သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းအာဏာသိမ်းဂယက် မြန်မာလုပ်သားများ အခက်ကြုံ


ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် တရားမဝင်ရွှေ့ပြောင်း အလုပ်သမားများကို ထိုင်းရဲများက ပြန်ပို့ရန်စီစဉ်နေစဉ်။
ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် တရားမဝင်ရွှေ့ပြောင်း အလုပ်သမားများကို ထိုင်းရဲများက ပြန်ပို့ရန်စီစဉ်နေစဉ်။
ထိုင်းနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် ထိုင်း-မြန်မာနယ်စပ် မဲဆောက်-မြဝတီဘက်က တရားမဝင် ကူးသန်းသွားလာတဲ့ဂိတ်တွေကို ပိတ်လိုက်တာကြောင့် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ အသွားအလာ အခက်အခဲဖြစ်ပြီး ဖမ်းဆီးခံရတာတွေလည်း ပိုများလာပါတယ်။

ဒီကနေ့မနက်ပိုင်းကပဲ မဲဆောက်မြို့ဘက်မှာ မြန်မာနိုင်ငံသား တရားမဝင် နေထိုင်သူ ၂၀၀ ကျော် အဖမ်းခံခဲ့ရပါတယ်။ တရားဝင် နေထိုင်လုပ်ကိုင်ခွင့် သက်တမ်းကုန်သူတွေကို သက်တမ်းတိုးပေးတဲ့လုပ်ငန်း ပြန်စနေတဲ့ကြားကပဲ အခုလို အခက်အခဲတွေနဲ့ အဖမ်းအဆီးတွေ ရှိနေတဲ့အကြောင်းကိုတော့ ဗွီအိုအေရဲ့ ထိုင်းအခြေစိုက် သတင်းထောက် မအေးအေးမာ က သတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံတွင်း စစ်အုပ်ချုပ်ရေးကာလမှာ နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးတွေ လုပ်တဲ့အနေနဲ့ ရွှေ့ပြောင်းအလုပ်သမားများ အများအပြားနေထိုင်ရာ ရပ်ကွက်ကျေးရွာတွေနဲ့ စက်ရုံတချို့မှာ အဖမ်းအဆီးတွေ လုပ်လာပါတယ်။ မေလ ၃ ရက်နေ့ မနက်ပိုင်းမှာတော့ မဲဆောက်မြို့ရဲ့ မယ်ပကျေးရွာ ဘန့်စောင်ခွဲ ဆိုတဲ့နေရာမှာ အဖမ်းအဆီးတွေ ရှိခဲ့တယ်လို့ ရွှေ့ပြောင်းအလုပ်သမားတဦး က ပြောပြပါတယ်။

“သူတို့က မနက်အစောကြီး ရောက်လာပြီးတော့ ဖမ်းတယ်လေ။ အိမ်တွေမှာရှိတဲ့ ကလေးတွေရော၊ လူကြီးတွေပါ အကုန်လုံး ဖမ်းတင်သွားတာပဲ။ စစ်သားတွေပါ။ စစ်သားရယ်၊ ပုလိပ်ရယ်၊ တောမော (လူဝင်မှုကြီးကြပ်ရေး) ရယ်။ ကားကတော့ အရပ်ကားတွေရော ဘာရော များပါတယ်၊ ဝိုင်းဖမ်းတာ။ ကားတွေက အများကြီးပဲ။ အစီး ၂၀-၃၀ လောက်ရှိမယ်။ လူကအားလုံး ၂၀၀ ကျော်လောက်တော့ ပါသွားတယ်၊ ကလေး၊ လူကြီး။ လက်မှတ်မရှိတဲ့ လူတွေချည်းပဲလေ။ မနက် ၄ နာရီခွဲ ၅ နာရီ လာဝိုင်းဖမ်းတာတော့ မနက်ပိုင်းက ကား ၂ စီးနဲ့ ပါသွားတယ်။ နောက် ၉ နာရီတုန်းက လူ ၈၀ လောက် တခါ ထပ် ပါသွားတယ်။ မယ်ပရပ်ကွက် (၁၀) ထဲမှာပါ။ အော်ပရေးရှင်း လုပ်တဲ့ပုံစံပါ။ ရပ်ကွက်တွေ၊ ရပ်ကွက်တွေ သူတို့နေ့တိုင်းဝင်မှာပါ။ အခုက သူတို့က ဟိုဖက်ကမ်းက လာတဲ့လူတွေက ဒီဖက်ကမ်းကို အောက်ဂိတ်တွေက အကုန်လုံး ပိတ်ထားတဲ့ အခါကျတော့ ဒီကရှိတဲ့လူတွေက သူတို့ရှင်းလင်းရေး လုပ်တဲ့ပုံစံပဲလား မသိပါဘူး။ ဘယ်လိုပုံစံလဲတော့ မသိပါဘူး။”

ထိုင်းနိုင်ငံ တာ့ခ်ခရိုင် မဲဆောက်မြို့ဟာ နှစ်နိုင်ငံ ကုန်ကူးသန်းရောင်းဝယ်မှုနဲ့ ကုန်သွယ်မှုတွေကို အဓိကထားတဲ့နေရာဖြစ်ပြီး နယ်စပ်တံတားကကော တရားမဝင် စစ်ဆေးရေးဂိတ်တွေကပါ ကုန်ပစ္စည်းတွေ တင်ပို့နေတာဖြစ်ပါတယ်။ ဒါ့အပြင် ထိုင်းနိုင်ငံထဲကို အလုပ်လုပ်ဖို့ လာကြသူတွေဟာလည်း နေ့စဉ် ရာပေါင်းများစွာ ဝင်ရောက်နေတဲ့ နေရာတွေလည်း ဖြစ်ပါတယ်။ စစ်တပ်က အုပ်ချုပ်နေတဲ့ကာလမှာ နှစ်နိုင်ငံ နယ်စပ်တံတားကိုသာ ဖွင့်ထားခဲ့ပြီး သောင်ရင်းမြစ်တလျှောက်မှာ ဖွင့်ထားတဲ့ တရားမဝင် လမ်းတွေကို ပိတ်ထားတာ ဖြစ်ပါတယ်။

တံတားပေါ်ကနေ နေ့စဉ်လာကြပေမဲ့ ပြန်တဲ့သူက နည်းနေတာကြောင့် မဲဆောက်ထဲမှာ တရားမဝင် လူတွေ ရှိနိုင်တယ်ဆိုပြီး လုံခြုံရေးအရ အဖမ်းအဆီးတွေကတော့ နေ့စဉ်လိုလို ရှိနေတတ်ပါတယ်။ ဒီထဲက လူအင်အားအများအပြားနဲ့ ကလေးလူကြီးမကျန် ဖမ်းဆီးတာကတော့ ဒီနေမှာ အများဆုံးလို့ ပြောလို့ရပါတယ်။ ဒါ့အပြင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့နဲ့နီးတဲ့ မဟာချိုင်နဲ့နယ်စပ် ရနောင်းမြို့ဘက်မှာလည်း အဖမ်းအဆီးတွေ ရှိနေပါတယ်။

ထိုင်းနိုင်ငံမှာရှိတဲ့ မြန်မာသံရုံးကတော့ ပြည်ဝင်ခွင့်ဗီဇာ သက်တမ်း ၄ နှစ်ပြည့်ပြီး သက်တမ်းတိုးလိုသူတွေအတွက် နိုင်ငံကူးလက်မှတ်တွေ ပြန်လုပ်ပေးနေပြီဖြစ်ကြောင်းကိုလည်း ဒီကနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။ နယ်စပ်တွေက One Stop Service တွေမှာသာမက မြန်မာသံရုံး သာမန်နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးဌာနကလည်း နိုင်ငံသားစိစစ်ရေးကဒ်နဲ့ အိမ်ထောင်စုဇယားနဲ့အတူ အထောက်အထား ပြည့်စုံသူတွေကို လက်မှတ်ထုတ်ပေးနေကြောင်း ထိုင်းနိုင်ငံ မြန်မာသံရုံးရဲ့ အလုပ်သမားသံအရာရှိ ဦးသိန်းနိုင်က အခုလို ပြောပြပါတယ်။

“ကျနော်တို့ နယ်စပ်တွေမှာ လုပ်ပေးနေပါပြီ။ ကျနော်တို့ ဘန်ကောက်မှာလည်း ကျနော်တို့က သာမာန်နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးနေရာမှာ ဌာနစိတ်ဖွင့်ထားတယ်။ အဲဒီမှာ အထောက်အထား ပြည့်စုံတယ် ဆိုရင်တော့ ကျနော်တို့ ဒီကနေမှ၊ ဘန်ကောက်သံရုံးမှာ ဖွင့်ထားတဲ့ သာမာန်နိုင်ငံကူးလက်မှတ် ထုတ်ပေးရေး ဌာနစိတ်ကနေမှ နိုင်ငံသား စိစစ်ရေးမှာ မှန်မမှန်ကို အတည်ပြုပြီးတော့မှ ဆောင်ရွက်ပေးနေပါတယ်။”

ထိုင်းနိုင်ငံထဲမှာ ရွှေ့ပြောင်းအလုပ်သမား ၂ သန်းခွဲကနေ ၃ သန်းလောက်ရှိတယ်လို့ နှစ်နိုင်ငံ အစိုးရတွေက ခန့်မှန်းနေကြပြီး နေ့စဉ် အလုပ်ရှာဖွေသူတွေ များနေတဲ့အတွက် ဒီထက်မက ပိုနိုင်တယ်လို့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေက ခန်းမှန်းနေကြတာပါ။

ထိုင်းနိုင်ငံတွင်းမှာ တရားဝင် ယာယီ နိုင်ငံကူးလက်မှတ်နဲ့ အလုပ်လုပ်ကြတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေဟာ ၄ နှစ် အလုပ်လုပ်ခွင့်ဗီဇာ သက်တမ်းကုန်သွားပေမဲ့ ထိုင်းနိုင်ငံရဲ့ နိုင်ငံရေး မတည်ငြိမ်မှုတွေကြောင့် ကြန့်ကြာနေခဲ့တာပါ။ အခု စစ်အုပ်ချုပ်ရေးကာလမှာတာ့ ထိုင်းနိုင်ငံဘက်က ရွှေ့ပြောင်းအလုပ်သမားတွေအတွက် အလုပ်လုပ်ခွင့် လက်မှတ်တွေကို သက်တမ်း ပြန်တိုးပေးနေပြီဖြစ်ကြောင်းလည်း သိရပါတယ်။
XS
SM
MD
LG