြီး ထိုင်းအစိုးရအဖွဲ့ရဲ့ ထောက်ခံမှုကို သူ့အနေနဲ့ အပြည့်အ၀ ရထားတယ်လို့ ထိုင်းအစိုးရရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ပံနိတန် ဝါတာနာရာဂွန်က ပြောပါတယ်။

“ဒီအစည်းအဝေးကနေ အစီအစဉ်ကို အတည်ပြုမယ်လို့ ဆုံးဖြတ်ခဲ့ရင် ဝန်ကြီး ခွန်ဆူဝစ် အနေနဲ့ ဒီအစီအစဉ်ကို ကန့်ကွက်နိုင်သလို မဲမပေးဘဲလည်း နေပိုင်ခွင့် ရှိပါတယ်။ သူ့ရဲ့ ကိုယ်ပိုင်အကြံအစည်၊ စိုးရိမ်မကင်း ဖြစ်ရတာတွေနဲ့ သူ့ရဲ့ဆန္ဒအတိုင်း လုပ်နိုင်ဖို့ အခွင့်အာဏာ အပြည့် ပေးခဲ့ပြီးသားပါ။ ကမ္ဘာ့ ရှေးဟောင်းအမွေအနှစ် ကော်မတီကနေ ထိုင်းနိုင်ငံက နှုတ်ထွက်သင့်မသင့် ဆိုတာကိုလည်း ထိုင်းအစိုးရက ပြန်ပြီး စဉ်းစားကောင်း စဉ်းစားနိုင်ပါတယ်။”

ပရာဝိဟာ ဘုရားကျောင်းဟာ ကမ္ဘောဒီးယားနိုင်ငံ နယ်နိမိတ်အတွင်းက ပေ ၁,၅၀၀ ကျော်မြင့်တဲ့ ဒန်းဂရက် တောင်ကြောပေါ်မှာ ရှိနေတာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီဘုရားကျောင်းကို ထိုင်းနိုင်ငံဘက် အခြမ်းကပဲ သွားလို့ရတာပါ။

ဒီဘုရားကျောင်းဟာ ကမ္ဘောဒီးယား နိုင်ငံဘက် အခြမ်းမှာ တည်ရှိတယ်လို့ အပြည်ပြည်ဆိုင်ရာ တရားရုံးက ၁၉၆၂ ခုနှစ်မှာ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါပေမဲ့လည်း ဘုရားကျောင်းဘေးမှာရှိတဲ့ မြေကွက်ကိုတော့ ဘယ်သူပိုင်တယ် ဆိုတာကို ဆုံးဖြတ်ချက် မချနိုင်ခဲ့ပါဘူး။ အဲဒီအချိန်ကစပြီး ဒီဘုရားကျောင်းကို ကမ္ဘာ့အမွေအနှစ်အဖြစ် ၂ နိုင်ငံစလုံးက ပူးတွဲ ထိန်းသိမ်း စောင့်ရှောက်နိုင်ဖို့ ထိုင်းနိုင်ငံဘက်ကလည်း ကြိုးပမ်းခဲ့တာ ဖြစ်ပါတယ်။

၂၀၀၈ ခုနှစ်မှာ ထိုင်းနိုင်ငံခြားရေးဝန်ကြီး နိုပဒန် ပထမ (Noppadon Pattama) ဟာ ဒီကိစ္စနဲ့ ပတ်သက်ပြီး ကမ္ဘောဒီးယားနိုင်ငံနဲ့ ပူးတွဲ လက်မှတ်ထိုးခဲ့တဲ့ အတွက် ထိုင်းတရားရုံးက ဖွဲ့စည်းပုံ အခြေခံဥပဒေကို ချိုးဖောက်တယ်လို့ ဆုံးဖြတ်ခဲ့တာကြောင့် ရာထူးကနေ နှုတ်ထွက်ခဲ့ရပါတယ်။ ဒီကိစ္စကြောင့် ဘုရားကျောင်းကို ကမ္ဘာ့အမွေအနှစ်အဖြစ် သီးခြား ထိန်းသိမ်းစောင့်ရှောက်ဖို့ ကမ္ဘောဒီးယားနိုင်ငံဘက်က လျှောက်ထားခဲ့ပါတယ်။

ပရာဝိဟာ ဘုရားကျောင်းကို ကမ္ဘာ့ရှေးဟောင်း အမွေအနှစ်အဖြစ်နဲ့ ၂၀၀၈ ခုနှစ်မှာ သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီအချိန်ကစပြီး ဒီဘုရားကျောင်းဟာ ၂ နိုင်ငံကြား အမျိုးသားရေး တင်းမာမှုတွေ ဖြစ်ပေါ်စေတဲ့ အရာလည်း ဖြစ်နေခဲ့ပါတယ်။ ထိုင်းနိုင်ငံမှာရှိတဲ့ အမျိုးသားရေးဝါဒီ အုပ်စုတွေက ဘန်ကောက်မြို့မှာရှိတဲ့ ယူနက်စ်ကို ရုံးအပြင်ဘက်မှာ အခုသီတင်းပတ် အစောပိုင်းက ဆန္ဒပြခဲ့ကြပါတယ်။

ယူနက်စ်ကိုအဖွဲ့ရဲ့ ညွှန်ချုပ် အရီနာ ဘိုကိုဗာက ဒီဘုရားကျောင်း လုံခြုံရေးအတွက် ဆွေးနွေး ပြောဆိုတာတွေ လုပ်ဖို့ တောင်းဆိုတဲ့ ကြေညာချက်တခုကို ထုတ်ပြန်လိုက်ပါတယ်။ ကမ္ဘာ့ရှေးဟောင်း အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့ကတော့ ပထမဆုံး အနေနဲ့ ဒေသတွင်း အမွေအနှစ်တွေကို ကာကွယ်ထိန်းသိမ်း စောင့်ရှောက်ပြီး မြှင့်တင် ဆောင်ရွက်သွားဖို့ ဖြစ်သလို ငြိမ်းချမ်းရေး အဓွန့်ရှည်စေဖို့နဲ့ စေ့စပ်ဆွေးနွေး ပြောဆိုမှုတွေလုပ်ဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။

XS
SM
MD
LG