သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အနိုင်ရပါတီခေါင်းဆောင် ဝန်ကြီးချုပ်အဖြစ် နောက်တကြိမ် ရွေးခွင့်မပြုဖို့ ထိုင်းလွှတ်တော်ဆုံးဖြတ်


ထိုင်းရွေးကောက်ပွဲအတွင်း မဲအများဆုံးနဲ့အနိုင်ရ Move Forward ပါတီခေါင်းဆောင် Pita Limjaroenrat ကို ဘန်ကောက်မြို့ ထိုင်းပါလီမန်ထဲတွင်တွေ့ရစဉ် (ဇူလိုင် ၁၉၊ ၂၀၂၃)
ထိုင်းရွေးကောက်ပွဲအတွင်း မဲအများဆုံးနဲ့အနိုင်ရ Move Forward ပါတီခေါင်းဆောင် Pita Limjaroenrat ကို ဘန်ကောက်မြို့ ထိုင်းပါလီမန်ထဲတွင်တွေ့ရစဉ် (ဇူလိုင် ၁၉၊ ၂၀၂၃)

ထိုင်းနိုင်ငံမှာ ရွေးကောက်ပွဲ အနိုင်ရ Move Forward ပါတီခေါင်းဆောင် Pita Limjareonrat ကို ဝန်ကြီးချုပ်ရာထူးအတွက် နောက်ထပ် ရွေးချယ်ခံခွင့် မရှိတော့ကြောင်း လွှတ်တော်က ဆုံးဖြတ်လိုက်ပါတယ်။ ဒုတိယအကြိမ် ရွေးချယ်ခံခွင့် မပြုဖို့ အဆိုကို ဒီကနေ့ အထက်နဲ့အောက် လွှတ်တော် ၂ ရပ်က ကိုယ်စားလှယ်တွေ ဆွေးနွေးပြီး မဲခွဲရာမှာ၊ အဆိုကို ထောက်ခံသူ ၃၉၅ မဲ ကန့်ကွက်သူ ၃၁၂ မဲ၊ မဲမပေးတဲ့သူ ၈ မဲနဲ့ နောက်ထပ် ရွေးချယ်ခွင့် မပေးဖို့ ဆုံးဖြတ်လိုက်တာပါ။

ဝန်ကြီးချုပ်ရာထူးအတွက် အဆိုပြုခံထားရတဲ့ တဦးတည်းသော ကိုယ်စားလှယ်ဖြစ်တဲ့ Move Forward ပါတီ ခေါင်းဆောင် Pita ကို ဒီကနေ့မှာပဲ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ တရားရုံးက လွှတ်တော်အမတ် အဖြစ်ကနေ ယာယီ ဆိုင်းငံ့ဖို့လည်း ဆုံးဖြတ်ခဲ့ပါတယ်။ Pita ဟာ မီဒီယာ လုပ်ငန်းတခုမှာ အစုရှယ်ယာတွေ ပိုင်ဆိုင်ထားတဲ့အတွက် ရွေးကောက်ပွဲ ဥပဒေတွေကို ချိုးဖောက်ရာ ရောက်တာကြောင့် ပြီးခဲ့တဲ့ မေလ ၁၄ ရက် ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖို့ အရည်အချင်း ပြည့်မီသူ မဟုတ်ဘူးလို့ ဆိုတဲ့ ရွေးကောက်ပွဲ ကော်မရှင်ရဲ့ တိုင်ကြားချက်ကို ဖွဲ့စည်းပုံတရားရုံးက လက်ခံခဲ့ပြီးတဲ့နောက် ဒီအမိန့်ကို ချမှတ်လိုက်တာပါ။

ဒီအမိန့် ထွက်လာပြီးမှာပဲ Pita ကို ထောက်ခံသူတွေ ဖွဲ့စည်းပုံတရားရုံးရှေ့မှာ မကျေမနပ် ဆန္ဒပြခဲ့ပါတယ်။ လူထု အများစု ထောက်ခံမှု ရထားတဲ့ Pita ကို လွှတ်တော်အမတ် အဖြစ်ကနေ ရပ်ဆိုင်းတဲ့ တရားရုံးရဲ့ ဆုံးဖြတ်ချက်ကို ဘယ်လိုမှ လက်မခံနိုင်ဘူးလို့ ဆန္ဒပြသူတွေက ပြောဆိုကြပါတယ်။ လူထုကို ကာကွယ်ရမယ့် တရားရုံးက လူထုဆန္ဒကို ဆန့်ကျင်ပြီး ခုလို ဆုံးဖြတ်ချက် မချသင့်ဘူလို့ ဆန္ဒပြသူတွေက ပြောပါတယ်။

သူ့ရဲ့ ပြုပြင်ပြောင်းလဲရေး အစီအစဉ်တွေထဲမှာ ထိုင်းတော်ဝင်မိသားစုအပေါ် ထိပါးစော်ကားမှုတွေကို တားမြစ်ထားတဲ့ ဥပဒေကို ပြင်ဆင်မယ်ဆိုတဲ့ အချက် ပါဝင်သလို၊ ဒီအချက်က Pita ဝန်ကြီးချုပ်ဖြစ်ရေးမှာ အကြီးမားဆုံး စိန်ခေါ်မှု ဖြစ်နေတာပါ။ စစ်တပ်က ခန့်ထားတဲ့ အထက်လွှတ်တော် အမတ်တွေက ဒီအချက်ကို အဓိကထောက်ပြပြီး Pita ကို အပြင်းအထန် ကန့်ကွက်နေကြတာ ဖြစ်ပါတယ်။

XS
SM
MD
LG