သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းဘတ်ငွေ ၁၃ နှစ်အတွင်း အနိမ့်ဆုံးကျဆင်း


ထိုင်းဘတ်ငွေ
ထိုင်းဘတ်ငွေ
ထိုင်းနိုင်ငံမှာ ၂၀၁၃ ခုနှစ်ဝက်အတွင်း ရေတိုရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေက ငွေပင်ငွေရင်းတွေ ပြည်ပကို စီးဆင်းခဲ့တဲ့အတွက် အမေရိကန် ဒေါ်လာနဲ့ လဲလှယ်ရာမှာ ထိုင်းဘတ်ငွေတန်ဖိုးဟာ ၆.၁ ရာခိုင်နှုန်းအထိ လျော့ကျသွားခဲ့ပါတယ်။ ဒါဟာ လွန်ခဲ့တဲ့ ၁၃ နှစ်အတွင်း ထိုင်းဘတ်ငွေတန်ဖိုး အနိမ့်ဆုံးကို ကျဆင်းသွားခဲ့တာဖြစ်ပါတယ်။ ဒီအကြောင်း AP သတင်းကို အခြေခံပြီး ကိုကျော်သိက္ခက တင်ပြထားပါတယ်။

ပြီးခဲ့တဲ့ ဧပြီလနှောင်းပိုင်းကစလို့ ထိုင်းဘတ်ငွေတန်ဖိုးဟာ အမေရိကန်ဒေါ်လာအောက်ကို ဆက်တိုက် ကျဆင်းလာနေတာပါ။ အမေရိကန်ပြည်ထောင်စုက ဘဏ္ဍာရေးလုပ်ငန်းတွေ အားကောင်းလာစေဖို့ အကုန်အကျခံ သုံးစွဲနေတဲ့ အစီအစဉ်တွေ လျှော့ချသွားမယ့်သတင်းတွေ ထွက်ပေါ်နေတဲ့အတွက်လည်း ဒီနှစ် ဒုတိယ ဘဏ္ဍာရေး ၃ လပတ် လောက်ကတည်းက ထိုင်းနိုင်ငံလို ဖွံ့ဖြိုးစ ဈေးကွက်တွေမှာ လုပ်ကိုင်ရာမှာ ရင်းနှီးမြှုပ်နှံသူတွေ သတိထားလာကြတာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံရဲ့ စီးပွားရေးတိုးတက်မှု ပမာဏဟာလည်း မျှော်မှန်းထားတာထက် နိမ့်ကျနေတဲ့အပြင်၊ ပထမ ဘဏ္ဍာရေး ၃ လပတ်မှာ တွေ့ခဲ့ရတဲ့ အချက်အလက်တွေအရ ရေတိုကာလအတွက် ရင်းနှီးမြှုပ်နှံမှုတွေဟာ အစုရှယ်ယာနဲ့ ငွေစုစာချုပ် ဈေးကွက်ထဲကနေ အလုံးအရင်းနဲ့ ပြန်ထွက်သွားခဲ့တာပါ။

ထိုင်းနိုင်ငံက ဈေးကွက်နဲ့ စီးပွားရေးဆိုင်ရာ အကြီးတန်း သုတေသီ နာလင် ချူချိုတီသန် (Nalin Chutchotitham) ကတော့ ထိုင်းနိုင်ငံရဲ့ အခြေအနေက ရင်းနှီးမြှုပ်နှံသူတွေအတွက် စိုးရိမ်စရာတွေ ရှိနေတဲ့အတွက် အခုလို ငွေပင်ငွေရင်းတွေ ထိုင်းဈေးကွက်က ထွက်ကုန်တာလို့ သုံးသပ်ပါတယ်။

“စီးပွားရေး အခြေအနေက မသေချာ၊ မရေရာမှုတွေ ကြီးထွားလာနေရာက ထိုင်းနိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးမှုလည်း ကျဆင်းလာတာပါ။ ပြည်ပပို့ကုန်လုပ်ငန်းမှာ ကျဆင်းမှု တချို့ ရှိခဲ့သလို ထိုင်းနိုင်ငံ ဗဟိုဘဏ်ကလည်း အတိုးနှုန်းတွေလျှော့ချလိုက်တဲ့ ကိစ္စတွေရှိခဲ့တဲ့အတွက်၊ အစုရှယ်ယာနဲ့ ငွေစုစာချုပ်တွေမှာ ရင်းနှီးမြှုပ်နှံမှုတွေကနေ သိပ်အမြတ်မထွက်နိုင်ဘူးလို့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူတွေအနေနဲ့ ယူဆစရာတွေ ဖြစ်ခဲ့ပါတယ်။ ဒါကြောင့်လဲ ရင်းနှီးမြှုပ်နှံသူတွေက ရှယ်ယာတွေ၊ ငွေစုစာချုပ်တွေကို အကြီးအကျယ် ထုတ်ရောင်းဖို့ လမ်းကို ရွေးခဲ့ကြတာပါ။”

ထိုင်းနိုင်ငံရဲ့ အစုရှယ်ယာနဲ့ ငွေကြေးဈေးကွက်မှာ နိုင်ငံခြားက ရင်းနှီးမြှုပ်နှံမှုတွေ အကြီးအကျယ် ပြန်ထွက်သွားခဲ့တဲ့ အတွက်လည်း နောက်ဆက်တွဲ အနေနဲ့ ပြည်တွင်းက ဘဏ္ဍာရေး လုပ်ငန်းတွေမှာ ရိုက်ခတ်မှုတွေ ကြုံနေရတာပါ။ အထူးသဖြင့် ရေရှည်အတွက် ငွေချေးတဲ့နေရာတွေမှာ အခက်အခဲ ဖြစ်စေတယ်လို့ စီးပွားရေး ကျွမ်းကျင်သူ နာလင် ကပြောပါတယ်။

“နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ဈေးကွက်ထဲကနေ ထွက်ခွာသွားတဲ့အတွက် ဆိုးကျိုးအနေနဲ့ကတော့ ထိုင်းအစိုးရ နဲ့ ပုဂ္ဂလိကလုပ်ငန်းတွေက ငွေထုတ်ချေးတဲ့ နေရာတွေမှာ ရုတ်တရက် ဈေးတွေတက်လာတာပဲ ဖြစ်ပါတယ်။ ဒီအတွက်လည်း ပြည်တွင်းမှာ ရင်းနှီးမြှုပ်နှံလုပ်ကိုင်နေကြတဲ့ စီမံကိန်းတွေမှာ တိုးတက်မှုတွေလည်း နှေးကွေးလာပါလိမ့်မယ်။”

ထိုင်းနိုင်ငံကနေ ရင်းနှီးမြှုပ်နှံမှုတွေ အကြီးအကျယ် ပြန်ထွက်သွားခဲ့တဲ့ အဓိကအကြောင်းရင်း တခုအနေနဲ့ကတော့ ကမ္ဘာ့စီးပွားရေး အင်အားကြီး နိုင်ငံတခုဖြစ်တဲ့ အမေရိကန်ရဲ့ မူဝါဒတွေနဲ့လည်း တိုက်ရိုက်ဆက်နွယ်နေတယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။ အထူးသဖြင့် ကုန်သွယ်ရေးနဲ့ စီးပွားရေး လုပ်ငန်းတွေမှာ အမေရိကန် ဒေါ်လာငွေကြေးနဲ့ ဆက်နွယ်လုပ်ကိုင်နေတဲ့ ထိုင်းလို နိုင်ငံမျိုးမှာ အမေရိကန်ပြည်ထောင်စုရဲ့ စီးပွားရေးအတက်အကျကို လိုက်ပြီး အပြောင်းအလဲတွေနဲ့ ရင်ဆိုင်နေရတာပါ။

အမေရိကန် ဗဟိုဘဏ်ဥက္ကဋ္ဌ ဘန်ဘာနကီ (Ben Bernanke) ကတော့ အမေရိကန်ရဲ့ စီးပွားရေးအခြေအနေ တည်ငြိမ်လာတာနဲ့အမျှ ဘဏ္ဍာရေး လုပ်ငန်းတွေ အားကောင်းလာစေဖို့ လစဉ် ဒေါ်လာသန်းပေါင်း ၈ သောင်း ၅ ထောင် တန်ဘိုးရှိတဲ့ ငွေစုစာချုပ်တွေကို ဗဟိုဘဏ်က ဝယ်ယူနေတဲ့ အစီအစဉ်ကို ဒီနှစ်နှောင်းပိုင်းက စပြီး လျှော့ချသွားဖို့ ရည်ရွယ်ထားကြောင်း ပြောဆိုထားတာ ဖြစ်ပါတယ်။ ဒီသတင်းကြောင့် နိုင်ငံတကာ ဘဏ္ဍာရေးလောကမှာ ရိုက်ခတ် ခဲ့ပြီးနောက် အစီအစဉ်အတွက် နောက်ဆုံး ဆုံးဖြတ်ချက် မချရသေးတဲ့အကြောင်း ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာပဲ အမေရိကန် ဗဟိုဘဏ် ဥက္ကဋ္ဌက ပြောခဲ့ပေမဲ့ ထိုင်းနိုင်ငံက စီးပွားရေး ကျွမ်းကျင်သူတွေကတော့ ရင်းနှီးမြှုပ်နှံမှုတွေ ထွက်ခွာရာက ငွေလဲလှယ်နှုန်း မတည်မငြိမ်ဖြစ်လာနိုင်တဲ့ အန္တရာယ်တွေ ရှိနေဆဲဖြစ်တယ်လို့ သတိပေးနေကြတာ ဖြစ်ပါတယ်။
XS
SM
MD
LG