သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းဝန်ကြီးချုပ်သစ် ရွေးချယ်မယ့်အစီအစဉ် ရွှေ့ဆိုင်း 


Move Forward ပါတီခေါင်းဆောင် Pita Limjaroenrat ကို ထိုင်းလွှတ်တော်တွင်းတွေ့ရစဉ် (ဇူလိုင်၊ ၂၀၂၃)
Move Forward ပါတီခေါင်းဆောင် Pita Limjaroenrat ကို ထိုင်းလွှတ်တော်တွင်းတွေ့ရစဉ် (ဇူလိုင်၊ ၂၀၂၃)

ထိုင်းနိုင်ငံမှာ ဝန်ကြီးချုပ်သစ်အဖြစ်အဆိုတင်သွင်းထားသူကို လွှတ်တော်မှာ သောကြာနေ့ မဲခွဲဆုံးဖြတ်ဖို့စီစဉ်ထားပေမဲ့ ရွှေ့ဆိုင်းလိုက်တယ်လို့ အောက်လွှတ်တော်ဥက္ကဋ္ဌက ဒီနေ့ကြေညာပါတယ်။ ရွေးကောက်ပွဲအနိုင်ရ Move Forward ပါတီခေါင်းဆောင် Pita Limjaroenrat ကို ဝန်ကြီးချုပ်သစ်အဖြစ်လက်ခံမခံ ဒုတိယအကြိမ်မဲခွဲဖို့ လွှတ်တော်က ကန့်ကွက်ခဲ့တဲ့အပေါ် အယူခံတင်ထားတာကို ဖွဲ့စည်းပုံတရားရုံးက ဆုံးဖြတ်အပြီးမှာ လွှတ်တော်မှာ နောက်ထပ်မဲခွဲဖို့ ဆုံးဖြတ်မှာဖြစ်တယ်လို့ အောက်လွှတ်တော် ဥက္ကဋ္ဌက Wan Muhamad Noor Matha က ဒီကနေ့ပြောကြားခဲ့ပါတယ်။

အယူခံတင်ထားတာတွေကို လက်ခံ မခံ သြဂုတ်လ ၁၆ ရက်ကျရင် ကြားနာမယ်လို့ တရားရုံးကလည်း ဒီနေ့ ကြေညာချက်ထုတ်ပြန်ပါတယ်။ တကယ်လို့ အမှုကို ဆက်လက်ကြားနာဖို့ တရားရုံးက လက်ခံခဲ့ရင်တော့ တရားရုံးဆုံးဖြတ်ချက်ကျလာပြီးချိန်အထိ ဝန်ကြီးချုပ်သစ်ရွေးချယ်ဖို့ မဲခွဲမှုကို ဆိုင်းထားရမှာဖြစ်ပါတယ်။

မေလ ၁၄ ရက်နေ့က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ Move Forward ပါတီက အများစုအနိုင်ရခဲ့ပေမဲ့ အစိုးရဖွဲ့နိုင်လောက်တဲ့အထိ မဲမရခဲ့တာမို့ ဒုတိယမဲအများဆုံးရခဲ့တဲ့ Pheu Thai ပါတီအပါအဝင် တခြားပါတီတွေနဲ့ ညွန့်ပေါင်းဖွဲ့ခဲ့ရပါတယ်။ ထိုင်းဝန်ကြီးချုပ်ဟောင်း Thaksin Shinawatra ရဲ့ နိုင်ငံရေးပါတီကို အသွင်ပြောင်းထားတဲ့ Pheu Thai ပါတီက Move Forward ပါတီမပါဘဲ ညွှန်ပေါင်းအသစ်ဖွဲ့မယ်လို့ ဗုဒ္ဓဟူးနေ့က ပြောကြားပြီး အိမ်ခြံမြေလုပ်ငန်းသူဌေးကြီး Srettha Thavisin ကို ဝန်ကြီးချုပ်သစ်အဖြစ် အဆိုပြုတယ်လို့ ကြေညာခဲ့ပါတယ်။

ထိုင်းနိုင်ငံမှာ ဝန်ကြီးချုပ်သစ် တင်မြှောက်နိုင်ဖို့ မရေမရာ ဖြစ်နေတာမို့ ထိုင်းဘတ်ငွေဈေးတွေ ကျဆင်းနေပါတယ်။ ဝန်ကြီးချုပ်သစ်အတွက် လွှတ်တော်မှာ မဲခွဲမယ့်ရက်ကို ရွှေ့ဆိုင်းတယ်လို့ ဒီနေ့ ကြေညာချက်ထွက်လာခဲ့ပြီးနောက်မှာ ‌ဒေါ်လာငွေနဲ့ လဲလှယ်တဲ့ ထိုင်းဘတ်ငွေတန်ဖိုး ၁ ရာခိုင်နှုန်းကျော် ကျဆင်းသွားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG