ထိုင်းနိုင်ငံမှာ ရွေးကောက်ပွဲ အနိုင်ရထားတဲ့ Move Forward ပါတီခေါင်းဆောင် Pita Limjaroenrat ကို ဝန်ကြီးချုပ်အဖြစ် နောက်တကြိမ် အဆိုပြုခွင့် လွှတ်တော်က တားမြစ်ထားတဲ့ ဆုံးဖြတ်ချက်ကို ပြန်လည်သုံးသပ်ပေးဖို့ လျှောက်လဲချက်ကို ဖွဲ့စည်းပုံအခြေခံဥပဒေရုံးက ဒီနေ့ပဲ ပယ်ချလိုက်ပါတယ်။ ဆုံးဖြတ်ချက်ထွက်လာပြီးနောက် လာမယ့် အင်္ဂါနေ့မှာ ဝန်ကြီးချုပ်သစ်အတွက် နောက်ထပ် မဲခွဲဖို့ရှိကြောင်း လွှတ်တော်ပြောခွင့်ရက ဒီနေ့ပဲ ကြေညာခဲ့တာပါ။
လက်ရှိမှာတော့ ထိုင်းနိုင်ငံဟာ အိမ်စောင့်အစိုးရလက်အောက်မှာ ငါးလကြာရှိနေပြီဖြစ်ပြီး ဘုရင်ကိုထောက်ခံတဲ့ စစ်တပ်နဲ့ မဟာမိတ်လွှတ်တော်အမတ်တွေက Move Forward ပါတီခေါင်းဆောင်ကို ဝန်ကြီးချုပ်အဖြစ် အဆိုပြုချက်ကို ပယ်ချခဲ့ပြီးနောက်ပိုင်းထဲက အစိုးရသစ်ဖွဲ့နိုင်ခြင်းမရှိသေးပါဘူး။
ဖွဲ့စည်းပုံအခြေခံဥပဒေ ခုံရုံးကတော့ ဝန်ကြီးချုပ်အဖြစ် နောက်ထပ် အဆိုပြုဖို့ကို လက်မခံဖို့ လူပုဂ္ဂိုလ် ၂၀ ကျော်က ကန့်ကွက်ထားတာကြောင့် အခုလို ဆုံးဖြတ်ရတာလို့ ပြောပါတယ်။ Move Forward ပါတီနဲ့ မဟာမိတ်တွေကတော့ ဝန်ကြီးချုပ်အဖြစ် နောက်တကြိမ် အဆိုပြုခွင့် မပေးဖို့ တားမြစ်ခဲ့တဲ့ ဇူလိုင်လ ၁၉ ရက်နေ့က လွှတ်တော်ဆုံးဖြတ်ချက်ဟာ ဥပဒေနဲ့ညီမညီ ပြန်လည်သုံးသပ်ပေးဖို့ လျှောက်လဲခဲ့ကြတာပါ။
လစ်ဘရယ်မူဝါဒရှိတဲ့ Move Forward ပါတီဟာ လူငယ်နဲ့မြို့ပြလူမှုအသိုင်းအဝိုင်းရဲ့ အားပေးထောက်ခံမှု အများအပြားကိုရရှိခဲ့ပြီး မေလရွေးကောက်ပွဲမှာ အနိုင်ရခဲ့တာလည်းဖြစ်ပါတယ်။ဒါပေမဲ့ ဘုရင်စနစ်ကို ဝေဖန်မှုတွေကနေ အကာအကွယ်ပေးဖို့ ရေးဆွဲထားတဲ့ ဥပဒေပြင်ဆင်ရေး အစီအစဉ်ကို ကျယ်ကျယ်ပြန့်ပြန့် ကန့်ကွက်မှုတွေနဲ့အတူ Move Forwards ပါတီဟာ အစိုးရဖွဲ့ဖို့ လုံလောက်တဲ့ ထောက်ခံမှုတွေ မရရှိခဲ့တာကြောင့် ထိုင်းနိုင်ငံရေးမှာ အခုအချိန်အထိ နိုင်ငံရေးပြဿနာတွေ ပေါ်ပေါက်နေတာ ဖြစ်ပါတယ်။